"အထွန်း ဒီလို ကိုင်ရတယ် "
"ဒီလိုလား"
"မဟုတ်ဘူး လက်ချောင်းနဲ့ ဒီလို ထိန်းပြီးကိုင်"
ကျော်မိုးက သင်ပေးလိုက် အထွန်းက တူကို ကိုင်လိုက် ၊ တူက အထွန်းလက်ထဲမှ ပြုတ်ကျသွားလိုက်ဖြင့် သံသရာလည်နေသည်။
"အထွန်း ခက်ရင်းနဲ့ပဲ စားတော့မယ် "
တူမကိုင်တတ်သော အထွန်းတစ်ယောက် ခက်ရင်းကိုသာ ဆွဲယူတော့သည်။
ခေါက်ဆွဲကြော် ကို အားပါးတရ စားနေသော အထွန်းပုံစံက ကလေးတစ်ယောက်လို ဖြူစင်နေသည်။
ကျော်မိုးက ပြုံးကြည့်နေရင်းမှ ဆက်တွေးသည် ။အင်းလေ အထွန်းက ဆယ့်ခြောက်နှစ် စွန်းစွန်းပဲ ရှိသေးတာ ကလေးပဲပေါ့ ။
ဘာကြောင့်ရယ်မှန်းမသိ သူ အထွန်းကို ရင်းရင်းနှီးနှီးပင် သံယောဇဉ်တွယ်မိသည် ။
အခြား ယောက်ျားလေး သူငယ်ချင်းများ ရှိပါလျက် ကျော်မိုးသည် အထွန်းကိုမှ ပိုပိုသာသာ ချစ်ခင်မိသည်။
အထွန်းက ချစ်စရာကောင်းသည် ။
မျက်နှာသေးသေးလေးတွင် မျက်လုံးဝိုင်းဝိုင်းလေး များနှင့် မျက်တောင်ရှည်ရှည်လေး များက ထင်းနေသည်။
ကျော်မိုးက ခဏ စိုက်ကြည့်မိသွားတော့ အထွန်းက မော့ကြည့်လာသည်။
"အထွန်း စားတာ များနေလို့လားဟင်"
"ဟေ"
မျက်တောင်တို့ကို ပုတ်ကာပုတ်ကာဖြင့် မေးနေသော အထွန်းကို ကျော်မိုးက အလျင်အမြန်ပင် ခေါင်းခါ ပြသည်။
"မဟုတ်ပါဘူး စား စား ၊ အကိုက ဒီအတိုင်း ကြည့်တာ "
ထိုအခါ မှ ဪ ဟု တစ်ခွန်းဆိုကာ ဆက်စားသည်။
အသက်ချင်းသိပ်မကွာလှသော်လည်း ကျော်မိုးက တော့ အထွန်းကို ကလေးတစ်ယောက်လိုပင် မြင်နေမိပါသည်။
"အထွန်း အကို ရန်ကုန်က ပြန်လာရင် ဘာဝယ်ခဲ့ရမလဲ"
"မဝယ်ပါနဲ့ ကိုမိုး ပိုက်ဆံကုန်နေမှာပေါ့"
"ရပါတယ်ကွာ ၊ လက်ဆောင်ပေးတာပဲ "
အထွန်းက ခက်ရင်းကို အသာချရင်း ခေါင်းခါသည်။
"ပိုက်ဆံဆိုတာ ရှာရခက်တယ် ကိုမို့းရဲ့ ၊ သုံးလိုက်ရင်သာ ဘယ်လောက်မှ မသုံးရတာ ရှာရတာ အရမ်းခက်တယ် "
အထွန်းက လေသံအေးအေး ဖြင့် ရှင်းပြသလို ပြောနေတော့ ကျော်မိုးတစ်ယောက် ရယ်ချင်လာရသည် ။ တစ်ဆက်တည်းပင် တွေးမိပြန်သည်။
အင်းလေ အထွန်းက လောက အတွေ့အကြုံမှာ ဆိုရင် သူ့ထက်သာတာပဲ ။ သူက သာ ဒီအရွယ်အထိ ပိုက်ဆံ မရှာဖူးသေးတာ ။
