ခေါင်းကျိန်းလိုက်တာ။ ဒီဝတ္ထုကို တာဝန်ယူပြီးရေးပေးမိတာ လေးဆက်အတွက်တော့ ငါးပါးမှောက်တာပင်။ တစ်ခါအပ်ဒိတ်ပြီးတိုင်း သက်ပြင်းချရလွန်းလို့ အသက်တိုတော့မည်ထင်သည်။
ဝတ္ထုခေါင်းစဉ်နာမည်က “ ရွဲဖွယ်မှ အချစ်ငှက်ငယ် ” တဲ့။ အရမ်းကို ဆန်းကြယ်နေသည်မလား။
သေချာပေါက် လေးဆက် ရွေးထားသည့်ဝတ္ထုခေါင်းစဉ် ဘယ်ဟုတ်ပါ့မလဲ။ လေးဆက် ရွေးထားသည့်လှလှပပခေါင်းစဉ်များကို အကုန်ပယ်ချပစ်ပြီး ဟိုဟာမလေးနှစ်ယောက်က သူတို့စိတ်ကြိုက် ရွေးထားခြင်းဖြစ်သည်။ ထိုခေါင်းစဉ်မပေးရေးအတွက် လေးဆက် သူတို့နှင့် အကြိမ်ကြိမ်အခါခါအတိုက်အခံဖြစ်ခဲ့သည်။
သို့သော်ငြား မမလေးတို့နှစ်ယောက်ရဲ့ “ ဝတ္ထုခေါင်းစဉ်မြင်တာနဲ့ လူတွေ အကုန်စိတ်ဝင်စားသွားမှာ ... ငါတို့တက္ကသိုလ်နာမည်လည်း ပါတယ် ... အချစ်အကြောင်းလည်း ပါတယ် ... ဒီခေါင်းစဉ်က လုံးဝကို ပြီးပြည့်စုံပြီး ဝတ္ထုနဲ့ကွက်တိကျတယ် ” ဆိုသည့် ပလီစိချောက်ချက်စကားတွေရဲ့နောက်မှာ လေးဆက် ပြားပြားဝပ်နေခဲ့ရသည်။ ထို့အပြင် လာဘ်ထိုးခံထားရသည့်မြတ်သူကပါ ထိုမမလေးတို့နှစ်ယောက်ဘက်က အားကြိုးမာန်တက် ဝင်ပြောပေးသဖြင့် ဒီကိစ္စမှာ လေးဆက် လုံးဝကိုအရေးနိမ့်သွားခဲ့သည်။
ဩဂတ်လကတည်းက Wattpad ပေါ်မှာ တင်လိုက်သည့် ဝတ္ထုက အစပိုင်းမှာ လူဖတ်မများသေးသလို ဘယ်သူမှလည်း သိပ်မသိကြပေ။ ထို့အတွက် လေးဆက်မှာ နည်းနည်းအသက်ရှူချောင်သည်ဟု ပြောရပေမည်။ သို့သော်ငြား ဝတ္ထုတင်ပြီး သုံးလကျော်အကြာ နိုဝင်ဘာလမှာတော့ တဖြည်းဖြည်းများပြားလာသည့် Viewer များ၊ Vote များ၊ Feedback များက လေးဆက်ကို သွေးတက်စေသည်။ တစ်ခဏလေးအတွင်းနဲ့ ဒီလောက်ထိ များပြားလာစရာမလိုဘူးလေ။
အကြောင်းအရင်းကို စုံစမ်းကြည့်တော့မှ တရားခံက ဟိုမမလေးနှစ်ယောက်ဖြစ်နေသည်တဲ့လေ။ လေးဆက်ရဲ့ဝတ္ထုအကြောင်းကို YUFL နှင့်ဆိုင်သည့်ဂရုတွေမှာ သွယ်ဝှိက်နည်းနှင့်ဖြစ်စေ၊ တိုက်ရိုက်နည်းနှင့်ဖြစ်စေ လူဖတ်များအောင် ပရိုမိုးရှင်းလုပ်သည်။
ထို့အပြင် မမလေးနှစ်ယောက်က အပေါင်းအသင်းများသည့်အတွက် ထိုလူတွေကနေတဆင့် လေးဆက်ရဲ့ဝတ္ထုက ဖြစ်ရပ်မှန်ကို အခြေခံပြီးရေးထားခြင်းဖြစ်ကြောင်း သတင်းလွှင့်သည်။
