"အထွန်း"
ဆိုင်သိမ်းနေသော အထွန်းက ကျော်မိုး ကို တွေ့တော့ တအံ့တဩကြည့်သည်။
"ကိုမိုး ဒီအချိန်မှ ဈေးလာတာလား"
"မဟုတ်ပါဘူး အထွန်းဆီလာတာ"
"ဟင်"
အထွန်းက မျက်လုံးဝိုင်းဝိုင်းလေးများ ကို အသာမှေးလိုက်ရင်း ခေါင်းကုတ်သည်။
"အထွန်းဆီကို .."
"အင်း ဟုတ်တယ် ဒီနေ့ အားလားလို့ "
"အထွန်း နေ့လည်ဈေးရောင်းရဦးမှာလေ ၊ ညနေမှ အားမှာ ဒါနဲ့ ဘာဖြစ်လို့လဲ"
"ဘာမှတော့အထွေအထူးမရှိပါဘူး တစ်ခုခု လိုက်ကျွေးချင်လို့ "
တစ်ခုခု လိုက်ကျွေးချင်လို့ဟူသော စကားအဆုံးတွင် မဆိုသလောက် လက်သွားသော မျက်လုံးလေးများကို ကျော်မိုးတစ်ယောက် သတိထားမိရပြန်သည်။
"လိုက်မယ်မလား အထွန်း"
တစ်ခုခုကို စဉ်းစားဟန်ပြုနေသော အထွန်းက ချက်ချင်း ခေါင်းမညိတ်ဘဲ ကျော်မိုးကိုသာ ကြည့်နေသည်။
"အထွန်း ဘာဖြစ်လို့လဲ"
"ဘာမှတော့ မဖြစ်ပါဘူး အားနာစရာကြီးလေ"
"အကိုက ခင်လို့ကျွေးတာလေကွာ ၊ ပြီးတော့ နောက်တစ်ပတ်ဆို ရန်ကုန်ပြန်ရတော့မှာ "
ထိုအခါမှ အထွန်းက ပုတ်သင်ညိုလို အဆက်မပြတ် ခေါင်းညိတ်လာသည်။
"အထွန်း ဖရဲသီးကုန်ရင် ဘောလုံးကွင်းမှာစောင့်နေမယ်လေ "
"ဟုတ်ပြီ ဒါဆို ညနေမှ တွေ့မယ်"
******
"အထွန်း မှန်ရှေ့က ဖယ်ဦးမှာလား"
"အမေကလည်း ခဏလေးပါ "
သနပ်ခါးကို ဖွေးနေအောင် ညီညီညာညာ လိမ်းရင်းမှန်ရှေ့တွင် ဘယ်ကြည့် ညာကြည့် ကြည့်နေသော အထွန်းကို အမေက မျက်စောင်းထိုးသည်။
မျက်စောင်းထိုးလည်း ထိုးချင်စရာပင် ၊ အထွန်းက မျက်နှာတင်မဟုတ် ၊ ခြေရော လက်ရော ကိုပါ သနပ်ခါးကို အဖွေးသားလိမ်းထားသည်။
မလိမ်းလို့မှမရတာ အထွန်းအသားအရေနဲ့ အင်္ကျီ အပြာရောင် နုနုလေးနဲ့ ဆိုရင် မီးသွေးခဲပေါ် အဝတ်ပြာပြာလေးလွင့်နေသလို ဖြစ်နေမှာ ။ အခုလို သနပ်ခါးလေး လိမ်းလိုက်တော့မှာ အင်္ကျီပြာပြာလေးနဲ့ပုဆိုးပြာပြာလေးနဲ့ ကဲ ဘယ်လောက်လိုက်လဲ ။
စိတ်ကျေနပ်အောင် ကြည့်ပြီးသော အခါတွင်တော့ အထွန်းတစ်ယောက် ကညွတ်ခွေကို ကျစ်နေအောင်လိပ်ပြီး ဖရဲသီးဗန်းကို ခေါင်းပေါ်ရွက်ပါတော့သည် ။
"အမေ ဒီနေ့ အထွန်း နောက်ကျမယ်နော်"
"ဟေ နင်က ဘယ်သွားမလို့လဲ"
"မုန့်ကျွေးမလို့တဲ့ ကိုမိုးက "
ကော့ကော့ကော့ကော့ ဖြင့် အိမ်ရှေ့ထွက်သော အထွန်းကို အမေက လှမ်းခေါ်သည်။
"ဟဲ့ ဟဲ့ နေပါဦး ကိုမိုးဆိုတာ ဟိုရပ်ကွက်ထဲက တက္ကသိုလ်ကျောင်းသားလား"
"ဟုတ်တယ်လေ အမေရဲ့ "
"ကြည့်လည်း လုပ်ပါဦး အထွန်းရယ် ၊ အဲ့ အိမ်ကလူတွေက ဘဝင်မြင့်မြင့်ရယ်".
