အိမ်ခေါင်မိုးပေါ်သို့ နှင်းကျသံသည် တဖျောက်ဖျောက် မြည်နေသည် ။ နှင်းစက်တို့ကြောင့် ရေငွေ့တို့က အုန်းလက်အမိုးများပေါ်တွဲလွဲခိုနေသလို မြူတို့ကလည်း ဆိုင်းနေပြန်သည် ။
တစ်ချက်တစ်ချက်လေတိုက်တိုင်းလည်း အသည်းခိုက်အောင်အေးလာတော့ ချင်းစောင်အပါးတစ်ထည်ကို ခြုံရင်း ပြန်ကွေးလိုက်သည်။
မဖြစ်ဘူး ၊ အထွန်း ကွေး နေလို့ မဖြစ်ဘူး ။ ချမ်းရင်လည်း အထွန်းက ဆိုင်ထွက်ရဉီးမှာ ။
အထွန်းက ခပ်မြန်မြန်ပင်ထရင်း အိပ်ယာသိမ်းသည်။
အိပ်ယာသိမ်းပြီးသော အခါတွင်တော့ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ လေးချက်ကို ကြားလိုက်ရတော့သည်။
"လေးနာရီတေုင် ထိုးနေပြီ"
အထွန်းသည် ကပျာကယာပင် မီးဖိုပြီး ရေနွေးအိုးတည်ထားရင်းက မျက်နှာကို ခပ်မြန်မြန်ပင် သစ်ကာ အိမ်ပေါ်သို့ ပြန်ပြေးလာလိုက်သည်။
ချမ်းလိုက်တာ ၊ ဆိုင်တောင် သွားမခင်းချင်ဘူး ။
သို့သော်လည်း အထွန်းသည် ဆယ်မိနစ်ပင် ပြည့်အောင်မညည်းနိုင် ။ ဈေးမရောင်းရင် ဘယ်က ပိုက်ဆံရတော့မှာလဲ ။
အအေးပိုနေသော ဆောင်းမနက်တွင် အထွန်းတစ်ယောက် အလုပ်များတော့သည် ။ ရှပ်အင်္ကျီလက်ရှည် သုံးထည်ကို တစ်ထပ်ပြီးတစ်ထပ်ဝတ်သည်။
ထိုမျှဖြင့်ပင် အချမ်းမပြေနိုင်သေးသောအခါ စောင်ပါး တစ်ထည်ကို ခြုံပုဝါလို ထပ်ပတ်သည် ။
ထို့နောက် ထုံးစံအတိုင်းပင် သနပ်ခါးကို ထူထူလိမ်းကာ မှန်ကို လေး ငါး ခေါက်လောက် ကြည့်သည်။
"အမေ အထွန်းသွားပြီနော် ၊ ရေနွေး တည်ပေးခဲ့တယ်"
"အေးအေး "
အမေ့ထံမှ စကားသံကြားရပြီးသောအခါတွင်တော့ ပုဆိုးရှည်ရှည်အောက်တွင် ခြေအိတ်ရှည်ရှည်ကို ဝတ်ပြီး ခြေညှပ်ဖိနပ်ကို ဟန်ပါပါစီးပြန်သည်။
ဖိနပ်စီးပြီးသောအခါတွင်တော့ အထွန်းက ခြေထောက်ကို ငုံ့ကြည့်သည်။
ဒီနေ့တော့ အထွန်းရဲ့ ခြေသည်း ဖြူဖြူလေးတွေကို မမြင်ရတော့ဘူး။
ထို့နောက် ဆိုင်အတွက် လိုအပ်သမျှကို သိမ်းကျုံးသယ်ရင်း နှီးဗန်းကြီးနှစ်ဗန်းနှင့် စတီးဗန်းသေး တစ်ဗန်းကို ခေါင်းပေါ်ရွက်ကာ ဈေးသို့ သွားရတော့သည် ။
ဆိုက်ကားလား ဟင့်အင်း ၊ မငှားပါဘူး ။ မနက်စောစော ဝင်ငွေတောင်မရသေးခင် ထွက်ငွေနဲ့ စလို့ မဖြစ်ဘူး ။
"ဝုတ် ဝုတ် "
"ဟဲ့ ဒီခွေး "
တဝုတ်ဝုတ်ဖြင့် ဟောင်နေသော ခွေးကို စောင်းကြည့်လိုက်မှ ခွေးက ငြိမ်သွားသည်။