အဲဒီအကြောင်းကို သိသိချင်း လေးဆက် စိတ်ဆိုးဆိုးနှင့် သူတို့နှစ်ယောက်လုံးကို ဖုန်းဆက်ကာ ဆူပူပစ်လိုက်သည်။ သို့ပေမဲ့လည်း ဖြစ်ပြီးသွားသည့်ကိစ္စကား ဘယ်လိုမှပြန်အဖတ်ဆယ်လို့မရဘဲ ပျံ့နှံ့သွားလေသည်။
ထိုမျှနှင့်မကသေး။ တာရာလင်းကပါ လေးဆက်ရဲ့ဝတ္ထုလင့်ကို သူ့အကောင့်မှာ ရှယ်ပြီး အံ့ဩချင်ယောင်ဆောင်သေးသည်။ ဤအကွက်ကား ဟိုမမလေးနှစ်ယောက်နှင့် တာရာလင်းပေါင်းကြံထားမှန်း လေးဆက်က နောက်မှ သိရလေသည်။
လေးဆက် ဒေါသထွက်နေပေမဲ့ ဘာမှလုပ်လို့မရပေ။ ဆက်မရေးတော့ဘူးလို့ ကြိမ်းဝါးနေပေမဲ့လည်း မမလေးနှစ်ယောက်ရဲ့မျက်နှာငယ်လေးတွေကြောင့် လေးဆက်ရဲ့စိတ်က အလိုလိုပျော့ညံ့သွားရပြန်သည်။
နဂိုကတည်းက ဈာန်ရောင်ခလောက် နာမည်မကြီးရင်တောင် တာရာလင်းက ရုရှားမေဂျာပထမနှစ်ရဲ့ပရင့်စ်ဖြစ်သည့်အတွက် သူ့နည်းသူ့ဟန်နှင့် လူသိများလေသည်။ ထိုကြောင့် တာရာလင်း လုပ်လိုက်သည့်အကွက်က လေးဆက်ရဲ့ဝတ္ထုအကြောင်းကို လူတော်တော်များများအား သိသွားစေသလို အဲ့နေ့မှာပင် ဖတ်ရှုသူအင်အားက ညတွင်းချင်း တစထက်တစများပြားလာခဲ့သည်။
ထို့အပြင် နာမည်ပြောင်းထားသော်ငြား ရှေ့ဆုံးနာမည်တွေဖြစ်သည့် ဈာန်နှင့် တာရာဆိုသည့်နာမည်ကြောင့် ဝတ္ထုက ထင်ထားသည်ထက်ပိုပြီး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ ထို့အတူ အဓိကဇာတ်ဆောင်များဖြစ်ကြသည့် ဈာန်နှင့် တာရာတို့အပေါ်၌လည်း လူတွေ၏စိတ်ဝင်စားမှုက တဟုန်ထိုးမြင့်တက်လာခဲ့သည်။
“ ဈာန်ဆိုတဲ့တစ်ယောက်က အပြင်မှာတကယ်ရှိတာလား ”
“ အဲ့ဈာန်ကို သိတယ် ... ရုရှားမေဂျာကင်းမလား ... ဝန်ခံလိုက်တော့ ”
“ ဈာန်နဲ့ တာရာနဲ့က အပြင်မှာရော တကယ်ကြိုက်နေကြတာလား ... ဒီစုံတွဲလေးက ချစ်စရာလေးနော် ”
“ အပြင်မှာလည်း ဈာန်က ရုရှားမေဂျာကင်း ... တာရာက ရုရှားမေဂျာပထမနှစ်ရဲ့ပရင့်စ်ဆိုတော့ အရမ်းလိုက်ဖက်တာပဲ ”
“ စာရေးသူက ဈာန်နဲ့ တာရာရဲ့နာမည်တွေကို မသိမသာပြောင်းရေးထားပေမဲ့ တို့ကတော့ ဘယ်သူတွေလဲဆိုတာကို သိနေတယ်နော် ... အဟိ ”
“ အဟေး ... ဒါ တို့ကျောင်းက လူတွေ မယုံရင် လာကြည့်လို့ရတယ် ... အပြင်မှာလူအကောင်လိုက်ကြီးကို အရှင်လတ်လတ်တွေ့ရလိမ့်မယ် ”