"အဲ့အိမ်က လူကြီးတွေသာ ကြီးကျယ်ကြတာပါ ၊ ကိုမိုးက သူတို့နဲ့ တခြားစီ ၊ ဈေးလာရင်လည်း အထွန်းတို့ ဆိုင်က ဝယ်နေကျပဲကို "
"အေးပါ အေးပါ ဂရုလည်းစိုက်ဦး ကြားလား "
"ဟုတ်"
နောက်ဆုံးတော့ အထွန်း လမ်းထိပ်ရောက်ခဲ့ပြီ။
အမေစိတ်ပူလည်း ပူချင်စရာ ၊ ကိုမိုးတို့ အိမ်က လူတွေ ကြီးကျယ်တာ တစ်ရပ်ကွက်လုံး ၊ တစ်မြို့လုံးအသိ ။
"ဖရဲသီး ဘယ်လောက်လဲ"
"တစ်စိတ် သုံးရာပါ"
"နှစ်စိတ် ငါးရာ နဲ့ ရမလား"
"ရတယ် ရတယ် "
ယူသွား ယူသွား ရတယ် ၊ ဒီနေ့ အထွန်းကို ဈေးဆစ်လို့ရတယ် ။
"ဖရဲသီး ဘယ်လောက်လဲ"
"တစ်စိတ်သုံးရာပါ "
" လေးစိတ်ယူမယ်"
အထွန်း မြန်မြန်ဆန်ဆန်ပင် အိတ်ထဲထည့်ပေးလိုက်သည်။
"ရပြီ အကို"
"ဟာ ပိုက်ဆံက တစ်ထောင်ပဲ ပါလာတယ် "
ထိုအကိုက ပိုက်ဆံအိတ်ကို ပြန်ပိတ်ရင်းက အထွန်းကို အားနာသလို ကြည့်လာသည်။
"ရပါတယ် တစ်ထောင်ပဲ ပေးခဲ့ပါ "
"အားနာစရာ ငါ့ညီရာ"
"ရပါတယ် အထွန်း လျှော့ပေးလိုက်ပါ့မယ်"
ဘယ်တတ်နိုင်မလဲ အထွန်းက ဒီနေ့ ပျော်နေတာကို ၊ အမေ ဆူလည်း မတတ်နိုင်ဘူး ။
ဖရဲသီးကုန်သွားတော့ အထွန်း ဘောလုံးကွင်းဘက်သို့ လျှောက်လာလိုက်သည်။
နေကျဲကျဲတောက်ပူနေပေမယ့် အထွန်း ရင်ကတော့မပူပါဘူးလေ ။
ကိုမိုးကို တွေ့တော့ အထွန်း ခြေလှမ်းကို တုံ့ခနဲရပ်သည်။ ထို့နောက် ဗရဲသီးဗန်းကို မှောက်လိုက်ပြီး ဗန်းကို မှန်ထောင်သလို ထောင်ကြည့်သည်။ ရွှဲနေအောင် လိမ်းလာခဲ့သော အုန်းဆီတို့ကြောင့် နဖူးစပ်သို့ပင် အုန်းဆီတို့က ရောက်နေသည်။
အထွန်း ဗန်းကို ထောင်ကြည့်နေရင်းက ကျေနပ်သလို တစ်ချက်ပြုံးလိုက်သည်။
ရပြီ ဒီလောက်ဆို ရပြီ။ ဒီလောက်ဆို အထွန်း ကိုမိုးဆီသွားလို့ရပြီ။
ဒါပေမယ့် ဘာလို့ပါလိမ့် ၊ အထွန်း ရင်တွေ ခုန်လိုက်တာ။
ကိုမိုးကိုလှမ်းကြည့်တော့ ကိုမိုးက ဘောလုံးကွင်းက ပွဲကြည့်စင်ပေါ်တွင် ကျကျ နန ထိုင်နေသည်။
အထွန်း ခြေလှမ်း ကျဲကျဲလှမ်းရင်း ပွဲကြည့်စင်သို့ အပြေးလေး သွားလိုက်သည် ။ ဗိုက်ကလည်း ဆာနေပြီလေ ။
ကိုမိုး ဝယ်ကျွေးတာကို မစားနိုင်မှာစိုးလို့ အထွန်း ထမင်းတောင် မစားခဲ့ရဘူး။
"ဟော အထွန်း ရောက်လာပြီလား"
