ကျော်မိုးသည် ဖရဲသီး စိတ်ကို ပန်းကန်ထဲထည့်ရင်း ပြုံးလိုက်မိသည်။ ပန်းကန်ထဲတွင်တော့ ဖရဲသီးစိတ်ရဲရဲလေးများက မွှေးနေသည်။
ထွန်းရင် ဆိုသော ကောင်လေး နှင့် သိသည်မှာ မကြာသေးသော်လည်း သူ့အပေါ် စေတနာထားသည်ကိုတော့ ခံစားမိပါသည်။
သူ့အပေါ် ဟု တွေးမိပြီးမှ ကျော်မိုးက ခေါင်းခါသည် ။ အထွန်းက လူတိုင်း အပေါ် စေတနာထားတာပါ ၊ တစ်ယောက်တည်း အပေါ်မှ မဟုတ်တာ။
ဆယ့်ခြောက်နှစ်သာ ရှိသေးသော အထွန်းက ကျော်မိုး၏ အမြင်တွင်တော့ ဖြူစင်သည် ၊ ချစ်စရာကောင်းသည်။
သို့သော် ကျော်မိုး၏အိမ်ကတော့ အထွန်းကို သဘောမကျ ။ ယောက်ျားလေး ဖြစ်ပါရဲ့ နွဲ့လျနေသည် ဟု ဆိုကာ အမြင်မကြည်။
အထွန်းက ကျားကျားယားယားမဟုတ်သော်လည်း အလုပ်ကိုတော့ ကြိုးစားပမ်းစားလုပ်နိုင်သည်။
မိုးလင်းမှ နေတဝင်ထိ ဈေးရောင်းကာ အမေဖြစ်သူကို ကူသည်။
မခိုးမဝှက်တတ် ၊ မသောက်မစားတတ် ၊ လောင်းကစားလည်း မလုပ်တတ် သည့်အပြင် ရိုင်းရိုင်းစိုင်းစိုင်းလည်း မရှိတတ်။
အထွန်းကို လူတော်တော်များများသဘောမကျကြသော်လည်း ကျော်မိုးကတော့ သဘောကျပါသည်။
အထွန်းရိုးသားသည်ကို သဘောကျသည် ၊ ဖြူစင်သည်ကို သဘောကျသည် ။ စိတ်ကောင်းရှိသည်ကို သဘောကျသည်။
"ဖရဲသီးသည် အဲလောက်ရှားလား"
အဖွား၏ အသံကြားမှ အတွေးကို ရပ်ရသည်။
"သူ့ဆီက ဖရဲသီးတော့ မဝယ်ပါနဲ့အေ"
"အဖွားရယ် ဘယ်သူ့ဆီက ဝယ်ဝယ် ဖရဲသီးက ဖရဲသီးပါပဲ "
"ဒါပေမယ့်လည်း ငါတော့ စိတ်ကကို မသတီပါဘူး ၊ လူပုံကိုက နွဲ့တဲ့တဲ့နဲ့ ယောက်ျားလေးက ယောက်ျားလေးလို မနေဘူး"
" သူ နွဲ့နေတာနဲ့ သူ့ဖရဲသီးနဲ့ ဘာဆိုင်လို့လဲ အဖွားရဲ့"
"ဆိုင်ဆိုင် မဆိုင်ဆိုင် မဝယ်နဲ့ဆို မဝယ်နဲ့စမ်း "
"အဖွားကလည်း အရင်နေ့တွေလည်း .."