"အထွန်း ပြန်တော့မယ်နော် ၊ အမေ စောင့်နေလိမ့်မယ်"
"အင်း ဂရုစိုက်ပြန်နော် "
"ဟုတ်"
အထွန်းက ဘယ်ခြေလှမ်းနှင့် ညာခြေလှမ်းကို တစ်ထပ်တည်း ကျအောင် လှမ်းရင်း ခါးကို နွဲ့ကာ နွဲ့ကာ လမ်းလျှောက်သည် ။
ကျော်မိုးကတော့ အထွန်း၏ နောက်ကျောကို ငေးကြည့်ရင်းက ပြုံးပြန်သည် ။
ဒီကောင်လေးကတော့ တကယ်ပဲ ။
****
ကျော်မိုးတစ်ယောက် အိမ်ပြန်ရောက်တော့ ည ၈ နာရီပင် ထိုးနေပြီ ။
"ဒီအချိန်အထိ ကလေကဝ ဘယ်တွေ လျှောက်သွားနေတာလဲ "
"ဟိုနား ဒီနား မုန့်ထွက်စားတာ "
"မုန့်စားတာကလည်း ဒီလောက် ကြာရလား ၊ ငါ့ကို ဟိုဘက်အိမ်က လှမ်းတိုင်သွားတယ် နင် ဟို အခြောက်ကောင်နဲ့ တွဲသွား တွဲလာ လုပ်နေတယ်ဆို "
"အမေရယ် သူများကို အဲလိုမပြောပါနဲ့ ၊ ပြီးတော့ ခဏလေး မုန့်လိုက်ကျွေးတာပါ "
" သူ့ကိုမုန့်လိုက်ကျွေးရအောင် နင်က သူ့အဖေလား ၊ ဘယ့်နှယ် ကိုယ့်နေရာနဲ့ ကိုယ်မနေဘူး ၊ အဲ့ကောင်လေးနဲ့ အပေါင်းအသင်း မလုပ်ပါနဲ့ ဆိုလည်းမရဘူး "
"အမေကလည်း အထွန်းနဲ့ပေါင်းတာ ဘာဖြစ်နေလို့လဲ "
"ဟဲ့ အဲ့ကောင်လေး ဘယ်လို ဆိုတာ တစ်မြို့လုံးသိတယ် ၊ နင့်ကို အဲ့ကောင်လေးနဲ့ တွဲသွားတာ မြင်တော့ လူတွေက ဘယ်လိုထင်ကြမလဲ "
"ဘယ်လိုထင်ထင်ပေါ့ အမေရာ "
"ဟဲ့ ဘယ်လိုထင်ထင် လို့ ပြီးစလွယ်မပြောနဲ့ ၊ အဲလို လူတွေ နဲ့ ရင်းရင်းနှီးနှီး ဖြစ်နေတာ ပတ်ဝန်းကျင်မှာ ပြောစရာ ဖြစ်တယ်ဟဲ့ ၊ နင်မရှက်လည်း ငါတို့ရှက်တယ် "
"တော်ပြီ အမေရာ၊ ကျွန်တော် အထုပ်အပိုးတွေ ပြင်ရဦးမယ် "
ပြောပြော ဆိုဆို ကျော်မိုးက အခန်းထဲ ဝင်ပြီး အထုပ်အပိုး ပြင်သည်။ နှုတ်မှ လာ်း တတွတ်တွတ် ရေရွတ်သည်။
လူလူ ချင်းပေါင်းတာ ဘာရှက်စရာရှိလို့လဲ ။ အဲ့ ပတ်ဝန်းကျင်ကလည်း နေရာတကာကို ပါလွန်းတယ် ။
*****
"အမေ အမေ "
"ဟဲ့ အထွန်း ဘယ်လိုဖြစ်လာတာလဲ "
"ဟီး အထွန်းပျော်နေလို့ပါ အမေရယ် "
"သူများကျွေးတာ စားရတာ အဲလောက်တောင် ပျော်နေတာလား"
အမေက မျက်စောင်းထိုးရင်း မေးလာတော့ အထွန်းမျက်နှာကို မသိမသာ ဆူပုတ်ပစ်လိုက်သည်။
