အထွန်းဒီနေ့ စိတ်ကြည်နေတော့ ကိုမိုးအိမ်ဘက်သွားချင်လာပြန်သည်။
မသွားတော့ဘူးလို့ တွေးမိပေမယ့် လောလောလတ်လတ် ကိုမိုးမျက်နှာလေး မြင်ထားတော့လည်း။
အထွန်းတစ်ယောက် သနပ်ခါးရေကျဲကို ညီညီညာညာ လိမ်းရင်း မှန်ရှေ့က မခွာနိုင်ဖြစ်နေမိသည်။
အထွန်းက ထိုသို့လည်း အလှကြိုက်တတ်ပါသေးသည်။
အလှကြိုက်သော အထွန်းသည် လှတော့ မလှရှာ။
နဂိုက ညိုသော အသားအရေသည် နေလောင်ဒဏ်ကြောင့် ပို၍ပင် မဲလာသည်။ ခြေလက်တို့ကလည်း အလုပ်ကြမ်းကြောင့် နုနယ်မနေ။
အထွန်းတွင် ဖြူသောနေရာဟူ၍ ခြေသည်း လက်သည်းသာ ရှိတော့သည်။ ထို့ကြောင့် အထွန်းသည် အချိန်ရတိုင်း လက်သည်း တိုက်သည် ၊ ခြေသည်းတိုက်သည်။
အမှောင်ထဲတွင် ရပ်နေလျှင် အထွန်း၏ လက်သည်းခြေသည်းတို့ကို ထင်ထင်ရှားရှားပင် ကွင်းကွင်းကွက်ကွက် မြင်ရနိုင်သည်အထိ အထွန်းက သူ့လက်သည်း ခြေသည်းများကို ဂရုစိုက်လေသည်။
"အထွန်း နေကျလာပြီလေ ၊ ညနေစောင်းမှ ထွက်တော့မလို့လား"
"သွားတော့မလို့ပါပဲ အမေရဲ့ "
အမေပြောမှ ငေါက်ခနဲထပြီး အင်္ကျီလက်ရှည်ကို ကောက်ဝတ်သည်။ နေပူလျှင် လက်ရှည်ဝတ်မှ တော်ကာကျသည်လေ။ မဟုတ်ရင် အထွန်းရဲ့ အသား ညိုညိုလေးတွေ နေလောင်ပြီး မဲရချည်ရဲ့။
ပုဆိုးရှည်ရှည် ၊ အင်္ကျီ လက်ရှည်ဝတ်ထားသော အထွန်းသည် ကညွတ်ခွေကို ဆတ်ခနဲယူသည်
ထို့နောက် ဖရဲသီး ဗန်းကို ခေါင်းပေါ်ရွက်ကာ အိမ်မှ စထွက်တော့သည်။
"ဖရဲသီး ချိုချိုလေး"
လမ်းထိပ်အရောက်တွင် အထွန်း၏ ဦးတည်ရာသည် ကိုမိုးတို့ အိမ်ဘက်သို့ လှည့်သွားသည်။
ဘုရားသိကြားမ,လို့ ကိုမိုးအိမ်မှာ ရှိပါစေ။
အထွန်းက ခြေလှမ်းကို ဖွဖွလှမ်းကာ ခြံတံခါးအကွယ်မှ နေ၍ ပြတင်းပေါက်သို့ချောင်းကြည့်သည်။
ထိုနေ့တွင် အထွန်းဆုတောင်း ပြည့်ခဲ့ပါသည်။ ကိုမိုးက ပြတင်းပေါက်ရှေ့တွင် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသည်။ စာအုပ်နာမည်ကို အထွန်းမမြင်ရသော်လည်း အထွန်းအတွက် အဓိကသည် ကိုမိုးကို မြင်ရရန်။
"ဖရဲသီး"
အသံကို မြှင့်အော်လိုက်တော့ ကိုမိုးက ဖတ်လက်စ စာအုပ်ကို ပိတ်ကာ ပြတင်းပေါက်မှ ဟိုဟို သည်သည် လှမ်းကြည့်လာသည်။
တွေ့သွားပြီထင်ပါရဲ့ ။ တော်သေးလို့ပေါ့ ၊ မဟုတ်ရင် ဒီနေ့တစ်နေ့လုံး အထွန်း အမောမပြေဖြစ်ရတော့မှာ။
အထွန်းကို တွေ့သောအခါ ကိုမိုးသည် ချက်ချင်းပင် လက်ယပ်ခေါ်ရင်း ပြုံးပြသည်။
