ဓားမကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ထင်းခွဲနေသော အထွန်းသည် ချွေးဒီးဒီးပင် ကျနေသည်။
"အထွန်း တော်တော့လေ ၊ နေတွေပူတယ်"
"ပြီးတော့မှာပါ အမေရဲ့ "
"နောက်မှဆက်လုပ်ပါ အထွန်းရယ် ၊ အခု ဒီမှာ ထမင်းအရင် လာစားဦး "
ထိုအခါမှ အထွန်းက ဓားမကို ဂရုတစိုက် အောက်သို့ချကာ လက်ဆေးသည်။
"အမေ လက်ဆေးဖို့ ရေယူခဲ့ရဦးမလား "
"မယူနဲ့တော့ အမေဆေးလာခဲ့ပြီ"
အထွန်း ထမင်းစားပွဲ သို့ ရောက်သောအခါ ထမင်းပန်းကန်နှင့် ဟင်းပန်းကန်တို့က ခူးပြီးသား အဆင်သင့်။
စားပွဲပေါ်တွင် အထွန်းအကြိုက်ဆုံး ဝက်သားဟင်း အပါအဝင် ဟင်းငါးမျိုးလောက်ကို တွေ့လိုက်ရတော့ မျက်နှာလေးက ဝင်းခနဲ။
အထွန်းက ကြက်သား တစ်တုံးကို ယူပြီး အမေ့ ပန်းကန်ထဲသို့ထည့်ကာ ဦးချသည် ။
"အမေ ဟင်းတွေအများကြီး ချက်ထားတာလား"
"သုံး လေးမျိုးတည်းပါ အထွန်းရယ် ပြီးရင် မကုန်တာလည်းမဟုတ်ဘူး"
"အမေ ပင်ပန်းတယ်လေ"
အထွန်းက ဆူပုတ်ပုတ်ဖြင့် ပြောလာတော့ အမေက ရယ်သည်။
"ငါ့သား အတွက်ချက်တာပဲ ၊ အမေက ပင်ပန်းစရာလား"
သို့သော်လည်း အထွန်းကတော့ အမေ့ကို ဟင်းများများ မချက်စေချင်။
အထွန်းက စားရတာ ကြိုက်ပေမယ့် အမေ့ကိုမှ မပင်ပန်းစေချင်တာ။
ထမင်းစားပြီးသော အခါတွင်တော့ အထွန်းက ပန်းကန်းများသာမက အိုးခွက်ပါ မကျန်တိုက်ချွတ်ရင်း ဆေးသည် ။
မကြာခင်မှာပင် ထမင်းကို သုံးပန်းကန် စားထားသော အထွန်းတစ်ယောက် မျက်လုံးများပင် မှေးစင်းလာတော့သည်။
အထွန်းက ခေါင်းအုံးတစ်လုံးကို ကြမ်းပြင်ပေါ်ချပြီး လူပါ လှဲချလိုက်သည်။
ထို့နောက် စောင်အပါးတစ်ထည်ကို ခြုံသည်။
"အထွန်း ပူလိုက်အိုက်လိုက်တာ ၊ အဲ့ စောင်ကြီးခြုံမထားနဲ့လေ"
"အမေကလည်း အထွန်းမှ စောင်မခြုံဘဲမအိပ်တတ်တာ"
အမေက ခေါင်းခါရင်းမှပင် တစ်ဖက်သို့လှည့်သွားသည် ။
အထွန်းကတော့ ခဏအတွင်းမှာပင် အိပ်ပျော်သွားတော့သည်။
*******
"အိမ်ရှင်တို့ ဗျို့ အိမ်ရှင်တို့"
ခေါ်သံသဲ့သဲ့သည် နီးလာလိုက် ဝေးသွားလိုက် ဖြင့် ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေသည်။
"အိမ်ရှင်တို့"
"လာပြီ "
အမေ့ အသံကို ကြားတော့ အထွန်း မျက်လုံးကို မဖွင့်သေးဘဲ ဆက်လှဲနေလိုက်သည်။
"ကံ့ကော်ပန်းတွေ ဒီအိမ်မှာ ရှိတယ်ဆိုပြီး ညွှန်လိုက်လို့ပါ "
