အမေနှင့် ကြီးမြက စကားပြောနေသောကြောင့်
အထွန်း ဟင်းချက်ရန်သာ ပြင်ဆင်တော့သည် ။
တစ်ခါတလေတွင်တော့ အထွန်းက ထမင်း၊ ဟင်း ကူချက်တတ်သည်။ အမေ မအားသည့်နေ့မျိုး ၊ အမေ နေမကောင်းသည့် နေ့မျိုး၊ အမေ ပင်ပန်းနေသည့်နေမျိုး တွင် အထွန်းက ချက်ရေး ပြုတ်ရေးကို အပြည့်အဝပင်တာဝန်ယူသည်။
ဒီနေ့လည်း အမေက ကြီးမြနဲ့ စကားပြောနေတော့ အထွန်းပဲ ချက်လိုက်ပါမယ်လေ..။
အထွန်းက မီးဖိုဘေးတွင် ထိုင်လိုက်ပြီးနောက် ချက်စရာ ပြုတ်စရာ များကို တစ်ခုချင်းချသည်။
ဒါက ငါးခြောက် ၊ ဒါက ပြောင်းဖူး ။
ငါးခြောက်ကို သစ်သားစဉ့်တီတုံးပေါ်တွင် တင်ကာအတုံးသေးသေးများတုံးသည် ။ ခရမ်းချဉ်သီးကို ပါးပါးလှီးသည် ။
အိုးပူလာသော အခါတွင်တော့ ခရမ်းချဉ်သီးကို ထည့်ကာ မွှေသည်။ ထို့နောက် ဆီအနည်းငယ် ထည့်သည် ။ ငါးခြောက် တုံးလေးများကို ထည့်သည် ။
ခဏ အကြာ ဆီပြန်လာသော အခါ နံနံပင် သုံးပင်လောက်ကို ထည့်ပြီး အဖုံး အုပ်ထားလိုက်သည် ။
အင်း တစ်မျိုးတော့ပြီးပြီ။
ခရမ်းချဉ်သီးအိုး ကို မီးဖိုပေါ်မှ ချပြီးသော အခါ ပြောင်းဖူးနှစ်ဖူးကို လှမ်းယူသည်။
သကြားပြောင်းစေ့ ဝါဝါလေးများကို ဓားဖြင့် ခြစ်ချပြီး ပန်းကန်ထဲသို့ ထည့်သည် ။ ထို့နောက်တွင် ငရုပ်ဆုံထဲ ထည့်ကာ ကြေကြေညက်ညက် ထောင်းသည်။
ပြောင်းဖူးစေ့ များ ညက်သွားသော အခါ ဒယ်အိုးကို မီးဖိုပေါ်တင်ထားရင်းက ဆီပူလာအောင် စောင့်သည်။
ဆီပူလာသော အခါ အကွင်းလိုက် လှီးထားသော ကြက်သွန်နီကို ထည့်သည် ။
ကြက်သွန်နီ ဝိုင်းဝိုင်းလေးများ ရွှေရောင်သန်းလာသော အခါ ထောင်းထားသော ပြောင်းဖူးကို အိုးထဲသို့ ထည့်သည် ။
အိုးမကပ်အောင် မွှေထားရင်းက ပြောင်းဖူး မွှေးလာပြီး အရောင် ရင့်လာသော အခါ တွင်တော့ အထွန်း ကျေကျေနပ်နပ်ပင် ပြုံးလိုက်သည် ။
ရပြီ ၊ စားဖို့ အဆင်သင့် ဖြစ်ပြီ။
အထွန်း ဟင်း ချက်ပြီးသည်အထိ ကြီးမြက မပြန်သေး ။
ကြီးမြကို နှုတ်လည်းဆက်ချင်တယ် ၊ နှုတ်လည်း မဆက်ချင်ဘူး ။
ကြီးမြက အထွန်းကိုမှ သဘောမကျတာ ။
ဒီတော့လည်း ကြီးမြ ပြန်တဲ့ အထိ စောင့်ရုံပေါ့ ။
အထွန်းတစ်ယောက် မှန်ရှေ့တွင် ကျုံ့ကျုံ့လေးထိုင်ရင်း သနပ်ခါးကို အားရပါးရသွေးသည် ။
သနပ်ခါးလိမ်းရင် အသားဖြူတယ်တဲ့ ၊ အထွန်းလည်း သနပ်ခါး လိမ်းရမယ် ။
အထွန်းက ပါးကွက်ခပ်ကြီးကြီး ကွက်ပြီးသောအခါ ညီအောင် ညှိသည် ။ ထို့နောက် ခြေရော လက်ရော ကိုပါ ဖွေးနေအောင်လိမ်းပြန်သည်။