သည်တစ်ခါတော့ အထွန်းက ခပ်တည်တည်ပင် ကိုမိုးတို့ ခြံရှေ့ သွားလိုက်သည်။
ကိုမိုးခေါ်လို့သွားတာပဲ အလကားနေရင်း သွားတာမှ မဟုတ်တာ ။
ကျော်မိုး၏ အဖွားက အထွန်းကို တွေ့တော့ မျက်မှောင်ကျုံ့ရင်း ကြည့်လာသည်။
ထို့နောက် တစ်ခုခုပြောဟန်ပြုပြီးမှ မြေးဖြစ်သူကြည့်ကာ အထဲဝင်သွားသည်။
ကျော်မိုးကတော့ အဖွားဖြစ်သူကို တစ်လှည့် အထွန်းကို တစ်လှည့်ကြည့်ကာ အိမ်ရှေ့သို့ထွက်လာသည်။
"ဖရဲသီး ယူလိုက်မယ် အထွန်းရေ သုံးရာပဲမလား"
"ဟုတ် ဘယ်နှစ်စိတ်ယူမလဲဟင်"
"လေးစိတ် "
"ကျေးဇူးပါ"
"ကျေးဇူးပါဗျာ ၊ ဒါနဲ့ နေအရမ်းပူနေတာ အရိပ်ဘက်ကသွားနော်"
"ဟုတ်ကဲ့ပါ နေကတော့ နေ့တိုင်းပူတာပါပဲ "
"ဒါပေမယ့်လည်း ဒီနေ့ ပိုပူတယ်အထွန်းရဲ့ ၊ အပူချိန်က လေးဆယ့်ငါး ဒီဂရီတောင်ရှိတာ"
လေးဆယ့်ငါးဒီဂရီကို နားမလည်သော်လည်း နေပူသည်ကိုတော့ အထွန်းနားလည်ပါသည်။ ထို့ကြောင့် ခေါင်းကို အသာ ညိတ်ပြရင်း ရယ်ပြလိုက်သည်။
ကိုမိုးက ဒီလိုပဲ ၊ အထွန်းကို ဂရုတစိုက်ရှိတတ်တာ ။
အခြားသူတွေကိုရော ဒီလို ဂရုစိုက်လား မသိပေမယ့် ကိုမိုးဂရုစိုက်တဲ့ သူတွေထဲမှာ အထွန်းပါနေတာကိုက ပျော်စရာကောင်းနေပါပြီ။
အထွန်းလေ ဘာလို့မှန်းမသိဘူး ၊ ကိုမိုးက အခုလို ဂရုတစိုက်ရှိရင် သိပ်ပျော်တာပဲ ။
ကိုမိုးကို တွေ့ရရင်ပျော်ပေမယ့် ဂရုတစိုက်များရှိပြီဆိုရင် အရမ်းကို ပိုပိုပြီး ပျော်နေတော့တာ။
*******
အထွန်း ပိုက်ဆံပြန်အမ်းပြီး ထွက်လာတော့ ပြုံးလို့ ပျော်လို့ ။ ဒီနေ့ ဈေးဦးပေါက်က ကိုမိုးပိုက်ဆံလေ။
သဘောကျနေသော ကိုမိုးနှင့် လည်ပင်းဖက်ပေါင်းရသော ဆက်ဆံရေးမျိုး မဟုတ်သော်လည်း အတော့်ပင်ခင်ခင်မင်မင် ဖြစ်ချင်မိပါသည်။ ဂရုတစိုက်ရှိတတ်သော ကိုမိုးကို အထွန်းသဘောကျသည်။ ဖော်ဖော်ရွေရွေရှိတတ်သော ကိုမိုးကို သဘောကျသည်။ အမြဲပြုံးနေတတ်သော ကိုမိုးကို သဘောကျသည်။
"ဖရဲသီး လာပါဦး"
ဟိုနေ့က အပျိုကြီးပဲ ။ ဒီ အပျိုကြီး ဒီတစ်ခါလည်း ဈေးဆစ်ဦးမလားမသိဘူး ။ ရောင်းသာရောင်းရတာ ခပ်လန့်လန့်ပါပဲ။
"နှစ်စိတ်ပဲ ငါးရာမလား"
"ဒီနေ့ တော့မရလို့ပါ"
"ဟယ် ဟိုနေ့ကတော့ ရတယ်လေ ၊ ဒီနေ့က ဘာလို့မရတာလဲ"
"ဒီနေ့က ရောင်းလည်းမကောင်းလို့ပါ အစ်မရယ်"
အထွန်းက လေသံကိုဖျော့ရင်း ခပ်တိုးတိုးဆိုသည်။