အထွန်းက သူများ ကျွေးတာကို စားတာမဟုတ်ဘူး ၊ ကိုမိုး ကျွေးတာကို စားတာ ။ ပြီးတော့လေ အထွန်းက သူများတကာ ဘာကျွေးကျွေး မစားပါဘူး ။ ကိုမိုးတစ်ယောက်တည်းဆီကပဲ စားတာ ။
ရုတ်တရက် ဘောလုံးကွင်းထဲ အစ ခံရသည့် ကိစ္စကို စိတ်က ရောက်သွားပြန်သည် ။
"အမေ "
အထွန်း ခပ်တိုးတိုး ခေါ်လိုက်တော့ ကန်စွန်းရွက် ဗန်းကို ကိုင်ထားသော အမေက လှည့်မကြည့်ဘဲ ထူးလာသည်။
"ဘာတုန်း"
"အထွန်းနာမည်ကို ဘာလို့ ထွန်းရင်လို့ပေးတာလဲ"
"ဟဲ့ နင့်အဖေနာမည်က ထွန်းမောင် ၊ ငါ့နာမည်က ရင်မေ လေ အဲ့တော့ တစ်လုံးစီ ယူပြီး ထွန်းရင် လို့ ပေးလိုက်တာပေါ့ "
"ဪ.. ဒါနဲ့ အမေ .."
"ဘာလဲ "
"ဘာမှမဟုတ်တော့ပါဘူး"
အမေက သူ့ကို မျက်စောင်းထိုးရင်းကြည့်သည်။ အမေ့ကို နာမည် ပြောင်းခိုင်းဖို့ ပြောချင်သော်လည်း ပြောမထွက်မိ။
တော်ပြီ တော်ပြီ သူတို့ဘာသာ ဖယောင်းတိုင်ပဲ ထွန်းထွန်း ၊အမွှေးတိုင်ပဲ ထွန်းထွန်း ထွန်းနေကြပါစေတော့ ။
အထွန်းကတော့ စိတ်မရှည်တဲ့နေ့ ဗန်းနဲ့ လိုက်ရိုက်မှာ ။
*********
"ကိုမိုး မနက်ဖြန် ရန်ကုန်သွားတော့မယ်ဆို "
"အင်း အထွန်း လိုချင်တာရှိရင် မှာလိုက်လေ ၊ ကျောင်းပိတ်လို့ ပြန်လာရင် ဝယ်ခဲ့မယ်"
အထွန်းက ခေါင်းခါသည်။
"မရှိပါဘူး ဒါနဲ့ ညနေ ဘောလုံးကွင်းကို လာခဲ့လို့ရလားဟင်"
"ဘောလုံးကွင်းကို .."
ကိုမိုးက စဉ်းစားသလို ငြိမ်နေတော့လည်း အထွန်းစိတ်ထဲ အားနာရသလိုလို ။
"ကိုမိုး မအားလို့လား"
"မဟုတ်ပါဘူး အားပါတယ် ၊ လာခဲ့မယ်လေ"
ကိုမိုး ဈေးက ပြန်သွားတော့ အထွန်း စိတ်လိုလက်ရပင် ပြုံးလိုက်မိသည်။
အထွန်း က လိုချင်တာမရှိပေမယ့် ပေးချင်တာတော့ ရှိပါတယ် ။
********
လူကို မမြင်ရခင်မှာပင် စတီးဗန်းကို လှမ်းမြင်ရသည် ။
"အထွန်း"
ခပ်ကျယ်ကျယ်အော်ရင်း လက်ပြတော့ အထွန်းက ထိုင်ရာမှ ထလာသည်။
"ကိုမိုး ရော့ "
"ဘာတွေလဲ"
အိတ်ကိုကြည့်လိုက်တော့ စပျစ်သီးက တစ်တွဲ ၊ ပန်းသီးက နှစ်လုံး ၊ လိမ္မော်သီးက သုံးလုံး ။
"အထွန်း ဈေးကဝယ်လာတာ ၊ ကိုမိုး ခရီးသွားရင် လမ်းမှာစားဖို့ "
"အထွန်းရာ တကူးတကကြီး ဝယ်လာပေးတာလား ၊ ကဲပါ ကျေးဇူးပဲ "
"ဟုတ် ဒါနဲ့လေ "