ကျော်မိုးက စကားကို ရပ်ပြီး သက်ပြင်းခိုးချသည်။
" နောက်မဝယ်တော့ပါဘူး "
"အေး အဲ့ ဖရဲသီးတွေကိုလည်း ခြံရှေ့သွားပစ်ထားလိုက် ၊ အိမ်မှာ မြင်ရတာ ကျက်သရေမရှိဘူး "
ရှေ့က ထွက်သွားသော အဖွားကို ကြည့်ရင်း ခေါင်းခါမိပြန်သည်။
အရင်နေ့တွေလည်း အထွန်းဆီကပဲ ဝယ်ပေးနေတာပဲ ဟု ပြောချင်သော်လည်း မပြောလိုက်မိပါ။
မနက်က ခရမ်းချဉ်သီးတွေကို အထွန်းဆီက ဝယ်လာမှန်းသာ သိရင် ဟင်းတွေအကုန် လွှင့်ပစ်မလားပဲ။
******
"ဝဋ်ကြွေးတွေပါအေ ၊ အရင်ဘဝက ဝဋ်ကြွေးတွေ ၊ ငါ လည်း ဘယ်လိုလူတွေနဲ့ ဆုံနေရမှန်းကို မသိပါဘူး"
အဖွားက အမေ အလုပ်ဆင်းလာချိန်အထိ စိတ်မပြေသေး ။
ဖရဲသီးလေး ဝယ်မိတာကို ဒီလောက်ထိ ပြောနေစရာလိုလို့လား။
"ဘာဖြစ်လို့လဲ အမေ "
"ဘာဖြစ်ရမလဲ ၊ ညည်း သားလေ ဟို ယောက်ျားလိုလို မိန်းမလိုလို အကောင်ဆီက ဖရဲသီးကို ဗန်းလိုက်ဝယ်တယ် "
ဗန်းလိုက် ဟူသော စကားကြောင့် အမေက ကျော်မိုး ဘက်သို့လှည့်လာသည်။
"လေးစိတ်တည်းပါ အဖွားကလည်း"
"အေးလေ အဲ့လေးစိတ်ကိုပဲ ပြောနေတာ ၊ လေးစိတ်တောင် ဝယ်တယ် ပြီးတော့ ရယ်ရယ် မောမော စကားပြောနေလိုက်ကြတာများ မြင်လို့တောင်မကောင်းဘူး "
"သားရယ် ဘာလို့ အဲလို လူတွေဆီကမှဝယ်ချင်ရတာလဲ ၊ ဖရဲသီးသည်တွေ အဲလောက်ပေါရဲ့သားနဲ့ "
"သူ့ဆီကမှ ဝယ်ချင်အောင် အပင်းတွေ ဘာတွေထည့်ထားလားမှ မသိတာ"
အဖွားစကားကြောင့် ကျော်မိုးတစ်ယောက် လန့်ပင်သွားရသည်။
"မဟုတ်တာကို အဖွားရာ ၊ ဒီခေတ်မှာ ဒါမျိုးတွေက.."
"ဟဲ့ ပြောလို့ရတာမဟုတ်ဘူး သူတို့လုပ်ရင် ကိုယ်ပဲ ခံရမှာ ၊ ဝေးဝေးသာနေစမ်းပါအေ "
"ဒီကောင်လေး လူကြီးက မလုပ်နဲ့ဆို မလုပ်နဲ့ပေါ့ ၊ သူ့ ဆီက မဝယ်ရရင် ဘာဖြစ်မှာမလို့လဲ "
အမေကပါ ဝင်ပြောလာတော့ ဆက်မပြောဘဲ အသံသာတိတ်နေလိုက်တော့သည်။
အဖွားတို့ကိုက အစိုးရိမ်လွန်တာ ၊ မကောင်းမြင်တတ်လွန်းနေတာပါ ။
အထွန်း ဖြူစင်ပြီး စိတ်ကောင်းရှိတာကို သိနေတာပဲ။ ဒီကောင်လေးကိုမှ ဘာလို့ မကောင်းမြင်နေကြတာလဲ။
******
"အထွန်း နင်ကြားပြီးပြီလား "
"ဘာကိုလဲ "
"ကိုမိုးတို့ အိမ်မှာ ပွဲရှိတယ်တဲ့ ၊ ကြီးကြီးကျယ်ကျယ် လုပ်မှာဆိုလား စာမေးပွဲအောင်လို့ လုပ်တာတဲ့ "
"နင်က ဘယ်လိုသိတာလဲ"
"ဟိုဘေးက ကြက်သားသည်ပြောတာ ၊ သူ့ဆီမှာ ကြက်သားတွေ မှာတာတဲ့ ၊ အချိန် ငါးဆယ်ဆိုလားပဲ"
ဪ လူချမ်းသာတွေများ ပိုက်ဆံသုံးနိုင်လိုက်ကြတာ။ အထွန်းတော့ ဒီလို သုံးနိုင်ဖို့နေနေသာသာ မနည်းချွေတာနေရတာ။