ကံ့ကော်ဟူသေည အသံကြားသည် နှင့် အထွန်း ချက်ချင်းပင် ထထိုင်လိုက်သည်။
လာပါပြီ ၊ နွေရာသီရောက်ရင် ကံ့ကော်ပန်း လိုချင်တဲ့ သူတွေ ရောက်လာပါပြီ။
မဖြစ်ဘူး အထွန်းရဲ့ ကံ့ကော်လေးတွေ သူ့ဆီ ပါသွားလို့မဖြစ်ဘူး ။
အထွန်းက အိပ်ချင်မူးတူး ဖြင့်ပင် အိမ်ရှေ့သို့ထွက်ကာ သားရေဖိနပ်ကို ခပ်မြန်မြန်စီးသည် ။
"အမေ"
အထွန်းကို တွေ့တော့ အမေက လှည့်ကြည့်ရင်း
"အထွန်း နိုးလာတာလား"
"ပန်းတွေမရောင်းဘူးနော်"
အထွန်းက ဆူပုတ်ပုတ်ဖြင့် ပြောလိုက်တော့ အမေက အားနာဟန်ဖြင့် တစ်ဖက်သို့ ကြည့်သည်။
"ဪ ညီလေး"
သူက အထွန်းကို သိနေတာလား ၊ လေသံက အထွန်းကို သေချာသိတဲ့ လေသံမျိုးနဲ့။
အထွန်း မျက်လုံးနှစ်ဖက်ကို လက်ဖြင့် ပွတ်ပြီး သေချာကြည့်လိုက်တော့မှ
"ဟင် ဟို အကိုကြီး"
သဇင်ခြံက အကိုကြီးက ကံ့ကော်ပန်းလာဝယ်တာလား ။
အထွန်း မရောင်းချင်လိုက်တာ။ အထွန်း ကံ့ကော်လေးတွေကို မခူးချင်လိုက်တာ ။
"ကံ့ကော်ပန်းက တစ်ခက်လောက်ဆိုရပါတယ် ၊ ဘုရားမှာ ယတြာချေဖို့ အရေးတကြီး ရှာခိုင်းလိုက်လို့ပါ"
"ရောင်းလိုက်နော် အထွန်း ၊ အမေ အဝတ်လျှော်ရင်း တန်းလန်းမလို့ သွားလိုက်ဦးမယ်"
အမေက ထွက်သွားတော့ အထွန်းတစ်ယောက် ကံ့ကော်ပင်ကို မော့ကြည့်လိုက် ၊ ထိုအကိုကြီးကို လှည့်ကြည့်လိုက်ဖြင့် ကျန်ခဲ့သည်။
အထွန်း ရောင်းရမလား ၊ မရောင်းရမလား တွေးနေစဉ်မှာပင် သဇင် နှစ်ခက်က မျက်လုံးထဲ ပေါ်လာပြန်သည်။
အမေ့အတွက် သဇင်ပန်းဝယ်ခဲ့တုန်းက ဒီအကိုကြီးက လျှော့ပေးခဲ့တာပဲလေ ။ ဒါပေမယ့် အထွန်းမရောင်းချင်လိုက်တာ။ အထွန်းက မရောင်းရင်လည်း မကောင်းပြန်ဘူး ။
ဘုရားမှာ လှူဖို့ ဆိုတော့လည်း အထွန်းပေးလိုက်ပါ့မယ်လေ ။ အထွန်း ကို ဈေးလျှော့ပေးပြီး ကူညီပေးထားဖူးတာ ဒီလောက်တော့ ကျေးဇူးသိတတ်ရမှာပေါ့ ။
တကယ်တော့လေ အထွန်း ဒီကံ့ကော်လေးတွေကို ဘယ်သူ့ကိုမှ ရောင်းချင်တာမဟုတ်ဘူး ။ ကိုမိုးကိုတောင် အထွန်း တစ်ပွင့်ပဲ ခူးပေးဖို့ တွေးထားတာ။
" အထွန်း ပေးလိုက်ပါ့မယ် ၊ တစ်ပွင့် နှစ်ပွင့် လောက်ဆို ရတယ်မလားဟင် "
"ရပါတယ် ကျေးဇူးပဲနော်"
အထွန်း ဝါးလုံးရှည်ရှည်တစ်ချောင်းကိုယူကာ ပန်းတစ်ခက်ကို ခူးလိုက်သည်။
"နာမည်က အထွန်းလား "
"ဟုတ်"
ထွန်းရင် ဆိုတဲ့ နာမည်ကိုတော့ အထွန်းမပြောတော့ပါ ဘူးလေ ၊ မတော်လို့ အထွန်းကို စ,နေ နောက်နေမှ။