"ဟုတ် အထွန်းနောက်ကျသွားလားဟင်"
"မကျပါဘူး အထွန်းရဲ့ ၊ အကိုက အစောကြီးရောက်နေတာ "
"အထွန်းကို မုန့်ကျွေးမယ်ဆို"
"အင်း အထွန်း ဘာစားချင်လဲ "
"ဘာပဲဖြစ်ဖြစ်ရပါတယ် ၊ အထွန်း သိပ်မဆာပါဘူး"
ပြောသာပြောလိုက်ရတာ ၊ အထွန်း မျက်လုံးထဲ ပေါ်လာသည်က ခေါက်ဆွဲကြော် ၊ ကြာဇံကြော် ၊ ကြက်သား ၊ ဝက်သား ၊ မုန့်တီ ၊ မုန့်ဟင်းခါး ၊ ကြာဇံချက် ၊ ထမင်းသုပ် ။
ဘောလုံးကွင်းရှေ့တွင်ရှိသော အကြော်ဆိုင်ကလည်း အနံ့ဖြင့် ဆွဲဆောင်သည်။
ကောက်ညှင်းကျည်တောက်လေးနဲ့ ဗူးသီးကြော် ပူပူလေးနဲ့ စားလိုက်ရရင်တော့ အဟင်း ။
"အထွန်း"
"ဟင်"
"ဘာစားချင်လဲ လို့"
"ဪ ဘာပဲဖြစ်ဖြစ်ရပါတယ်ဆို "
"ဒါဆိုလည်း ဘောလုံးကွင်း နားက ဆိုင်တွေ ပတ်ကြည့်ကြတာပေါ့ ၊ အထွန်း စားချင်တာ တွေ့ရင် ဝင်စားကြမယ်လေ "
"ဟုတ်"
ဘောလုံးကွင်း တစ်ပတ်ပြည့်သည်အထိ အထွန်း တစ်ဆိုင်မှ မဝင်မိသေးသလို ကိုမိုးကလည်း အထွန်းကို သာ တရိပ်ရိပ်ကြည့်နေသည်။
"အထွန်း စားချင်တာတွေ့လား"
"မတွေ့ပါဘူး တစ်ဆိုင်ဆိုင် ဝင်လိုက်မယ်လေ ၊ အထွန်းက ဘာဖြစ်ဖြစ်စားပါတယ်"
တကယ်တော့ မတွေ့တာမဟုတ်ဘူးကိုမိုးရဲ့ ၊ အထွန်းလေ ဗူးသီးကြော်လေးလည်း စားချင်တယ် ၊ ကောက်ညှင်းကျည်တောက်လေးလည်း စားချင်တယ်။ ၊ ပြောင်းဖူး ပြုတ်တာလေးလည်းစားချင်တယ် ၊
မုန့်တီဟင်းရည် ပူပူလေး လည်း သောက်ချင်တယ် ၊ ရခိုင်မုန့်တီသုပ်လေးလည်း စားချင်တယ် ။
ပြီးတော့လေ ဟိုဘက်က ရေခဲသုပ်လေးလည်း စားချင်တယ် ၊ မုန့်လက်ဆောင်း ချိုချိုအေးအေး မွှေးမွှေးလေးလည်း သောက်ချင်သေးတယ် ။
တံတွေးကို အသာမျိုချရင်းက ကိုမိုးကို ကြည့်လိုက်တော့ ကိုမိုးက ပြုံးသာ ပြုံးနေသည်။
"အထွန်း ဗိုက်မဆာရင် မုန့်လက်ဆောင်းလေးပဲ အရင်သောက်ကြမလား"
"ဟုတ်"
အထွန်းက နှစ်ခါ ပြောစရာ မလိုအောင်ပင် ခေါင်းညိတ်သည်။
အထွန်းတို့ ဆိုင်လေးက ခုံပုလေးတွင် ထိုင်တော့ ဘေးဝိုင်းက ကွက်ကြည့် ကွက်ကြည့် ။ ဂရုမစိုက်ပါဘူး ကိုယ့်မုန့်လက်ဆောင်း ကိုယ်လာသောက်တာပဲ ။ သူတို့ ပန်းကန်ထဲက မုန့်လက်ဆောင်း ယူသောက်တာလာ်းမဟုတ်။
"အထွန်း ထန်းညက်ရည်လား အုန်းနို့လား"
"အုန်းနို့နဲ့ပဲ.."