“ အပြင်မှာလည်း ဈာန်နဲ့ တာရာနဲ့က ရင်းနှီးတယ်မလား ... စာမေးပွဲဖြေတဲ့နေ့ကတောင် ကန်တင်းမှာ စကားပြောနေကြတာတွေ့လိုက်သေးတယ် ... တာရာက တကယ့်ကိုချစ်စရာလေး ... ဈာန်ကတော့ လုံးဝခပ်မိုက်မိုက်ပဲဟေ့ ”
“ ဈာန့်ကို မနေ့က ကျောင်းမှာတွေ့လိုက်သေးတယ် ... အဲ့တစ်ယောက်က တော်တော်ကြီးကို အထာကျတာ ... အရပ်ကလည်းအရှည်ကြီး ... အသားကလည်း ဖြူဖြူ ... လုံးဝအမိုက်စားပဲ ”
“ ဒါနဲ့ စာရေးသူကရော YUFL ကပဲလား ... ဈာန်နဲ့ တာရာတို့အကြောင်း အတွင်းသိအဆင်းသိလူပေါ့ ဟုတ်လား ”
“ စာရေးသူကရော ဘယ်မေဂျာကလဲ ... ရုရှားမေဂျာကပဲလား ... ညီမလည်း ရုရှားမေဂျာကပဲလေ ... နာမည်အရင်းလေး မသိမသာပြောပြပေး ... လာမိတ်ဆက်မလို့ ... ”
“ ဈာန်နဲ့ တာရာတို့ရဲ့အပြင်ကပုံလေးတွေ တင်ပေးပါဦး ... YUFL ကလူတွေက သူတို့ကိုမြင်ဖူးပေမဲ့ ကိုယ်တွေလို YUFL ကမဟုတ်တဲ့လူတွေကျတော့ ဘယ်မြင်ဖူးမလဲ ... ဓာတ်ပုံလေးတွေ တင်ပေးနော် ”
တစ်နေ့တခြားတက်လာသည့်ကောမန့်တွေကို ကြည့်ရင်း လေးဆက် ဘာပြန်ပြောရမှန်းမသိပေ။ အခုချိန်မှာ လေးဆက် ဝတ္ထုကို ဆက်ရေးပေမဲ့ ရင်ထဲမှာ တထိတ်ထိတ်စိတ်ပူနေရသည့်အကြောင်းအရာတစ်ခုကလည်း ရှိနေသေးသည်။ အဲဒါကတော့ သူ့ကို ဘယ်အချိန်မှာ ဈာန်ရောင်ခဆိုသည့်ကောင်လေး ပြဿနာလာရှာမလဲဆိုတာပင်။
လေးဆက် ဒီဝတ္ထုကို ရေးနေတာလည်း အချိန်ကာလအားဖြင့် သုံးလကျော် လေးလနီးပါးရှိသွားပြီ။ စက်တင်ဘာလမှာတော့ ဖြေဆိုရမည့် တက္ကသိုလ်ကျောင်းသားဘဝနောက်ဆုံးစာမေးပွဲကြောင့် Wattpad ကို Uninstall လုပ်ထားကာ စာကိုသာ အသည်းအသန်ဖိကျက်နေရသည့်အတွက် ဝတ္ထုအပိုင်းသစ်ကို တစ်လလုံးလုံး အပ်ဒိတ်မလုပ်ပေးနိုင်ခဲ့ချေ။
ဝတ္ထုထဲ၌လည်း တာရာက ဈာန့်ကို အဖြေပြန်ပေးခါနီးဆဲဆဲတွင် ရပ်ထားမိသဖြင့် စာဖတ်သူတော်တော်များများ၏ မေတ္တာပို့သမှုများကို လေးဆက်တစ်ယောက် တစ်လလုံးလုံးအံကြိတ်ခံလိုက်ရသည်။ ကောင်းခန်းရောက်မှ ရပ်ထားမိသည့်အတွက် စာဖတ်သူများအား အင်မတန်အားနာမိသော်လည်း မတတ်နိုင်။ စာမေးပွဲအောင်ပြီး ဘွဲ့တစ်ခုရဖို့က လောလောဆယ်တွင် လေးဆက်အတွက် အရေးအကြီးဆုံးဖြစ်သည်။ ကျန်သည့်အရာများအား လေးဆက် မစဉ်းစားနိုင်သေးပေ။
ထူးဆန်းသည်က စာမေးပွဲကြောင့် တစ်လလုံးလုံး ဝတ္ထုရေးခြင်းကို ရပ်နားထားမိပေမဲ့ လူစိတ်ဝင်စားမှုတွေက လျော့ကျမသွားသည့်အပြင် ဖတ်ရှုနှုန်းက ပို၍ပင်များပြားလာခဲ့သည်။
