အာရုံတက်ချိန် အုန်းမောင်းခေါက်သံ ကြားသည်နှငိ့ အမေရော အထွန်းပါ အိပ်ယာမှ ထရတော့သည် ။
"အထွန်း လာတော့လေ ၊ အဲ့ ခရမ်းချဉ်သီးတွေ ခဏထားခဲ့ "
အမေ့ခေါ်သံကြားတော့ အထွန်းက ခရမ်းချဉ်သီးများကို ရေဆေးနေရာမှ ထလာသည်။
"ချမ်းလိုက်တာ အမေရယ် "
"ချမ်းလို့ မီးလှုံရအောင် ခေါ်တာလေ "
ထိုအခါမှ အထွန်းက မီးပုံဘေးတွင် ငုတ်တုတ်လေးလာ ထိုင်သည် ။
စောင်ကို တစ်ပတ်ပတ် ၊ ကိုယ်ကို တတ်နိုင်သမျှ ကျုံ့ထားရင်းက လက်ဖဝါးနှစ်ဖက်ကို အသာအယာ ဖြန့်ကာ မီးလှုံသည်။
"အထွန်း ရေနွေးတည်လိုက်မယ်နော်"
အထွန်း ရေနွေးအိုးကို ရေဖြည့်ကာ မီးဖိုဘေးတွင် ကပ်လျက်ထားလိုက်သည် ။
ရေနွေးအိုးသည် မီးအရှိန်ကြောင့် ခဏ အတွင်းမှာပင် ဆူလာတော့သည်။
အထွန်းလည်း ထိုင်နေရင်းမှ ဗိုက်ဆာလာသောအခါ ဟိုဟိုသည်သည် လိုက်ကြည့်ရင်း မီးဖိုချောင်သို့ ရောက်လာသည်။
မီးဖိုချောင်ကို တစ်ပတ်ပတ်ကြည့်ပြီးသောအခါ အာလူး သုံးလေးလုံးကို ယူလာပြီး မီးဖို ထဲသို့ ပစ်ချသည်။
"အမေ အာလူးဖုတ် စားမယ်မလား"
"မစားတော့ပါဘူး ၊ ဟိုဘက်က ဆေးလိပ်လေးပဲယူပေး"
"ဟုတ်"
အမေက တစ်ပတ်လျှိုထားသော ဆံပင်ရှည်ကို ဖြန့်ချပြီး သစ်သားခေါင်းဘီး ဖြင့် ပတ်ကာ ထုံးသည်။ ထို့နောက် အထွန်းကမ်းပေးသော ရှမ်းဒေါင်း တံဆိပ် ဆေးလိပ်ကို လက်နှစ်ချောင်းကြား ဟန်ပါပါ ညှပ်ကိုင်ကာ တစ်ဖွာချင်း ဖွာတော့သည်။
အထွန်းကတော့ မီးလှုံနေရင်းမှ အာငွေ့တို့ကို မှုတ်ထုတ်သည် ။ ရာသီဥတုကြောင့် တစ်ခါ မှုတ်ထုတ်တိုင်း အထွန်း ဆီမှ အငွေ့ဖြူဖြူလေးများက လွင့်ခနဲ ။
ထို အရာကိုပင် အထွန်းက သဘောတကျ ကြည့်ရင်းရယ်သည် ။
ဆေးလိပ်မသောက်တတ်လည်း အငွေ့ထုတ်လို့ရပါတယ် ။
ခဏ ကြာသော အခါ အမေက အလှူသွားရန် ပြင်တော့သည် ။ အထွန်းကတော့ အာလူးဖုတ် များကို ပုဆိုး ခါးပုံစ ထဲ ထည့်ကာ တစ်လုံးပြီး တစ်လုံးစားရင်းက အမေ့ကို ထိုင်ကြည့်သည်။
အမေက သနပ်ခါးကို ခပ်ပါးပါးလိမ်းကာ နောက်တွဲ ဆံထုံးကို ထုံးထားသည် ။ အထွန်းဝယ်ပေးသော သဇင်ပန်း နှစ်ခက်ကိုလည်း သတိတရပင် ပန်သည်။ ပန်းကြိုက်တတ်သော အမေက သဇင်ပန်းကို ပန်ရင်း သွားများပေါ်အောင်ပင် ပြုံးပြန်သည် ။