"အကိုက ထက်အောင်"
"ဟုတ်ကဲ့"
အထွန်း စိတ်ထဲ မကြည်တော့ စကားလည်းသေချာမပြောချင် ။ ဘုရားတင်မယ်ဆိုလို့သာ အထွန်း ကြည်ကြည်ဖြူဖြူ ပေးလိုက်ရတာ။
အထွန်းက ကံ့ကော်ပန်းခက်ကို ပေးလိုက်တော့ ကျေးဇူးတင်စကား တစ်ဖွဖွ ဆိုကာ ပြန်သွားသည်။
ထိုအခါမှ အထွန်းလည်း အိမ်ထဲသို့ ပြန်ဝင်လာလိုက်သည်။
"အမေ အထွန်း ရေသွားခပ်လိုက်ဦးမယ်နော်"
" ညနေ နေအေးမှ ခပ်ပါလား "
"ရပါတယ် အမေရဲ့ ၊ နေလည်း သိပ်မပူတော့ပါဘူး"
အထွန်းက ရေချိုးသည့်နေရာမှ ရေပုံးအနက်ကို ယူကာ ၊ ရေငင်သည့် ရေပုံးအသေးကို လက်ဆွဲရေပုံးအနက်ထဲသို့ထည့်သည်။
ထို့နောက် ဘုန်းကြီးကျောင်းတွင်ရှိသော ရေတွင်းသို့ ထွက်လာတော့သည်။
အထွန်းက ကြိုးစကို လက်တစ်ဖက်က ကိုင်ရင်း ရေပုံးကို ရေတွင်းထဲသို့ သတိထားချသည် ။ ရေငင်ပုံးတွင် ရေပြည့်လာသော အခါ ဖြည်းဖြည်းချင်း အပေါ်သို့ ငင်ယူသည်။
ရေပုံးကြိုးစနှင့် ကြိမ်ဖန်များစွာ ရင်းနှီးနေသော အထွန်း၏ လက်ဖဝါးတို့သည် နူးညံ့မနေဘဲ ကြမ်းတမ်းနသည် ။
အထွန်းက သူ့လက်ဖဝါးကို ငုံ့ကြည့်ရင်း သက်ပြင်းချပြန်သည် ။
ဒါပေမယ့်လည်း ဒီအလုပ်တွေကို အထွန်းမလုပ်ရင် အမေ လုပ်ရတော့မှာ ။ အမေ့ကိုတော့ မပင်ပန်းစေချင်ပါဘူးလေ။
*****
အထွန်းကို ပြောတော့ နွေကျောင်းပိတ်ရက်မှာ ပြန်လာမယ်ဆို ။ နွေရောက်လာပြီလေ ၊ ကိုမိုးက ဘာလို့ပြန်မလာသေးတာလဲ ။
"အထွန်း နေမကောင်းဘူးလား"
လှကြည်၏ အမေးကို ခေါင်းသာ ခါပြလိုက်သည်။
"ကောင်းပါတယ်"
"နင့်ပုံစံက နွမ်းနေသလိုပဲ "
တကယ်တော့ အထွန်း ကိုမိုးကို လွမ်းနေတာပါ ။ ကိုမိုးကို သတိရနေတော့ အထွန်းမျက်နှာက မပြုံးနိုင်တော့တာ။
"ဂေါ်ဖီ တစ်လုံးလောက်"
အထွန်းရှေ့သို့ရောက်လာသော ခြေထောက်တစ်စုံ၊။ ပုဆိုး အပြာရောင်နှင့် အပြာရင့်ရောင် ကတ္တီပါ ဖိနပ်သည် ခြေဖမိုး ဖြူဖြူလေးများနှင့် ရှင်းရှင်းသန့်သန့်ပင် လိုက်ဖက်နေသည်။ ခြေချောင်းများက ရှည်ရှည်သွယ်သွယ် ရှိသလို ခြေသည်းလေးများလည်း ဖွေးဆွတ်နေသည်။
အထွန်း လှိုက်ခနဲ ဝမ်းသာသွားမိသည် ။
ကိုမိုးပြန်လာပြီလား ။
********
,၂၀.၁.၂၀၂၁
နောက်ကျပါတယ်ဗျ 😁😁
ဖေဖော်ဝါရီ လကုန်အထိ နောက်ကျနေလောက်ပါတယ် ဟီး 🙈🙈😁
ဒါနဲ့လေ cover လေး ပြောင်းထားတယ်ရယ် 😍😍😍