ဒီလိုမျိုးအုတ်အော်သောင်းနင်းဖြစ်နေသည့်အချိန်မှာ ဈာန်ရောင်ခလည်း ဒီဝတ္ထုကိစ္စကို သေချာပေါက်သိမည်ပင်။ ဒါပေမဲ့ ဘာလို့များ အခုအချိန်ထိ လေးဆက်ကို ပြဿနာလာမရှာရသေးတာလဲ။ ဒါက နည်းနည်းတော့ ထူးဆန်းနေသည်လေ။
ပုံမှန်ဆို ဂေးဇာတ်သွင်းခံလိုက်ရလို့ တုတ်ဆွဲ ဓားဆွဲပြီး လေးဆက်ဆီ ရောက်လာမှာ အသေအချာပင်ဖြစ်သည်။ အခုတော့ ဒီလောက် သူနဲ့ တာရာလင်းရဲ့သတင်းတွေ ပွထနေတာတောင်၊ အကုန်လုံးက သူတို့နှစ်ယောက်လုံးကို အပြင်မှာတကယ်ကြိုက်နေကြပြီလို့ ယူဆနေကြတာတောင် ဈာန်ရောင်ခဘက်က ဘာတစ်ခွန်းမှမဟဘဲ ငြိမ်ချက်သားကောင်းနေဆဲပင်။
အဲဒီလိုအခြေအနေမျိုးက လေးဆက်ကို ပိုပြီး တုန်လှုပ်စေသည်။ မသိရင် မုန်တိုင်းမတိုက်ခင် လေပြည်လေညင်းတိုက်ခတ်နေသလိုမျိုး။
ဧကန္တ လေးဆက်ဆီ ရောက်လာမဲ့ပြဿနာကို ဥဥတို့က သူတို့ကတိပေးထားသည့်အတိုင်း ကြိုတင်ဖြေရှင်းပေးထားလို့လား။ ဒါမှမဟုတ် သူများပြောနေကြသလို ဈာန်ရောင်ခနဲ့ တာရာလင်းတို့က အပြင်မှာ တကယ်ကြိုက်သွားကြလို့ ဒီဝတ္ထုရေးတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး လေးဆက်ကို ပြဿနာလာမရှာတော့တာလား။
တကယ့်အကြောင်းအရင်းမှန်ကို မသိရမချင်း လေးဆက် စိတ်အေးနိုင်မည်မထင်ပေ။ လူက သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်ဖြစ်နေသဖြင့် အနှီစိတ်ဒုက္ခပေါင်းစုံပေးသည့်ဝတ္ထုကို အမြန်ဆုံးလတ်စသတ်နိုင်ဖို့ လေးဆက် ကြံစည်ရလေသည်။
အမှန်တော့ လက်ရှိရေးနေတဲ့ဝတ္ထုကို လူသိများလာကတည်းက လေးဆက် အလန့်လွန်ကာ မြန်မြန်ဇာတ်သိမ်းရန်ကြံနေခြင်းဖြစ်သည်။ သို့သော်ငြား စက်တင်ဘာလမှာ စာမေးပွဲခံနေသည့်အတွက် လေးဆက် မှန်းထားသလောက် ခရီးမရောက်ခြင်းဖြစ်သည်။
ယခုလို စာမေးပွဲကြီးပြီးဆုံး၍ အရမ်းကိုလွတ်လပ်ရေးရနေသည့်အချိန်သမယကား လေးဆက်အဖို့ ဝတ္ထုရေးရန်အကောင်းဆုံးအချိန်ဖြစ်သည်။ ထို့အပြင် ဝတ္ထုဇာတ်သိမ်းဖို့ကလည်း နှစ်ပိုင်းလောက်ပဲ လိုတော့သဖြင့် ဒီနေ့တစ်နေ့လုံးကို လေးဆက် ဝတ္ထုရေးရင်း အချိန်ကုန်ဆုံးလိုက်သည်