အထွန်းပုံစံကို မြင်တော့ မျက်စိနောက်သွားတယ် ထင်ပါရဲ့ ။
အထွန်းကလည်း အင်္ကျီအဝါတစ်ထပ် ၊ အင်္ကျီ အဖြူတစ်ထပ် ၊ အနီတစ်ထပ် ။ အပေါ်တွင် စောင်ပါး အနီရောင်ကို ခြုံထားသည်။ သနပ်ခါးကို ဖွေးနေအောင်လိမ်းကာ အုန်းဆီ ကို ရွှဲနေအောင် လိမ်းထားသော အထွန်း ၊ ပုဆိုးရှည်ရှည် ၊ ခြေအိတ်အရှည်ဝတ်ကာ ခြေညှပ်ဖိနပ် စီးထားသော အထွန်း ပုံစံသည် ခွေးကပင် မျက်စိနောက်ချင်စရာကောင်းနေသည်။
"နင် မျက်စိနောက်လည်း မတတ်နိုင်ဘူး ၊ ဆိုက်ကားခ တွေ ဈေးကြီးတယ် "
ခပ်တည်တည်ဖြင့် ဟောက်လိုက်တော့မှ ထိုခွေးက ငြိမ်ကာ ပြန်အိပ်သွားသည် ။
ပြန်အိပ်သွားသော ခွေးကို အထွန်း တစ်ချက်ငဲ့ကြညိ့လိုက်ပြီး စကား တစ်ခွန်းကို ဟန်ပါပါ ပြောချလိုက်သည် ။
"ငပျင်းကောင်"
******
"အရီးသောင်း အကြော်ရပြီလား"
"အေး ရပြီ "
"ဘူးသီးကြော် တစ်ရာဖိုးလောက်"
အရီးသောင်းက အကြော်လေးခုကို ဖက်ရွက်တစ်ထပ်ခံပြီး အိတ်ထဲထည့်ပေးတော့ လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။
"ဒါနဲ့ အရီး အမေက ဘူးသီးယူဦးမလားတဲ့ "
"အေး ယူမယ်လေ "
"ဟုတ် ဒါဆို အထွန်း မနက်ဖြန် ဈေးလာရင် ယူလာခဲ့မယ်နော် "
ဘူးသီးကြော်ကို ကိုင်ထားသော အထွန်းက မုန့်ပေါင်းဆီကိုလည်း မျက်စိရောက်သွားပြန်သည် ။ ပိုက်ဆံ တစ်ရာတန်တစ်ရွက်ကို ငုံ့ကြည့်ရင်း ခေါင်းကို အသာခါလိုက်သည်။
တော်ပါပြီ မစားတော့ပါဘူး ။
အထွန်းဆိုင်ခင်းပြီးသော အခါတွင်တော့ နေပင်ထွက်လုနီးနီး ဖြစ်နေပြီ။ ဗန်းအကြီးနှစ်ဗန်း ထဲတွင် ခရမ်းချဉ်သီး ၊ ဂေါ်ဖီ ၊ ပန်းဂေါ်ဖီ ၊ ငရုတ်သီးစိမ်း ၊ ပဲသီး ၊ ဂေါ်ရခါးသီး ၊ ဆူးပုပ် ၊ ချဉ်ပေါင် တို့အပြင် ကြက်သွန် အဖြူနှင့် ကြက်သွန်အနီကိုပါ စတီးဗန်းအသေးဖြင့် ဖြန့်ခင်းထားသည် ။
"ကဲ စိတ်ကောင်းရှိတဲ့သူတွေ အထွန်း ဆိုင်မှာ လာဝယ်လို့ရပါပြီ "
ဆိုင်ကိုကျကျနန ခင်းအပြီးတွင် ပြောလိုက်သော စကားကြောင့် ဘေးဆိုင်က လှကြည်က ခိခနဲရယ်သည်။
"ဟဲ့ အထွန်း "
"ဘာလဲ"
"စိတ်ကောင်းရှိတဲ့သူတွေ က နင့်ဆိုင်မှာ ဝယ်လို့ရပါပြီဆိုတော့ ၊ ကျန်တဲ့ ဆိုင်တွေကရော"
"မသိဘူးလေ ၊ ငါ့ဆိုင်မှာ ဝယ်တဲ့သူကတော့ စိတ်ကောင်းရှိလို့ပဲ"
"ဟယ် ဘာဖြစ်လို့တုန်း"
"ဘာဖြစ်လို့လဲ ဆိုတော့ ..ငါက .."