အထွန်း စကားဆုံးတော့ ဆိုင်ရှင် အန်တီကြီးက မတ်ခွက်ထဲသို့ အုန်းနို့ ဖြူဖြူလေးများကို လောင်းထည့်ရင်း ရေခဲနှစ်တုံးကို ထည့်သည်။
"အန်တီ ရေခဲများများလေး"
"ရပါမယ် တော် "
ရေခဲတုံးဖြူဖြူလေးများကို ကြည့်ရင်းက အထွန်းသွားများပေါ်သည်ထိ ပြုံးလိုက်မိသည် ။
ကိုမိုး ဝယ်တိုက်လို့လားမသိဘူး ၊ ဒီနေ့ မုန့်လက်ဆောင်းက ချိုအေးပြီး မွှေးနေတာပဲ။
အထွန်း ဝမ်းသာအားရပင် ရေခဲတုံးပါ မကျန်အောင် မော့သောက်ပစ်လိုက်သည်။
ရင်ကိုအေးသွားတာပဲ ၊ ဘေးမှာ ကိုမိုးရှိနေတော့ နှစ်ဆတောင် ပိုအေး ။
"အထွန်း တစ်ခွက်တည်းလား"
"ဟုတ်"
"ထပ်သောက်လေ "
"အာ ရပါတယ် ၊ တော်ပါပြီ "
"ဒါဆိုလည်း အခြားစားချင်တာ ဘာရှိလဲ သွားကြည့်ကြတာပေါ့"
"ဟုတ်"
ဒါပဲလေ ၊ အထွန်းလည်း ဒါကိုပဲ စောင့်နေတာ ။ အထွန်း မုန့်လက်ဆောင်း နှစ်ခွက်သောက်လိုက်ရင် ကျန်တာ စားရတော့မှာ မဟုတ်ဘူး။
ဆိုင်က ထွက်လာတော့ နေက ကျလုလု ဖြစ်နေပြီ။
"ထွန်းရင် ထွန်းရင် "
ခပ်ကျယ်ကျယ်အော်သံကြောင့် သူရော ကိုမိုးပါ လှည့်ကြည့်မိကြသည်။
"ဖယောင်းတိုင်ထွန်းရင် ကောင်းမလား ၊ အမွှေးတိုင် ထွန်းရင် ကောင်းမလား"
ဒါသူ့ကို စနေတာပဲ ။ ဗန်းနဲ့ ကောက်ပေါက်ခဲ့ ချင်ပေမယ့် ဘေးမှာက ကိုမိုးရှိနေတော့လည်း ။
"အထွန်း သူတို့နဲ့ သိလား "
"သိတော့ သိတယ် မခင်ဘူး"
"ဘယ်လို"
"ဟုတ်တယ် သူတို့က အထွန်းတို့ အိမ်နားမှာနေတာ ၊ မခင်ဘူး ဆိုတာက အထွန်းနဲ့ မပေါင်းကြတာ "
"ဪ.."
"အဲလိုပဲ ၊ အထွန်းမှာ သူငယ်ချင်းမရှိဘူး ၊ အထွန်းတို့က ဆင်းရဲလို့ မပေါင်းချင်ကြတဲ့သူလည်းရှိသလိုဒီ အတိုင်း မပေါင်းချင်ကြတဲ့ သူတွေလည်း အများကြီးပဲ"
တကယ်တော့ ဒီအတိုင်း မပေါင်းချင်ကြတာ မဟုတ်ပါဘူး။ အထွန်း ကို ခြောက်နေလို့ ၊ နွဲ့ နေလို့ ဆိုပြီး သူတို့ အမေ အဖေ တွေက မပေါင်းခိုင်းကြတာ ။
ဒီစကားတွေကို အထွန်းပြောပြ ချင်ပေမယ့် ကိုမိုးကြားရင် စိတ်ညစ်သွားလိမ့်မယ်။
"အကို ရှိတယ်လေ ၊ အထွန်း နဲ့ အကို သူငယ်ချင်းတွေလို ပေါင်းမယ်လေ "
"ကိုမိုးက အထွန်းထက် အသက်ကြီးတယ်လေ ၊ သူငယ်ချင်းက အသက်တူမှ လုပ်လို့ရတာမလား"
ကိုမိုးက ပြုံးသည် ။
"ဒါဆိုလည်း ညီအစ်ကိုလို နေကြတာပေါ့ ၊ ဒီနေ့က စပြီး အထွန်းက အကို့ညီလေးပဲ"
ဘယ်လိုလုပ်ရမလဲ ၊ အထွန်း ပျော်လွန်းလို့ ဘယ်လိုလုပ်ရမလဲ ။ ကိုမိုးနဲ့ နည်းနည်းလေး ရင်းနှီးတာကိုတောင် ပျော်နေရတာ ၊ ညီအစ်ကိုလိုသာ ရင်းနှီးလာရင် အထွန်း ပျော်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။
*******
၉.၉.၂၀၂၁
အသွေး ဒီနေ့ လက်က အရှိန်မထိန်းနိုင်ဖြစ်နေတာ ဟီး
စောစော တင်ပေးလိုက်တယ်နော် ချစ်တယ်မဟုတ်လား 😁😁
တကယ်ကျေးဇူးပါ
ချစ်တယ် အထွန်းဆီက ဖရဲသီး တောင်းကျွေးမယ် ဟီး