"ဖရဲသီး.."
အသံ ရှည်ရှည်ဆွဲကာ အော်ရင်း အထွန်းတစ်ယောက် လမ်းကိုခပ်သွက်သွက်လျှောက်လိုက်သည်။
နေပူပူမို့ အပြင်မထွက်ချင်ပေမယ့် ဘဝက လွယ်မှမလွယ်ဘဲ။ မနက်ပိုင်းမှာ အမေနဲ့ ကုန်စိမ်းရောင်းလိုက် ၊ နေ့လည်ပိုင်းမှာ ဖရဲသီးလည်ရောင်းလိုက် ၊ ဒါတောင် ပိုက်ဆံက လည်ပတ်ချင်တာမဟုတ်ဘူး။ တစ်နေ့လုံး အလုပ်လုပ်မှ စားရုံသောက်ရုံလောက်ရတာ။ ငွေပိုငွေလျှံဆိုတာလည်း ဘယ်ဆီနေမှန်းမသိ။
ပညာတတ်တဲ့သူတွေများ လစာလေးတွေရတာ ဟောခနဲ ဟောခနဲ ၊ ဒီလို လမ်းတကာလည်ပြီး ဈေးရောင်းစရာလည်းမလိုဘူး။
အထွန်းက သက်ပြင်းခပ်သဲ့သဲ့ ချရင်းမှ ဆက်တွေးပြန်သည်။
ဒါပေမဲ့လည်း အထွန်းတို့က ကျောင်းမှ မနေနိုင်တာ။ ဆင်းကလည်း ဆင်းရဲတာကိုး ။ ဘဝပေးပဲလေ ဘယ်တတ်နိုင်မလဲ။ ထွေထူးပြီးတော့လည်း စိတ်မညစ်ပါဘူး ဘဝမှာ ပြည့်စုံတယ်ရယ်လို့မှ မရှိတာ။
တွေးရင်းက နေကပိုပူလာသလို တိုက်လာသောလေကလည်း မအေးဘဲ ပူနေသည်။ ပုဆိုးကို ခြေမျက်စိထိ ရှည်ရှည်ဝတ်ထားသောကြောင့်သာ ခြေထောက်က အပူသက်သာသည် ။ တီရှပ် လက်တို ဝတ်ထားသော အထွန်းလက်နှစ်ဖက်ကတော့ ညိုရုံမက မဲပါမဲလို့ ။
အင်း နေတွေ လေတွေ ဒီလောက်ပူတာ ဗန်းထဲက ဖရဲသီးလေး နှိုက်စားရရင်ဖြင့် ။
တံတွေးကိုသာ အသာမျိုချလိုက်ရသည်။
မြင်သာ မြင်ရ မကြင်ရ ဆိုတာ အထွန်းမှ အထွန်း အစစ်။
ဖရဲသီးတစ်စိတ်လျော့ ရင် ပိုက်ဆံ ၃၀၀ လျော့မှာ ၊ သုံးရာဆိုတာ ကြက်ဥ သုံးလုံးစာ ။
မြတ်တာမှ ငါးထောင်မပြည့်တာ ကိုယ် နှိုက်စားလို့လည်း မဖြစ်တော့ တံတွေးကိုသာ မျိုချရင်းက ဆက်အော်ရပြန်သည်။
အခုအချိန် ဖရဲသီးလေး နှိုက်စားလိုက်ရရင် ရင်လေးကို အေးနေမှာပဲ ။
ဒါပေမယ့် အထွန်း ရင်က ကိုမိုးကို မြင်ရလည်း အေးပါတယ်လေ..။
အထွန်းက ကိုမိုးရှိသော လမ်းကို မျက်နှာမူရင်း ပြုံးသည်။
အထွန်းတို့ ဟိုဘက်ရပ်ကွက်က ကိုကျော်မိုး ၊ တစ်နည်းဆိုလျှင် အထွန်း သဘောကျသောသူ။
တက္ကသိုလ်ကျောင်းသား ကိုမိုးကို အထွန်းအားကျရသလို သဘောလည်းကျရသည် ။ လူရည်က သန့်သန့်ပြန့်ပြန် ၊ ရုပ်လေးက ချောချောမောမော ရှိသည့်အပြင် အခြားသူများကိုလည်း ကြင်နာတတ်သေးသည်။
လူတိုင်းကို ဖော်ဖော်ရွေရွေဆက်ဆံပြီး မာနမကြီးသော ကိုမိုးကို သဘောကျသည်မှာလည်း အထွန်းအလွန်မှ မဟုတ်ဘဲ။