အထွန်းက နှုတ်ခမ်းကို စေ့ကာ ခေါင်းညိတ်ရင်းပြုံးသည် ။
"ငါက စိတ်ကောင်းရှိတယ်လေ"
အထွန်း စကားဆုံးတော့ လှကြည်က အမလေးဟဲ့ ဟူသော မျက်နှာဖြင့် နှုတ်ခမ်းကို မဲ့ပြရင်း တစ်ဖက်သို့လှည့်သွားသည်။
ထို့နောက် ကြက်ဥများကို ဖွဲပေါ်တွင် ဂရုတစိုက် တင်နေတော့သည်။
အထွန်းက ခပ်ကျုံ့ကျုံ့ထိုင်ရင်း ဝယ်ထားသော ဘူးသီးကြော်ကို စ စားသည်။
"လှကြည်"
"ဘာတုန်း"
"ဘူးသီးကြော် စားမလား"
"အေး ပေး"
အထွန်းက သူ့အိတ်ထဲမှ ဘူးသီးကြော်တစ်ခုကို ပေးလိုက်တော့ လှကြည်က လှမ်းယူပြီး တစ်ကိုက်ကိုက်သည်။
"အထွန်း နင် ပေးလို့ထင်တယ် ၊ ဘူးသီးကြော် ကောင်းသားပဲ"
"အစတည်းက ကောင်းပါတယ်ဟာ ၊ နင်ကလည်း အရီးသောင်း ကြားရင်စိတ်ဆိုးနေမယ် "
ဈေးသွားဈေးလာ သိပ်မရှိသေးသောကြောင့် သူတို့ နှစ်ယောက် ထိုင်နေရင်းက စကားပြောမိကြသည်။
"ဟဲ့ ဒီနှစ်ဆောင်းက ပိုအေးသလိုပဲ "
လှကြည်စကားကို အထွန်း အပြည့်အဝ ခေါင်းညိတ်ပါသည် ။ မနက်တိုင်း ခိုက်ခိုက်တုန်ခဲ့ရပေါင်းလည်း မနည်းတော့ ။
"အေး ဟုတ်တယ် ငါတောင် အနွေးထည်ထပ်ဝယ်မလို့"
"ဟယ် အထွန်းက ထူးထူးဆန်းဆန်း"
"အေး အဲဒါ ဆိုင်သိမ်းရင် ဈေးထိပ်က ဘေထုပ်ဆိုင်ကို သွားမလို့ နင်ရော လိုက်မလား"
"မလိုက်တော့ပါဘူးဟယ် ၊ ဒီနေ့ ဈေးသိမ်းရင် ကိုအောင်သန်း လာကြိုမယ်တဲ့"
အထွန်း မျက်စောင်းထိုးလိုက်မိသည် ။
"ရည်စားရှိတဲ့ သူတွေများ"
"မဟုတ်ပါဘူးဟယ် ၊ တစ်ခါတလေ လာကြိုတာပါ ကျန်တဲ့ရက်ဆို တွေ့ချင်လို့တောင် မတွေ့ရဘူး "
"အေးပေါ့ ရေခူဒိုင် မှာ လုပ်တာကလည်း ပင်ပန်းတာကို"
လှကြည်၏ ရည်းစား ကိုအောင်သန်း က တစ်ခါတရံ ညလုံးပေါက်ပင် အလုပ်လုပ်ရသည် ။ ပြည့်ပြည့်စုံစုံ မရှိသည့် မိဘမဲ့ တစ်ယောက်ဖြစ်သော ကိုအောင်သန်း ကို လှကြည်၏ မိဘများကတော့ သဘောမကျလှ။
"အထွန်း ငါ စိတ်ညစ်နေတယ်သိလား"
"ဘာဖြစ်လို့လဲ"