ထို့နောက် အဝါရောင် လည်စေ့ ရင်ဖုံး လက်ရှည် နှင့် ပါတိတ်အညိုရောင် ကို ဝတ်သည်။ အနွေးထည် ထူထူ တစ်ထပ်ကို ဝတ်ပြီးသောအခါတွင်တော့ ကတ္တီပါ ဖိနပ် ကို စီးသည်။
အသက် ငါးဆယ်ကျော် ၊ ခြောက်ဆယ်နီးနေသော အမေသည် ဇရာကြောင့် ပါးရေပင် အနည်းငယ် တွန့်နေကာ ဆံပင်တို့ကလည်း ဖြူစပြုလာပြီ။
အထွန်းက နောက်ဆုံး အာလူးကို ပါးစပ်ထဲ ထည့်ပြီးမှ ခေါင်း ညိတ်ရင်း တွေးသည် ။
အမေတောင် အသက်ကြီးလာပြီပဲ ။
"အမေ နောက်ကျမယ်နော် ၊ ညနေလောက်မှ ပြန်ရောက်မယ် "
"ဟုတ် အထွန်း နေ့လည် ဖရဲသီးသွားရောင်းရင် သော့ကို အုတ်ခုံအောက်မှာ ထားခဲ့မယ်နော်"
"အေးအေး ဂရုစိုက်သွား ကြားလား "
"ဟုတ်"
အမေ ထွက်သွားတော့ မှ အထွန်း ဈေးသွားရန် ပြင်တော့သည် ။
*****
ဈေးရောက်လာသော အထွန်းသည် ဆိုင်ကို အေးအေးဆေးဆေးပင် ခင်းသည်။
ခရမ်းချဉ်သီး နီနီရဲရဲ လုံးလုံးဝိုင်းဝိုင်းလေးများကို တယုတယ ကိုင်ကာ ဗန်းထဲတွင်ထည့်သည် ။ ဂေါ်ဖီကို လေးစိတ် စိတ်ကာ ညီညီညာညာ စီသည်။ မုန်လာဥ အဖြူ နှင့် အနီကို သပ်သပ်ရပ်ရပ် ထားသည်။
ထို့နောက် ချဉ်ပေါင် ၊ ငရုတ်သီး ၊ နံနံပင် ၊ ဘူးညွန့် ၊ ဘူးသီး စသည်ဖြင့် တစ်မျိုးပြီး တစ်မျိုးကို သပ်သပ်ရပ်ရပ် ခင်းပြီးသော အခါတွင်တော့ အထွန်း လက်ဖဝါး နှစ်ဖက်ကို ပုတ်ကာ ခါလိုက်သည်။
"ဘူးညွန့် နှစ်စည်း ဘယ်လောက်လဲ "
"သုံးရာပါ"
" ဒီမှာ ပိုက်ဆံနော် ၊ အိတ်မယူတော့ဘူး "
ဆိုင်ခင်းပြီးသည်နှင့် ဈေးဦးပေါက်သွားသောကြောင့် အထွန်း ဝမ်းသာအားရပင် ပိုက်ဆံ သုံးရာကို ကိုင်သည်။ ထို့နောက် ဈေးဗန်း နှစ်ဗန်းကို ကို တဖျတ်ဖျတ် ရိုက်ရင်း တတွတ်တွတ် ပြောသည်။
"ဈေးဦးပေါက်ပိုက်ဆံ သူတော်ကောင်း ပိုက်ဆံ"
"ဈေးဦးပေါက်ပိုက်ဆံ သူတော်ကောင်း ပိုက်ဆံ "
သုံးလေးခေါက်လောက် ပြောပြီးသော အခါတွင်တော့ မျှစ်ချဥ် ထည့်ထားသော ပုံး ကိုလှမ်းယူသည်။
ထို့နောက် ဆူးချွန် ခပ်ကြီးကြီးကို ကိုင်ကာ မျှစ်ချဉ်ကို သစ်သားပြားပေါ်တွင် တင်သည်။
ထို့နောက်တွင်တော့ မျှစ်ချဉ်ကို တစ်မျှင်ချင်းပင် လှလှပပ ခြစ်တော့သည် ။
အထွန်းက မလှတော့ အထွန်းရဲ့ ဟင်းတွေက လှနေမှ ဖြစ်မှာ ။ ဒါမှ ဝယ်တဲ့ သူတွေ စိတ်ချမ်းသာမှာ ။
အမေက ပြောတယ် ။
ဈေးသည် ဆိုတာ ဝယ်သူကို စေတနာထားရတယ် တဲ့ ။
အထွန်းကတော့ အမြဲတမ်း စေတနာ ထားပါတယ် ။