ဒီလိုပွဲမျိုးက ပျော်စရာ ကောင်းမှာပဲ ။ အထွန်းလည်း ရောက်ဖူးချင်လိုက်တာ ။
ဒါပေမယ့်လေ ဒီလို ပွဲမျိုးဆိုတာ အထွန်းအတွက်တော့ မရောက်တာပဲကောင်းပါတယ် ။
လူချမ်းသာတွေရဲ့ ပွဲက အထွန်းနဲ့ မှ မဆိုင်တာ။ ပြီးတော့ အထွန်းသွားရင် လူတွေက အထွန်းကို လှောင်ရယ် ကြမှာ။
သို့သော်လည်း အထွန်းရောက်ဖူးချင်ပါသည် ။ နေ့လည် ဖရဲသီး လည်ရောင်းရင် မသိမသာ သွားခိုးကြည့်ဦးမှ ဟု တွေးရင်း ပြုံးလိုက်မိသည် ။
********
ခြံရှေ့မှ မြင်ရသော ပွဲပုံးစံ သည် ကြီးကျယ်မည်ဟု အသေအချာပင် ပြောနိုင်သည်။
အပြာရောင် စားပွဲဝိုင်း ဘေးတွင် အပြာရောင် ထိုင်ခုံများ ကို တွေ့ရသည်။
ကိုမိုးကိုတော့ မတွေ့ရသေး ။
ဒီအချိန်ဆို ကိုမိုလည်း အလုပ်များနေမလား ၊ ပြတင်းပေါက်ဘက်သို့ ချောင်းကြည့်တော့လည်း အရိပ်အယောင် ပင် မတွေ့ရသော ကြောင့် သက်ပြင်း တိုးတိုး ခိုးချမိပြန်သည်။
ဒီနေ့ အထွန်း ကံမကောင်းဘူး ။
တွေးနေစဉ်မှာပင် ကိုမိုးအိမ်က ကားက သူ့ ဘေးသို့ရောက်လာသည် ။
ကားပေါ်က ဆင်းလာသော သူသည် ကိုမိုးမှ ကိုမိုးအစစ်။
ပုဆိုးသာ အဝတ်များသော ကိုမိုးသည် ဘောင်းဘီရှည် ကို ခါးပတ် ဖြင့် ဝတ်ထားကာ ရှူးဖိနပ် စီးထားသည်။
ဒီလိုဆိုတော့ ကိုမိုးက တကယ်ချောတာပဲ။
အင်းလေ ကိုမိုးက အစကတည်းက ချောနေတာပဲကို။
ကားတံခါးကို ဖွင့်ကာ ဆင်းလာသော နောက်တစ်ယောက်ကို တွေ့ချိန်တွင် အထွန်းမျက်နှာလေး ညှိုးသွားရတော့သည်။
ကိုမိုးနှင့်ရွယ်တူ အစ်မတစ်ယောက်သည် ပြုံးပြုံးရွှင်ရွှင် ဖြင့် ကားပေါ်မှ ဆင်းလာသည်။ ကိုမိုးကလည်း အစ်မကို ရယ်ရယ်မောမောပင် စကားပြောနေသည်။
ဘာလို့မှန်းမသိ အထွန်းစိတ်ထဲ တစ်မျိုးပဲ။ ရင်ထဲမှာ တစ်ခုခု ဖြစ်နေသလိုပဲ။
လမ်းကို ခပ်သွက်သွက် လျှောက်လိုက်တော့ ကိုမိုးက အထွန်းကို သတိထားမိသွားသည် နှင့်တူသည်။
ခေါင်းတစ်ချက် ညိတ်ကာ ပြုံးပြ ပြီးနောက် ထိုအစ်မကို အိမ်ထဲ ခေါ်သွားတော့သည်။
အထွန်းဆီက ဖရဲသီးလည်း မဝယ်တော့ဘူး ၊ နေကောင်းလား လို့လည်း မမေးတော့ဘူး ။
နောက်ဆုံး ပြုံးပြသွားတာတောင် အသက်မပါသလို ဝတ်ကျေတန်းကျေ အပြုံးလေးနဲ့။
နှုတ်ခမ်းလေး တွန့်ရုံသာ ပြုံးပြသွားသော ကိုမိုးကို ကြည့်ရင်း အထွန်းစိတ်ထဲ ဝမ်းနည်းမိလာသလိုပင်။
ဘာကြောင့်မှန်းမသိ အထွန်းရင်ဘတ်ထဲက နာလိုက်တာ။
**************
အသွေးနောက်ကျသွားတယ်ရယ်
သွေ့ပုချိ သွေ့ပုချိ 😢