သနပ်ခါးလိမ်းပြီးသော အခါတွင်တော့ အထွန်း အပြင်ဘက်သို့ နားစွင့်လိုက်သည်။
"ဒါဆို မနက်ဖြန်စောစော လာခဲ့လေ "
ကြီးမြ ပြန်တော့မလားမသိဘူး ။
"ဒါနဲ့ နင့်သားရော ၊ ခုနက တွေ့လိုက်ပါတယ် "
သွားပြီ ၊ ဘယ်တတ်နိုင်မလဲ ၊ အထွန်းကို မေးနေတော့လည်း နှုတ်ဆက်ရတော့မှာပေါ့။
"အထွန်းရေ "
"လာပြီ"
အမေ့ ခေါ်သံကြောင့် အထွန်း ချက်ချင်းပင် အသံပြုရင်း ထွက်လာလိုက်သည် ။
" ကြီးမြ နေကောင်းလား"
သနပ်ခါးကို ခြေရော လက်ရော လိမ်းကာ ပါးကွက် နှစ်ဖက် ကွက်ထားသော အထွန်းကို ကြီးမြက ခြေဆုံးခေါင်းဆုံး ကြည့်သည်။
"ရင်မေ နင့်သားက ဒီလိုပဲနေတော့မှာလား"
အထွန်းသိသားပဲ ၊ တွေ့တာနဲ့ ဒီလိုပြောတော့မယ်ဆိုတာ အထွန်းသိတယ် ၊ ဒါကြောင့် အထဲမှာ ထိုင်နေတာ ။
"အစ်မရယ် သူ နေတတ်သလိုနေပါစေ"
"ငါက အားမရလို့ပြောနေတာ ၊ နင့်သား ပုံစံကိုလည်း ကြည့်ဦး ဘယ်နေရာ အားကိုးရမှာလဲ ၊ ငါတို့ရပ်ကွက်က ဖိုးအေး နဲ့များ တခြားစီ "
အဲဒါတွေကို အထွန်းစိတ်ညစ်တာ ၊ အထွန်းကိုဆိုရင် ကြည့်ပြီး ပြောမယ်ဆိုတာ ချည်းပဲ။ ဖိုးအေး က အလုပ်ကြမ်းသာ လုပ်နိုင်တာပါ ၊ အရက်လည်းသောက်သေး ၊ ကြက်လည်း တိုက်သေး ။ ပြီးတော့ မူးလာရင် သူ့အမေကိုတောင် ရိုက်လား နှက်လားနဲ့ ။
အထွန်းတော့ ဖိုးအေး ကို နည်းနည်းမှ အားမကျပါဘူး ၊ သဘောလည်းမကျဘူး ။
အထွန်းသဘောကျတာ တစ်ယောက်တည်း ၊ ကိုမိုးတစ်ယောက်တည်း ။
ကိုမိုးအကြောင်း တွေးမိတော့ အထွန်း၏ မျက်နှာက အလိုလိုပင် ပြုံးမိလျက်သား ဖြစ်သွားသည်။
"တွေ့လား ဒီကောင်လေး ၊ ပြောနေ ဆိုနေရင်းနဲ့ကို "
ကြီးမြ က အသံမာမာဖြင့် ပြောလာတော့ အထွန်း မျက်နှာကို မသိမသာ ဆူပုတ်ပစ်လိုက်သည် ။
အထွန်းက ကြီးမြ စကားကို ပြုံးပြတာမှ မဟုတ်တာ။
"အစ်မ ဒါဆို ငါ မနက်ဖြန်စောစော လာခဲ့မယ်နော် ၊ အခု အဝတ်လျှော်စရာလေးရှိသေးလို့ "
"အေးအေး ဒါဆို ငါ ပြန်ပြီ "
တစ်ဖက်လှည့်ဖြင့် နှင်လိုက်မှန်း အထွန်း သိပါသည်။
အထွန်းကို အမျိုးတွေ လာလာပြောကြတိုင်း အမေက ဒီလိုမျိုး နှင်ပစ်လိုက်တာပဲ ။
ကြီးမြ ပြန်သွားတော့ အထွန်း အမေ့ နား ကပ်ထိုင်လိုက်သည်။
"အမေ ကြီးမြက ဘာလို့ အထွန်းကိုပဲ ပြောနေတာလဲဟင်"
အထွန်း အမေးကို အမေက ပြုံးရင်းသာ ခေါင်းခါသည်။
"အထွန်း ကြီးမြ ကို မမုန်းရဘူးနော်"
"မမုန်းပါဘူး"
ကြီးမြကို အထွန်း မမုန်းမိပါ ။ ကြီးမြက အထွန်းတို့ အပေါ် ကျေးဇူးရှိသည့် အတွက် တစ်နည်းဆိုလျှင် ကြီးမြသည် အထွန်းတို့၏ ကျေးဇူးရှင်။
