အထွန်း ဘောလုံးကွင်းထဲသာ သွားထိုင်နေလိုက်သည်။
ဖရဲသီး ကုန်ပေမယ့် အိမ်မှ မပြန်ချင်သေးဘဲ။
ကုက္ကိုလ်ပင် အောက်တွင် စိတ်ပျက်လက်ပျက်ထိုင်ချရင်းက ဗရဲသီးဗန်းကိုပါ ဘေးသို့တွန်း ပို့လိုက်သည်။
ဒီနေ့ အထွန်း စိတ်မကြည်လိုက်တာ။
လယ်ကွင်းနှင့်နီးသောကြောင့် လေက တဖြူးဖြူးတိုက်နေသည်။ ဝေ့ခနဲ ဝေ့ခနဲ တိုက်လာသော လေတွင် သစ်ရွက်ခြောက်တို့က လွင့်ကာလွင့်ကာဖြင့် လှုပ်ရှားနေသည် ကိုလည်း အထွန်း အမြင်မကြည် ။
မကြည်ဘူး ၊ အထွန်းက စိတ်မကြည်ဘူးဆိုရင် ဘာကိုမှ အမြင်မကြည်ဘူး။
သို့သော်လည်း အထွန်းသည် စိတ်မကြည်ရသော အကြောင်းရင်းကို ကိုယ်တိုင်ပင် မတွေးနိုင်။
ဘာလို့လဲ နေပူလို့လား ၊ ဟင့်အင်း နေက နေ့တိုင်း ပူနေသလို အထွန်းလည်း နေ့တိုင်းဈေးရောင်းထွက်နေတာပဲ ။
ဖရဲသီးမကုန်ရင်လည်းတစ်မျိုး ၊ အခုတော့ ဖရဲသီးလည်း တစ်စိတ်မှ မကျန်။
ကိုမိုးကြောင့်လား ၊ ဟင့်အင်း ကိုမိုးကို တွေ့ရတိုင်း အထွန်းက အမောတောင် ပြေရတာ ၊ ဒါကြောင့်လည်း တစ်နေ့ တစ်ခေါက် ကိုမိုးအိမ်ရှေ့ကို မရောက်ရောက်အောင် သွားနေတာကို ။
ဒါဆို ကိုမိုးကို အစ်မတစ်ယောက်နဲ့ တွေ့လိုက်ရလို့လား ။
တွေးလိုက်ရုံဖြင့်ပင် အထွန်းစိတ်က အလိုလို ဝမ်းနည်းလာသည်။
ဘာလို့လဲ ၊ ဘာလို့ အထွန်း ဒီလို ဝမ်းနည်းနေမိတာလဲ ၊ ဘာလို့ ဒီလိုမျိုး သိမ်ငယ်စိတ်တွေ ဝင်လာရတာလဲ။
ပြီးတော့ ကိုမိုးပြုံးပြသွားတဲ့ အပြုံးက အသက်မပါလိုက်တာ ။
ဘာလို့များလဲ ၊ ကိုမိုးက အထွန်းကို ပြုံးတောင်မပြချင်တော့ဘူးလား ။
ကိုမိုးက မပြုံးပြချင်တာမဟုတ်လောက်ပါဘူး ၊ အခြားသူရှေ့မှာ ကြောင့်နေမှာပါ ။
ပြီးတော့ ကိုမိုးဘေးက အစ်မက လှလှပပ သိမ်သိမ်မွေ့မွေ့လေး ။ အထွန်းကတော့ ....