အထွန်းဘဝက ချို့တဲ့သော်လည်း တစ်ခါတလေ စိတ်ချမ်းသာရပါသည်။
အထွန်းမှာ အမေရှိတယ် ၊ အထွန်းသဘောကျတဲ့ ကိုမိုးရှိတယ်။
"ဖရဲသီး လာပါဦး"
ခပ်ကျယ်ကျယ်အော်ခေါ်သံကြောင့် အပြေးအလွှားပင် ထိုအိမ်သို့ သွားလိုက်သည်။ နောက်ဆုံးတော့ ဈေးဦးပေါက်သွားပြီ။
"တစ်စိတ်ဘယ်လောက်လဲ"
"သုံးရာပါ"
"နှစ်ရာမဟုတ်ဘူးလားဟယ်"
ဈေးစစ်ချင်နေသော လေသံကြောင့် အထွန်းက မျက်နှာလေးကို ငယ်ရင်း အသံကို တိုးတိုးဖြစ်အောင် ဖျော့လိုက်သည်။
"မရလို့ပါ အစ်မရယ်"
" နင့်ဖရဲသီးစိတ်က သေးသေးလေးကို ၊ ချိုရောချိုလို့လား"
" ချိုတာကတော့ စိတ်ချပါ ၊ အစိတ်ကလည်း မသေးပါဘူး"
"အေးအေး နှစ်စိတ်ယူမယ် ၊ ငါးရာထားလိုက် "
ငါးရာတန်တစ်ရွက်ကို ခြင်းထဲထည့်ရင်း စတီးဗန်းကို ခေါင်းပေါ်ပြန်တင်လိုက်သည်။
ဈေးဦးပေါက်မို့သာ လျှော့ပေးလိုက်ရတာ ၊ အထွန်းတို့က သိပ်ကျေနပ်ချင်တာမဟုတ်။
ဈေးကလည်းစစ်သေး ၊ ကပ်စေးကလည်းနည်းသေး ၊ ဒါကြောင့် ဒီအပျိုကြီး ယောက်ျားမရတာ ။
ဒါပေမယ့်လည်း အထွန်းဆီက ဈေးဝယ်သွားတဲ့သူပဲလေ ၊ ကျေးဇူးတင်ရပါတယ်။
ခေါင်းပေါ်မှ ပိုက်ဆံငါးရာကို မျက်လုံးလှန်ကြည့်ရင်းက တိုးတိုး ပြောလိုက်သည်။
ဪ ဈေးဦးပေါက်ပိုက်ဆံ ၊ သူတော်ကောင်းပိုက်ဆံ ပါပဲလေ ..။
*****
ကိုကျော်မိုးတို့ အိမ်ရှေ့ရောက်သောအခါတွင်တော့ အထွန်းခြေလှမ်းတို့ နှေးသွားသည်။
ဖရဲသီး ဟူသော စကားလုံးကို တစ်လုံး တစ်မိုင်လောက်ခြားအောင် အော်ရင်း ခြေလှမ်းနှေးနှေး လျှောက်သည်။
ကံကောင်းလျှင် စာအုပ်တစ်အုပ်ကိုင်ကာ စာဖတ်နေသော ကိုမိုးကို မြင်ရမည်လေ။
ကိုမိုးတို့ အိမ်ကတော့ အထွန်းအသံကို ကြားသည်နှင့် ဆင်းလာကာ ခြံတခါးကို အသံမြည်အောင် ပိတ်ပစ်သည်။
"ကျက်သရေမရှိတဲ့ အခြောက်တွေ "
အထွန်းကို ပြောမှန်းသိတော့ ချက်ချင်းပင်စိတ်မကောင်းဖြစ်သွားရပြန်သည်။
ဒီလိုပဲ ၊ ဒီအိမ်ကလူတွေက ဒီလိုပဲ ။
ကိုမိုးတစ်ယောက်ပဲ အထွန်းတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာ။ ကျန်တဲ့သူတွေက အထွန်းကို မြင်တာနဲ့ နှာခေါင်းရှုံ့ကြတာချည်းပဲ။
အခြားယောက်ျားလေးတွေလို ကျားကျားယားယား မရှိတာနဲ့ အခြောက်လို့ခေါ်ပြီး နှိမ်ကြတော့တာပဲ ။ တကယ်ဆို လူထဲက လူတွေပဲမလား ။