အထွန်း သက်ပြင်းသဲ့သဲ့ ခိုးချလိုက်မိသည်။
အထွန်းတို့ ဆင်းရဲခဲ့တုန်းက ကြီးမြဆီက ဆန်တစ်ဘူး ဆိုလည်း ရခဲ့တာပဲ ၊ ဆီ တစ်ဘူး ဆိုလည်း ယူခဲ့ရတာပဲ။
ပိုက်ဆံလိုတိုင်းလည်း ချေးပေးခဲ့တာပါပဲ ။။
ကျေးဇူးရှင် ကြီးမြ ကို အထွန်း မပြစ်မှားပါဘူး ။
"အမေ အထွန်း သဇင်ပန်းဝယ်လာတယ် "
အထွန်း စကားဆုံးတော့ အမေက အထွန်းကို ကြည့်လာသည်။
"အထွန်းရယ် ပိုက်ဆံတွေ နှမျောစရာ"
"အမေကလည်း အထွန်းက ပန်စေချင်လို့ပါ ၊ ပြီးတော့ သဇင်ခြံက အများကြီး လျှော့ပေးလိုက်တာ "
ပြောပြောဆိုဆို အထွန်းက ရေအိုးစင် အောက်မှ သဇင်ပန်းကို ပြေးယူသည်။
"အမေ လှတယ်မလား "
ငှက်ပျောရိုးပေါ်တွင် ထိုးစိုက်ထားသော သဇင် နှစ်တံ သည် ကြွားကြွားဝင့်ကာ လှနေသည်။
"ဈေးကြီးမှာပဲ အထွန်းရယ်"
"မကြီးပါဘူး အမေရဲ့ ၊ နှစ်တံကိုမှ တစ်ထောင်တည်း "
အမေက ဟုတ်လို့လား ဟူသော အကြည့်ဖြင့် ကြည့်လာသော အခါတွင်တော့ အထွန်းရယ်ပြမိတော့သည် ။
"အထွန်း "
"တကယ်ပါ အမေရဲ့ ၊ မနက်ဖြန် ပန်သွားနော် "
အမေက အထွန်းကို ကြည့်ရင်း ပြုံးကာ ခေါင်းညိတ်သည်။
"နောက်ပန်းတွေ အများကြီး မဝယ်လာနဲ့နော် ၊ အမေက မပန်ရလည်း ဘာမှ မဖြစ်ပါဘူး "
အထွန်း ခေါင်းသာညိတ်ပြလိုက်သည်။
နောက်ဆို ဝယ်စရာ မလိုတော့ပါဘူး ၊ နွေရောက်ရင် အထွန်းတို့ ခြံထဲက ကံ့ကော်ပင် တွေ ပွင့်ကြတော့မှာ။
နွေရာသီကို သဘောကျသော အထွန်းက ကံ့ကော်ပန်းကိုလည်း သဘောကျသည် ။ နွေဦးရာသီ ကံ့ကော်ပွင့်ချိန်တွင် အထွန်းတစ်ယောက် ကံ့ကော်ပင် ခြေရင်းတွင်ထိုင်ကာ ဟိုဟို သည်သည် တွေးတောနေတတ်သည်။
ကြွေကျလာသော ကံ့ကော်ရွက်တို့ပေါ်တွင် အထွန်းနာမည်ကို သစ်ကိုင်းခြောက်ဖြင့် ရေးသည် ။
ဝေ့ဝဲကာကျလာသော ကံ့ကော်ပွင့် ၊ ကံ့ကော်ဝတ်ဆံတို့ကို တယုတယ သိမ်းသည် ။
အထွန်း ခြံရှေ့က ကံ့ကော်ပင်ကို ကြည့်ရင်း သွားလေးများပေါ်အောင်ပင် ပြုံးလိုက်သည်။
ဒီနှစ်တောင် ကံ့ကော်တွေ ပွင့်ဖို့ နီးလာပြီပဲ ။
ကံ့ကော်တွေပွင့်ရင် ကိုမိုးလည်း ပြန်လာတော့မှာပဲ ။
*****
AN / အထွန်းတို့နေရာမှာ ကိုယ့်ထက် အကြီးနဲ့ စကားပြောရင်လည်း နင် ငါ ပဲ သုံးတတ်ကြလို့ပါ ( ရိုင်းတယ် မထင်ပါနဲ့နော် 😁 )
ဒီနေ့ စောစောလေး လာတင်သွားပါတယ်
အမှတ်စာရင်း သိရပြီဖြစ်တဲ့ သဲငယ်လေးတို့ congratulations ပါ
အသွေးလေးထက် ကြီးတဲ့ သူတွေ အတွက်ကတောလ အာဘွား 🙈🙈