အကျိုးရလာဒ်အနေနဲ့ကား တစ်နေကုန်အပင်ပန်းခံပြီးနောက် ညဘက်တွင် အပ်ဒိတ်လုပ်ရန် ဇာတ်သိမ်းပိုင်းနှစ်ပိုင်းရရှိလာခဲ့လေသည်။ ထို့နောက် ကျေးဇူးတင်စာလွှာလေးနှင့်အတူ အသစ်ရေးသားထားသော ဇာတ်သိမ်းပိုင်းနှစ်ပိုင်းကို တစ်ပြိုင်နက်တည်း တင်ပေးကာ နှုတ်ဆက်ကန့်လန့်ကာချလိုက်သည်။ ထို့နောက်တွင်မူ လေးဆက်ရဲ့စိတ်ထဲမှာ အချိန်အတန်ကြာရှိနေသည့် အစိုင်အခဲထုကြီးက ပြုတ်ကျသွားကာ ပေါ့ပါးသွားသလိုခံစားရသည်။
ဇာတ်သိမ်းပိုင်းနှစ်ပိုင်းကို တင်ပြီးပြီးချင်း တက်လာသည့်ကောမန့်များကို ဖတ်နေတုန်း လေးဆက်ရဲ့ Wattpad Message Box ထဲသို့ စာတစ်စောင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ လေးဆက် ဝင်ကြည့်လိုက်တော့ ပို့ထားသည့်စာက
“ ပျော်နေလား ”
ထိုစာကိုမြင်မြင်ချင်း လေးဆက် နှုတ်က လွှတ်ခနဲပြောမိသည်က
“ ဘာလဲဟ ”
ရုတ်တရက်ဖြစ်နေသည့်အပြင် ပို့လာသည့်စကားလုံးတွေက ထူးဆန်းနေသဖြင့် လေးဆက် ကြောင်အသွားရသည်။ တကယ်လည်း ထူးဆန်းနေသည်ပင်။ ပုံမှန်ဆို လေးဆက်ကို Message Box ကနေ လာစကားပြောသည့်သူ သိပ်မရှိပေ။ အလွန်ဆုံးရှိ တစ်ယောက် နှစ်ယောက်မျှသာ။ ဒါတောင် သူတို့က လေးဆက်ကို YUFL ကဟုတ် မဟုတ် လာအတည်ပြုကြခြင်းဖြစ်သည်။
ယခုလိုမျိုး အပ်ဒိတ်လုပ်ပြီးပြီးချင်းအချိန်ဆို ပိုလို့တောင် မရှိသေးပေ။ အကုန်လုံးက အပ်ဒိတ်ပေးထားတဲ့အပိုင်းတွေကို ဖတ်နေကြသဖြင့် စကားလာပြောကြမည်မဟုတ်ပေ။ အားလုံးနီးပါးက ကောမန့်ပေးကြသည်သာများသည်။
ထို့အပြင် ဒီမက်ဆေ့ပို့တဲ့အကောင့်နာမည်ကို လေးဆက် မရင်းနှီးပေ။ ကောမန့်တွေမှာလည်း တစ်ခါမှမတွေ့ဖူးသလို စကားပြောဖူးသည့်လူတွေထဲကလည်း မဟုတ်ချေ။
လေးဆက် သူမေးတာကို ပြန်မဖြေသေးဘဲ သူ့အကောင့်ထဲ အရင်ဝင်ကြည့်လိုက်သည်။ Follower လည်းမရှိသလို Work လည်းမရှိပေ။ သို့ပေမဲ့ သူ့ Following ထဲမှာတော့ လေးဆက်အကောင့်တစ်ခုတည်းပဲ ရှိနေကာ Reading List ထဲမှာလည်း လေးဆက်ဝတ္ထုတစ်ပုဒ်တည်းသာ ရှိနေသည်။
နေပါဦး ... ဒါက ဘာသဘောလဲ။ လေးဆက်လည်း ရုတ်တရက်ကြီးမေးလာတဲ့ မေးခွန်းတစ်ခုကြောင့် အတွေးတွေက ယောက်ယက်ခတ်ကုန်တော့သည်။ ပြီးတော့ မေးထားသည့်မေးခွန်းကလည်း အစမရှိ အဆုံးမရှိ ဘာကိုရည်ရွယ်မှန်းမသိသည့်မေးခွန်းကြီး။ လေးဆက် ဒီမေးခွန်းကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာတွေးနေတုန်းမှာပင်
တောင် !