တွေးရင်းကပင် အထွန်းခေါင်းကို ချာခနဲ ခါပစ်လိုက်သည်။
အမေကပြောတယ် အထွန်းက ညိုချောလေးတဲ့ ။ ဟုတ်တယ် အထွန်းက မမဲဘူး ညိုတာ ။ ပြီးတော့ အထွန်းက မျက်တောင်လေးတွေ အရမ်းလှတာတဲ့ ။ အထွန်းမှာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မျက်တောင်ရှည်ရှည်လေးတွေရှိတယ်တဲ့ ။
ဒါပေမယ့် ဘာလုပ်ရမှာလဲ ၊ အထွန်းက ရုပ်မှ မချောတာ။
"အထွန်း"
ကိုမိုးအသံနဲ့ တူလိုက်တာဟု တွေးမိပြီးမှ လှည့်ကြည့်လိုက်တော့ ကိုမိုးက လက်ယမ်းပြရင်း လမ်းလျှောက်လာသည်။
"ဒီမှာ ဘာထိုင်လုပ်နေတာလဲ"
ဘာထိုင်လုပ်လုပ်ပေါ့ ဟု ပြောလိုက်ချင်သော်လည်း တကယ်တမ်းတွင်တော့ ပြုံးသာ ပြလိုက်မိပါသည်။
"နေပူလို့ ခဏနားနေတာပါ "
နေပူလို့ ဟူသော စကားကြောင့် ကိုမိုးက ကောင်းကင်ကို မော့ကြည့်သည်။
"နေကျနေပါပြီ အထွန်းရဲ့ "
နေကျမှန်းတော့ သိတာပေါ့ ပူနေတဲ့ ရင်က အထွန်းရင်ထဲမှာလေ ။ ဘာလို့ ပူမှန်းတော့ အထွန်းလည်း မသိဘူး ကိုမိုးရဲ့။
ကိုမိုးက ရုတ်တရက် အထွန်းဘေးတွင် လာထိုင်တော့ လန့်ပင်သွားမိသည်။
အထွန်းတို့က ဒီအတိုင်းသာ ရင်းနှီးနေတာ ဘေးချင်းကပ်ဆိုလို့ ထိုင်ဖူးတာမှမဟုတ်ဘဲ။
"လေက အေးနေတာပဲကွာ"
ခြေနှစ်ချောင်းကို ဆန့်ရင်း တိုးတိုးဆိုတော့ အထွန်း ရယ်သာ ပြလိုက်သည်။
လေကပဲ အေးတာပါ ၊ အထွန်းရင်ကတော့ မအေးဘူး ။
"ကိုမိုးတို့အိမ်မှာ ပွဲရှိတယ်ဆို"
"အင်း ဟုတ်တယ် ၊ စာမေးပွဲအောင်လို့ လုပ်တာလေ "
ဟုတ်သားပဲ ကိုမိုးက တက္ကသိုလ်ကျောင်းသားပဲကို ။
" အထွန်း လာခဲ့မလား "
"ဟင့်အင်း ၊ မလာတော့ပါဘူး "
အထွန်း နဲ့ ဆိုင်တဲ့ ပွဲမှ မဟုတ်တာ ၊ ပြီးတော့ အထွန်းသွားသင့်တဲ့ နေရာလည်း မဟုတ်ဘူးလေ။
ကိုမိုးတို့က ပညာတတ်တဲ့ သူတွေ ၊ အထွန်းက ကျောင်းတောင် သေချာတက်ခဲ့ရတာမဟုတ်ဘူး ။ တွေးရင်းကပင် သိမ်ငယ်သလို ခံစားလာရသည်။ အထွန်းလည်း ကျောင်းတက်ချင်လိုက်တာ။
"အထွန်း ပြန်တော့မယ်နော် "
အထွန်းက မတ်တပ်ထရပ်တော့ ကိုမိုးကပါ ထလာသည်။
"အင်း ဂရုစိုက်ပြန်ဦးနော် "
သူခေါင်းသာ ညိတ်ပြလိုက်သည်။ ပြုံးပြနေသော ကိုမိုးသည် နေ့လည်က ကိုမိုးနှင့် ခြားနားနေသည်။
ကုက္ကိုပင်ရဲ့ အရိပ်က အခုမှ အေးလိုက်တာ ။
*********
"အမေရယ် မြင်ရလို့လား အထွန်းလုပ်ပါမယ်"
အမေ့ဆီက အင်္ကျီကို လှမ်းယူတော့ အမေကတားပသည်။
"အေးအေးဆေးဆေးနားပါ ငါ့သားရယ် ဒီလောက်က အမေလည်း လုပ်နိုင်ပါတယ်"
"အမေလုပ်နိုင်လည်း အထွန်းလုပ်ပါမယ်ဆို"
"လုပ်လုပ် တစ်အိမ်လုံးက အလုပ်တွေ နင်ပဲလုပ် ၊ တကတည်း နားဆိုလည်း မနားဘူး "
အမေက အခန်းထဲ ဝင်သွားတော့မှ အပ်နှင့်အပ်ချည်ကိုကောက်ကိုင်ရသည်။
မတတ်နိုင်ဘူး စိတ်ဆိုးလည်း လုပြီးလုပ်ရမှာပဲ။ အမေက မျက်လုံးကောင်းတော့တာမဟုတ်ဘူး။
ကြယ်သီးပြုတ်နေသော အဝတ် ၊ ပြဲနေသော အဝတ်တို့ကို ချုပ်ပြီးသွားချိန်တွင် မီးပူတိုက်ရန် ပြင်ဆင်တော့သည်။
မီးဖိုမှ မီးခဲကို သံမီးပူထဲသို့ တစ်ခဲချင်းထည့်သည်။ မီးညှပ်ဖြင့် ကိုင်ထားသော်လည်း မီးသွေးခဲ၏ အပူသည် လက်ကို လာဟပ်သည်။
"အမေရေ မီးပူတွေ တိုက်ထားလိုက်မယ်နော်"
"......"