ဝယ်တဲ့သူရှိမှ အထွန်းတို့က ရောင်းရတာမဟုတ်လား။
*****
"ဟဲ့ အထွန်း "
"ဖြည်းဖြည်းအော်ပါ လှကြည်ရယ်"
"နင်က ကြားမှ မကြားတာ "
လှကြည်က မျက်စောင်းထိုး ပြောရင်းက အိတ်တစ်အိတ်ကို ကမ်းပေးသည်။
"ဘာလဲ အဲဒါ"
"ရေခူတွေ ၊ မနက်က ကိုအောင်သန်း လာပေးသွားတာ "
"နင့်ဖို့ရော"
"ငါ့မှာ အများကြီးရှိပါသေးတယ်ဟယ် ၊ ဒါက နင့်အတွက် သပ်သပ် ပေးတာ "
"အေးအေး ကျေးဇူးပဲ"
အထွန်း ရေခူထည့်ထားသော အိတ်ကို ခြင်းတောင်းထဲ အသာ ထည့်ထားလိုက်သည်။
ညနေ အမေပြန်လာရင် သုပ်စားရမယ်။
လှကြည်ကတော့ ရေခူအိတ်ကို တသသ ကြည့်ရင်း ပြုံးနေသည် ။
အရပ်ရှည်ရှည် မျက်နှာ ဝိုင်းဝိုင်း နှင့် ဆံပင်ရှည်ရှည်လေးများကို အမြဲလိုလို ကျစ်ဆံမီး ကျစ်ထားတတ်သော လှကြည်သည် နာမည်နှင့် လိုက်အောင် လှပါသည်။
လှကြည်၏ ဆံပင် များကို အထွန်း သဘောကျမိသည်။
နက်မှောင်က ထူထဲနေသော ဆံပင်များကို အထွန်း အမှန်ပင် သဘောကျပါသည် ။
ထို့ထက် ဆံပင် ရှည်ရှည်ကိုလည်း အထွန်း သဘောကျသည် ။
သို့သော် အထွန်းတွင် ဆံပင် အရှည်မရှိ ၊ ထားခွင့်လည်း မရှိ ။
တစ်ခါလောက်တော့ အထွန်း ဆံပင်အရှည်ထားကြည့်ချင်သည် ။ ခါးလောက်ထိရှည်သော ဆံပင်ကို တစ်ပတ်လျှို ဆံထုံးထုံးကာ ပန်းပန်ကြည့်ချင်သည်။
အထွန်း တွေးရင်းမှပင် သက်ပြင်းချမိသည်။
စိတ်ကူးပါပဲ ၊ စိတ်ကူးသက်သက်ပါပဲ ။
အထွန်းမှာ အဲလို နေခွင့်မှ မရှိတာ ၊ အထွန်းစိတ်ထဲ ရှိတဲ့ အတိုင်းနေရင် အထွန်းကို ဝိုင်းပြောကြမှာပေါ့ ။
ပြီးတော့ အမေ့ကိုလည်း ပြောကြတော့မှာ ။
အထွန်း မျှစ်ချဉ်ကိုသာ သဲသဲ မဲမဲ ထိုင်ခြစ်နေလိုက်သည်။
မတွေးတော့ဘူး ၊ အထွန်း ဆက်တွေးနေရင် ဝမ်းနည်းမိတော့မှာ ။ တကယ်ဆို ပတ်ဝန်းကျင်ဆိုတာ .. ဟင့်အင်း အထွန်း မတွေးချင်တော့ပါဘူး ။
ခေါင်းကို ယမ်းခါလိုက်တော့ မျက်ရည် တစ်စက်က
မျှဉ်ချဉ် ဗန်းပေါ်သို့ ကျလာသည် ။
အထွန်းလေ ဒီလောက ကြီးမှာ နေရတာ တစ်ခါတလေ အရမ်း စိတ်ညစ်တာပဲ ။
*****
AN /
စာလုံးပေါင်းလေးတွေ မှားနေတာ ရှိရင် ထောက်ပြပေးကြပါဦးနော် 😁
တစ်ခါတလေ ဆိုလည်း အသွေးက မျက်လုံးမမြင်ရတော့ စာတွေက ခဏခဏ မှားတတ်တယ် 😁
ဒီနေ့ အစားအသောက် အကြောင်းမပါဘဲ အပ်ပုဒိတါ လိုက်ပါတယ် ဟီး ထူးဆန်းတယ်မလား 😍😍😍😁😁😁