"ငါ့အမေက မေးတယ် ၊ ကိုအောင်သန်း နဲ့ တကယ်ယူမှာလားတဲ့ ၊ ငါတို့ကို သိပ်သဘောမတူချင်ကြသလိုပဲဟယ်"
"ရည်းစားဖြစ်တာပဲ တစ်နှစ်ပြည့်တော့မယ်လေ ၊ပြီးတော့ သူ့ပုံစံကလည်း ရိုးရိုးသားသားပါပဲ ၊အသောက်အစားလည်း မရှိဘူးမလား "
လှကြည်က အင်း ဟု ခပ်လေးလေးဆိုကာ သက်ပြင်းချသည်။
"ငါတော့လေ ခိုးရာသာ လိုက်သွားချင်တော့တယ်ဟယ်"
"မဟုတ်တာတွေမလုပ်ပါနဲ့ လှကြည်ရယ် ၊ အဲလို လိုက်သွားရင် နင်ရော ၊ နင့်မိဘတွေရော ရပ်ကွက်ထဲ အပြောခံရမှာပေါ့ "
"ငါလည်း တွေးမိတွေးရာပေါ့ဟယ် ၊ ကိုအောင်သန်း ကတော့ သူ ရအောင် တင်တောင်းမယ်လို့ပြောတယ် ၊ ငါ့ကိုတော့ ခိုးမပြေးနိုင်ဘူးတဲ့ "
လှကြည်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချပြန်သည် ။
"ကဲပါ အထွန်းရယ် ၊ အဲ့ ကိစ္စ နောက်ထားပါဦး နင့် ကိုမိုးရော "
ကိုမိုး ဟူသော စကားကြောင့် အထွန်း ပြုံးလိုက်မိသည်။
"ငါ့ ကိုမိုး မဟုတ်ပါဘူးဟာ ၊ သူများကြားရင် မကောင်းဘူး"
ဟုတ်တယ် ၊ ကိုမိုးက ကိုမိုးပေမယ့် အထွန်းရဲ့ ကိုမိုးမှ မဟုတ်တာ။ အထွန်းက ကိုမိုးကို ရိုးရိုးသားသားပဲ သဘောကျတာ ။
ကိုမိုးက ပညာတတ်လို့ သဘောကျတာ ၊ စိတ်ကောင်းရှိလို့ သဘောကျတာ၊ ပြီးတော့ အထွန်းအပေါ် ချစ်ချစ်ခင်ခင်ရှိပေးလို့ သဘောကျတာ ၊ ဘာပဲဖြစ်ဖြစ် ကိုမိုးကတော့ အထွန်းအတွက် သဘောကျစရာ ကောင်းနေတာပါပဲ။
ရန်ကုန်မှာလည်း အထွန်းတို့ဆီမှာလို အေးနေမလား ၊ ကိုမိုးလည်း ရန်ကုန်မှာ ချမ်းနေမလား ။ ကျောင်းပိတ်လို့ ပြန်လာရင်တော့ အထွန်း ကိုမိုးကို အနွေးထည် လက်ဆောင်ပေးဦးမှပါ။
***********
AN /
အထွန်းတို့ သွားသွားထိုင်နေကျ ဘောလုံးကွင်းကို ပုံတင်ချင်နေတာ size ကြီးနေလို့ 🤧🤧
ဘောလုံးကွင်းလေး ဟီး 😁
ဒါက ပွဲကြည့်စင်
အဲ့တုန်းက ဒီလို စင်ကြီး မဟုတ်ဘူး
သေးသေးလေး နိမ့်နိမ့်လေး
သစ်နဲ့ဆောက်ထားတာ
နင်းလိုက်ရင် ကျွီကျွီလို့ တောင် မြည်နေသေး