"အင်း ပြောလေ"
အထွန်းက ခဏ ငြိမ်သွားပြီးမှ စကားပြန်ဆက်သည်။
"ကိုမိုး ဘယ်တော့ပြန်လာမှာလဲလို့"
"အင်း ကျောင်းပိတ်တာနဲ့ တန်းပြန်လာမှာ"
"အကြာကြီးပဲ"
"လေးလတည်းပါ အထွန်းရာ ၊ ပြန်လာရင် လက်ဆောင် ဝယ်ခဲ့မယ် "
ကလေးတစ်ယောက်လို သုန်မှုန်နေသော အထွန်းကို ကြည့်ရင်း ကျော်မိုးတစ်ယောက်ရယ်ချင်လာရသည် ။
"အထွန်း ဘာလို့ အဲလောက် သုန်မှုန်နေတာလဲ"
"ကိုမိုးက အကြာကြီး သွားတော့မှာလေ "
"ပြန်လာမှာလေ အထွန်းကလည်း ၊ အပြီး ထွက်သွားတာလည်း မဟုတ်ဘူး "
"အာ ကိုမိုး အဲလို နိမိတ်မရှိတာတွေ မပြောနဲ့လေ ၊ အမေပြောဖူးတယ် စကားနောက် တရားပါတတ်တယ်တဲ့ "
"အေးပါကွာ"
သူ ခပ်ဟဟရယ်မိတော့ အထွန်းက မျက်စောင်းထိုးသည် ။
"အထွန်းကတော့ သတိရနေတော့မှာ"
ခပ်အေးအေး ပြောလာတော့ သူ မသိမသာပင် ခေါင်းညိတ်လိုက်မိသည် ။
"အကို့ကို အဲ့လောက် ခင်တာလား"
"ခင်တာပေါ့ ၊ ပြီးတော့ အထွန်းက ကိုမိုးကို ဟိုးအရင်တည်းက ခင်နေတာ "
"ကဲပါ အထွန်းရယ် ၊ အကိုက ကျောင်းပိတ်ရင် ပြန်လာမှာပေါ့ "
မသိမသာ ခေါင်းငုံ့သွားတော့ သူ သက်ပြင်းခိုးချမိသည် ။
"အထွန်း "
"ဟင်"
"အကို သွားတော့မယ် "
"ဟုတ်"
"လိမ်လိမ်မာမာနေနော် "
"ဟုတ်"
ဘောလုံးကွင်းက ပွဲကြည့်စင်တွင် ထိုင်နေသော ကောင်လေးကတော့ သူပြန်သွားသည်ထိ ထိုင်ရာကမထသေး ။
အရင်တည်းက ရင်းနှီးခဲ့သော ဆက်ဆံရေးမျိုး မဟုတ်ပါဘဲ ၊ သက်တူရွယ်တူ သူငယ်ချင်းလည်း မဟုတ်ပါဘဲ ၊ အိမ်ချင်းနီးသော အသိအကျွမ်းလည်းမဟုတ်ပါဘဲ
ဒီကောင်လေးကို တဖြည်းဖြည်း သံယောဇဉ်တွယ်လာရသော အကြောင်းရင်းကို သူလည်း သေချာမသိ ။
ဘောလုံးကွင်းမှ ထွက်လာသော လမ်းတစ်လျှောက်တွင် လေ တဖြူးဖြူး တိုက်သလို ကုက္ကိုပင်မှ အကိုင်းအခက်တို့ကလည်း တယိမ်းယိမ်း လှုပ်ခတ်နေသည်။
ကျော်မိုးသည် နောက်ပြန်လှည့်၍ ကြည့်ချင်သော်လည်း နဂိုကမှ မျက်နှာ မကောင်းသော အထွန်း ကို ထပ်တွေ့ရလျှင် စိတ်မကောင်းဖြစ်ရဦးမည်ဟု တွေးကာ ရှေ့သို့ ဆက်လျှောက်သည်။
အကိုပြန်လာခဲ့မယ် အထွန်း ၊ လိမ်လိမ်မာမာနေနော် ။
*******
AN/
မျှော်နေပေးတာ တကယ် ကျေးဇူးပါ