နိုတီတစ်ခုက ထပ်တက်လာခဲ့ပြန်သည်။
“ အပျော်လွန်နေလို့ လွယ်လွယ်လေးမေးထားတာကိုတောင် ပြန်မဖြေနိုင်တော့ဘူးလား ”
နောက်ထပ်မက်ဆေ့ခ်ျတစ်စောင်ရောက်လာခဲ့သည်။ ဒီမေးခွန်းက ခုနကမေးခွန်းထက် နည်းနည်းပိုခေါင်းစားစရာကောင်းသွားသည်။ ဘာလို့ လေးဆက်ကိုမှ ဒီလိုမျိုးတွေ ပို့နေရတာလဲ။ နဂိုကတည်းကမှ လူက လိပ်ပြာမလုံလို့ အလိုလိုနေရင်း တုန်လှုပ်နေရတဲ့ကြားထဲ။
“ ပြန်ဖြေဖို့ အစီအစဉ်ရှိသေးရဲ့လား ”
နောက်ထပ်ဝင်လာသော မက်ဆေ့ခ်ျတစ်စောင်။ ဒီတစ်ခေါက်တော့ လေးဆက် မျက်မှောင်ကျုံမိလိုက်သည်။ ဒီအရာကား ကောင်းသောလာခြင်းမဟုတ်သည်မှာ သေချာနေသည်။ ဒီမေးခွန်းကိုမှ လေးဆက်ဘက်က ဘာမှပြန်မတုံ့ပြန်ရင် နောက်ထပ် ဘယ်လိုမေးခွန်းမျိုးတွေ ထပ်ပို့လာမလဲဆိုတာ မတွေးရဲတော့ပေ။ လေးဆက် အမည်မသိလူဆီကို ပြန်မေးခွန်းထုတ်မိသည်။
“ ဘယ်သူလဲ ... မင်း လူမှားနေပြီထင်တယ် ”
လေးဆက် ပို့ပြီးပြီးချင်းမှာပဲ ဟိုဘက်ကနေ မဆိုင်းမတွ မက်ဆေ့ခ်ျတစ်စောင်ချက်ချင်း ရောက်လာပြန်သည်။
“ ပြန်ဖြေလာပြီပေါ့ ... မဆိုးဘူး ... တိုးတက်လာတယ်လို့ပြောရမယ် ”
လေးဆက် မေးတာကို ပြန်မဖြေဘဲ တစ်ဖက်က ရွဲ့သလိုလိုလုပ်နေသည့်အတွက် လေးဆက် စိတ်အချဉ်ပေါက်လာရသည်။
“ မင်းက ဘယ်သူလဲလို့ ငါ မေးနေတယ်လေ ”
“ ပျော်နေလား ”
လေးဆက် ကြက်သေသေမိသွားသည်။ ဘယ်သူလဲလို့မေးလိုက်သည့် လေးဆက်ရဲ့မေးခွန်းကို ဟိုဘက်က ပျော်နေလားဆိုသည့်မေးခွန်းနှင့် ပြန်အဆုံးသတ်ပေးသည်။ ဒါမျိုးက အမေးအဖြေလို့ခေါ်ရမည်လား။ အမေးအမေးလို့ ခေါ်ရမည်လား။ လေးဆက် စိတ်မကျေမနပ်ဖြင့်
“ မင်း ငါ မေးတာကို မဖြေသေးဘူးနော် ”
“ ခင်များ ပျော်နေရဲ့လား ”
ဒီအထိတော့ လေးဆက် သည်းမခံနိုင်တော့ပေ။ ဘယ်လိုအရူးမျိုးက လေးဆက်ကို ဘာမဆိုင်ညာမဆိုင် မေးခွန်းတွေ လာမေးနေရတာလဲ။
“ မင်း ရူးနေတာလား ”
လေးဆက်ဘက်က မာမာထန်ထန်တုံ့ပြန်မိပေမဲ့ ဟိုဘက်ကတော့
“ မေးထားတဲ့မေးခွန်းကို အရင်ဖြေဦးလေ ”