ပြီးတော့ အထွန်းတို့က လော်လော်မာမာတွေဝတ်၊ ကိုကိုရေ မောင်မောင်ရေ ဆိုပြီးတော့ လူတကာကို လိုက်ခေါ်နေတာလည်းမဟုတ် ။ ကိုယ့်ဘဝနဲ့ကိုယ် အေးအေးချမ်းချမ်းနေတာ။ နည်းနည်းလေး နွဲ့နွဲ့လျလျနေတတ်တာကလွဲရင် အထွန်းမှာ ဘာမှပြောစရာ ရှိတာမဟုတ်ဘူး။
ပြီးတော့ ဒီလို နွဲ့မိတာကလည်း အထွန်းအပြစ်မှ မဟုတ်တာ ၊ အခြောက်ဆိုပြီး ဝိုင်းရယ်ကြရင် ရှက်မိပေမယ့် နေရင်းထိုင်ရင်းတော့ တွေးရှက်မနေပါဘူး ။
ကိုယ့်ဘာသာ နွဲ့တာ သူတို့အိမ်က ထမင်းအိုးကို နှိုက်စားပြီး နွဲ့နေတာလည်းမဟုတ်။
အထွန်းက နှုတ်ခမ်းကိုမဲ့ရင်း ခေါင်းကို ချာခနဲလှည့်သည်။
အင်းလေ ဒီအိမ်က အစကတည်းက လူတန်းစားက ခွဲခြားနေတာပဲ ၊ အထွန်းတို့ကို နှိမ်ချင်တာလည်း အဆန်းမဟုတ်ပါဘူး။
နေဦး နေဦး ၊ အထွန်းလေ ပိုက်ဆံရှိတဲ့တစ်နေ့ နှိမ်ဦး နှိမ်ဦး ဆိုပြီး ဒီဖရဲသီးဗန်းနဲ့ ကောက်ပေါက်ပစ်မှာ ။
"အခုတော့ မကုန်သေးတာရောင်းလိုက်ဦးမယ်"
အထွန်းက နှုတ်ခမ်းဆူကာ ရေရွတ်ရင်း ကိုမိုးစာဖတ်နေကျနေရာကို မသိမသာ စောင်းကြည့်ပြန်သည်။
ပြတင်းပေါက်တံခါးသည် ကျကျနနပင်ပွင့်လျက်သား။ သို့သော် ပြတင်းပေါက်ရှေ့ စာကြည့်စားပွဲတွင် တော့လူမရှိဘဲ စာအုပ်များသာရှိနေသည်။
အင်း ဒီနေ့ ကိုမိုး မရှိဘူးပဲ။
ကိုမိုးရှိရင် အထွန်းကိုလှမ်း ခေါ်ပြီး ဖရဲသီးဝယ်စားဦးမှာ ၊ အထွန်းကလည်း ကိုမိုးဆိုရင် အပိုပေးချင်စိတ်က တားလို့မရ ဆီးလို့မရ ၊ ဘယ်တားလို့ရမလဲ သဘောကျတာကိုး ..။
တွေး၍ပင်မဆုံးသေး ဘယ်ဆီကရောက်လာမှန်းမသိသော အဒေါ်ကြီးတစ်ယောက်က ပြတင်းပေါက်တံခါးကိုပါ ပိတ်ပစ်လိုက်သည်။
အမလေး ခင်လို့မင်လို့ အားကျလို့ သဘောတကျ ကြည့်ရုံပါ ၊ ဒါကို ကဲကဲ သဲသဲ ဖြစ်နေလည်း မတတ်နိုင်ဘူး။
ဒီအိမ်မှာ လူကို လူလို့ မြင်တတ်တာ ကိုမိုးတစ်ယောက်ပဲ ရှိတာလား ။
အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ကြာကြာတော့ မဖြစ်နိုင် ဒီဖရဲသီးကုန်မှ ပိုက်ဆံရမှာ ။
ပိတ်ထားသော ပြတင်းပေါက်ကို မျက်စောင်းထိုးကြည့်ရင်းက နှုတ်ခမ်းမဲ့ပြလိုက်သည်။
အထွန်းကလည်း ကိုမိုးကိုပဲ သဘောကျတာပါနော် အခြားသူတွေကို ကြည့်လို့မရပါဘူး ။
************