တကယ်တော့ ဒီနေ့က ဈေးဉီးပေါက်ပြီးပြီလေ ၊ ပေါက်တာကလည်း ကိုမိုးဆီက ၊ အထွန်းတို့ ဒီနေ့ ဒီအပျိုကြီးကို မရောင်းရရင်တောင် တစ်မြို့လုံးကို ပတ်ရောင်းလို့ရတယ် ။ မမောဘူး ၊ အထွန်း ဒီနေ့ နည်းနည်းမှ မမေယဘူး။
"ကဲပါ နှစ်စိတ်ပေး ၊ ချိုတာလေးက ပေးနော်"
"ဟုတ်ကဲ့ပါ"
ချိုတာလေးပေးဟူသော အပျိုကြီးက သူ့စိတ်ကြိုက် အစိတ်ကြီးကြီးများကို ရွေးယူသည်။
ရွေး ၊ စိတ်ကြိုက်သာရွေး ။ အထွန်း ဖရဲသီးက ကြီးကြီးသေးသေး ချိုပြီးသားပဲ။
***
ခေါင်းပေါ်က ဖရဲသီး ဗန်းက အခွံသာကျန်တော့သည်မို့ အထွန်း အပျော်ကြီး ပျော်နေတော့သည်။ ဈေးရောင်းကောင်းတဲ့ ရက်များဆို အထွန်း တို့ ဟင်းကောင်းကောင်းဝယ်စားနိုင်ပြီလေ။
"ဖယောင်းတိုင် ထွန်းရင် ၊ အမွှေးတိုင် ထွန်းရင် မီးလောင်တတ်တယ် "
အထွန်းကို စနေကြမှန်းသိတာပေါ့ ၊ အထွန်းနာမည်က ထွန်းရင် ပဲလေ ။
အထွန်းထက် ငယ်ပုံရသော ကောင်လေးတွေက အထွန်းဘက်ကို ကြည့်ရင်း အော်နေကြတော့ ခြေလှမ်းတို့ကို ရပ်ရင်း စောင်းကြည့်လိုက်သည်။
ရန်တော့မလုပ်ချင်ပ်ဘူး ၊ သူတို့စနေကြလည်း အထွန်းက ဂရုမစိုက်ရင် သူတို့ပဲ အရူးလိုဖြစ်နေမှာ ။
စကြ စကြ ၊ အထွန်းက ဂရုကို မစိုက်တာ ။ အထွန်းဆီက ဖရဲသီး ဝယ်ရင်တော့ ဂရုစိုက်မှာပေါ့ ။
ဒါပေမယ့် ဒီနေ့ ဖရဲသီးက ကုန်ပြီ ဆိုတော့ ဂရုက မစိုက်လည်း ရပြီလေ။
"ဖယောင်းတိုင် ခြောက်ရင် ၊ အမွှေးတိုင် ခြောက်ရင် .."
အထွန်းဂရုမစိုက်ချင်ပါဘူး ဆိုမှ ဂရုစိုက်အောင် လုပ်နေကြသော ထိုသုံးယောက်။
ဘုကြည့်ကြည့် လိုက်ရင်း ဗန်းကို ထောင်ပြလိုက်တော့ အုတ်ခုံပေါ်မှ ဆင်းကာ ထွက်ပြေးသွားကြသည်။
ငကြောက်တွေ ဗန်းနဲ့ရိုက်မှာတော့ ကြောက်တယ်။
အထွန်းက ဗန်းနဲ့ တော့ မရိုက်ပါဘူး ။ ဗန်း ပိန်သွားရင် အသစ်ဝယ်ရမှာ ၊ အသစ်ဝယ်ရရင် ပိုက်ဆံကုန်မှာ ။ ပိုက်ဆံကုန်ရင် အမေစိတ်ညစ်ရမှာ ။
အထွန်းက ပိုက်ဆံကုန်မယ့်အလုပ်ဆို မလုပ်ဘူး ။ အမေစိတ်ညစ်ရမယ့် အလုပ်လည်း မလုပ်ဘူး ။
အထွန်းဘဝမှာ အမေပဲရှိတော့တာ ။ အမေစိတ်ချမ်းသာဖို့ ပထမ ၊ အမေစိတ်မညစ်ဖို့ အဓိက ။
*********
AN /
အထွန်းက နွဲ့လား ဆိုတော့ နွဲ့ပါတယ် 😁
ဒီလို character မျိုးကို သဘောမကျတဲ့ သူလည်း ရှိနိုင်လောက်ပေမယ့် အထွန်းက အပြင်က character မလို့ အသွေး ရေးခဲ့တာပါ။
ဆက်ဖတ်ပေးရင်တော့ ကျေးဇူးအများကြီးတင်တဲ့အပြင် ဝမ်းသာရတာလည်း အတိုင်းထက်အလွန်ပေါ့ 😁😁