"အမေ "
စကားပြန်မပြောသော အမေ့ကို ထပ်မခေါ်တော့ဘဲ စောင် တစ်ထည်ကိုသာ ဖြန့်ခင်းလိုက်သည်။
တစ်ထည်ပြီး တစ်ထည် မီးပူတိုက်နေရင်းက အမေ့ အခန်းဘက်သို့ ကြည့်မိတော့ မီးရောင်ပင်မရှိတော့ ။
အိပ်ပျော်သွားပြီထင်ပါရဲ့။
"အမေကလည်း အထွန်းမှာ အမေပဲရှိတာ ၊ အမေပင်ပန်းမှာစိုးလို့ အထွန်းက ကူလုပ်တာပါ ၊ ပြီးတော့ အမေက အသက်ကြီးပြီ ၊ အကြာကြီး အလုပ်လုပ်တာ မကောင်းဘူးလေ "
"အထွန်းက ဒီအလုပ်တွေ လုပ်ရတာလည်း ပင်ပန်းတယ်လို့ မထင်ပါဘူး ၊ အဓိကက အမေ မပင်ပန်းဖို့ပဲ "
အဝတ်တစ်ထည်ကို ဖြန့်တိုက်ရင်း တစ်ခွန်း ပြောရင်း ဖြင့် အထွန်း၏ မီးပူတိုက်ခန်းသည် ပြီးလုနီးပါးဖြစ်လာသလို အထွန်းလည်း အတော်ပင် ညောင်းနေပြီ။
"ဟဲ့ အထွန်း အိပ်တော့"
"အမလေး"
ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် အထွန်းခမျာ အမလေးဟုပင် အော်လိုက်မိသည်။
"အမေ မအိပ်သေးဘူးလား"
"နင်က အရှေ့မှာ တစ်ခုပြီး တစ်ခု ထိုင်ပြောနေတာလေ ၊ ငါ က ဘယ်လိုလုပ် အိပ်လို့ရမှာလဲ "
အထွန်းက စောင်ကို ပြန်ခေါက်ရင်း နှုတ်ခမ်းကို မသိမသာ ဆူသည်။
အထွန်းက အမေ အိပ်နေပြီထင်လို့ ပြောမိတာကို ။ ပြီးတော့ အကျယ်ကြီးလည်း မဟုတ်ပါဘူး ။
ခြင်ထောင်ထောင်ပြီးသော အခါတွင်တော့ ဖယောင်းတိုင် မီးကို ငြိမ်းလိုက်ရင်း မနက်ဖြန် အတွက် တွေးရပြန်သည်။
ကုန်ကားတွေ ဝင်ရင် ကုန်ကြွေးတွေ ရှင်းရတော့မှာပဲ။
*********
ည ရှစ်နာရီ ကျော်နေသော်လည်း ကျော်မိုးအိမ်တွင်တော့ စကားသံတို့က မစဲသေး ။
ည ကိုးနာရီကျော်မှ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ရင်း ပြန်သွားကြသည်။
မီးစက်ပိတ်သည့်သူက ပိတ်သည် ၊ ခုံသိမ်းသည့်သူက သိမ်းသည် ၊ စားပွဲ သိမ်းသည့်သူက သိမ်းသည် ။ ပန်းကန်ဆေးသည့် သူက ဆေးသည် ။
ကျော်မိုး ကတော့ ပင်ပန်းလွန်းသောကြောင့် အိပ်ပင် အိပ်ချင်နေပြီ။
နောက်တစ်ပတ်ဆိုလျှင် ရန်ကုန်ပြန်ရတော့မည့် အကြောင်း တွေးရင်းက ဇာတိမြို့ကို မခွဲချင်ဖြစ်လာရပြန်သည်။
ဇာတိမြို့လေးဆိုမှ ရုတ်တရက် အထွန်းကို တွေးမိသွားတော့ စိတ်ထဲမကောင်း ။ စာမေးပွဲ အောင်လို့ ပွဲလုပ်တာ ဟု ပြောခဲ့မိသည့်အချိန်တွင် မသိမသာ နွမ်းကျသွားသော မျက်နှာလေးကို မြင်ယောင်မိစောအခါတွင်တော့ ကျော်မိုးတစ်ယောက် သက်ပြင်းတချချ။
နောက်နေ့တော့ အထွန်းဆီသွားဦးမှပါ ဟု တစ်ဆက်တည်းတွေးသည် ။ ထိုသို့တွေးရင်း နှုတ်ဆက်စကားကိုလည်း ပြောရန် ဆုံးဖြတ်ပြန်သည်။
*******
AN /
နယ်မြို့လေးတွေ မီး မရသေးတဲ့ အချိန်တုန်းက နည်းနည်းပြည့်စုံတဲ့ အိမ်တွေ က မီးစက်နှိုးပြီး မီးထွန်းကြတယ် ၊ ကျန်တဲ့ အိမ်တွေက ဖယောင်းတိုင် မီးပဲ သုံးကြတာများတယ်ရယ် ။