ဪ ... သူကပဲ တစ်ပြန်စီး။ သူ့ရဲ့ဘာကို ရည်ရွယ်ပြီးမေးမှန်းမသိတဲ့ ပျော်နေလားဆိုတဲ့မေးခွန်းက တော်တော်အဓိပ္ပာယ်ရှိနေတာကိုး။
“ မင်းက အဆုံးမရှိ အစမရှိ ပျော်နေလားလို့လာမေးနေတာကို ငါက ဘုမသိဘမသိ ဘယ်လိုပြန်ဖြေပေးရမလဲ ”
“ ခင်များရဲ့စိတ်ထဲမှာ ပျော်နေရင် ပျော်နေတယ်လို့ဖြေလိုက် ... မပျော်ရင် မပျော်ဘူးလို့ ဖြေလိုက်လေ ... ရှင်းရှင်းလေးကို ... ”
ကျစ် ... မသိရင် လေးဆက်ကို လာရစ်နေသလိုပဲ။ လေးဆက် ဘာအမှားများ လုပ်ထားမိတာရှိလို့လဲ။
“ မင်းကရော ဘာလို့ အဲ့မေးခွန်းကို မေးရတာလဲ ”
“ ဒီတိုင်းပဲ ... ခင်များ ပျော် မပျော် သိချင်လို့ ... ”
တကယ့်အရူးပဲ။ တကယ်များ ရူးနေတာလား။
လေးဆက်ရဲ့စိတ်ရှည်သည်းခံနိုင်စွမ်းတွေက တစပြီးတစ ပျောက်ဆုံးလာနေပြီဖြစ်သည်။
“ ပျော်တယ် ... ငါ အခု ပျော်နေတယ် ... ရပြီလား ... အခု သေလောက်အောင် ပျော်နေတာမို့လို့ မင်း ငါ့ဆီ ဘယ်တော့မှ မက်ဆေ့ခ်ျထပ်မပို့နဲ့ ”
“ ခင်များ ပျော်နေတယ်ဆိုရင် ရပြီ ”
ဟိုဘက်က ပြန်ပို့သည့်စာကို မြင်မြင်ချင်း လေးဆက်ရဲ့မကျေမနပ်ဖြစ်နေသည့်မျက်ခုံးတန်းတွေက ပိုပြီးတွန့်ကျုံ့သွားခဲ့သည်။ ဒီစာက လေးဆက်ကို လာမျက်နှာပြောင်နေသလိုပဲ။
“ မင်း ခေါင်းရော ကောင်းသေးရဲ့လား ”
လေးဆက် မက်ဆေ့ခ်ျတစ်စောင်ထပ်ပို့လိုက်ပြီးနောက်ပိုင်းတွင်မူ ဘာတုံ့ပြန်မှုမှ မရှိတော့။
ဒီကောင် ဘာကောင်လဲဟ။ မက်ဆေ့ခ်ျတွေ လာပို့ပြီး မေးတဲ့မေးခွန်းကလည်း တစ်ခုတည်းကိုပဲ မဖြေမချင်းမေးနေတယ်။ အဲဒီတစ်ခုတည်းသောမေးခွန်းကလည်း ဘာအဓိပ္ပာယ်မှမရှိဘူး။
ငါ ပျော်လား မပျော်ဘူးလားဆိုတာကို သူက ဘာလုပ်မလို့လဲ။ ငါ့ဟာငါ ပျော်ပျော် မပျော်ပျော်လေ သူနဲ့ဘာဆိုင်လို့လဲ။
လေးဆက်တစ်ယောက် ခုနက ပဟေဋိဖြစ်နေသည့် မေးခွန်းအကြောင်းကို တစ်ကိုယ်တည်းတွေးတောနေရင်း ဒေါသထွက်နေမိသည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ထိုကဲ့သို့ လေးဆက် ဒေါသထွက်နေစဉ်မှာပင် တစ်ဖက်က ဖုန်းပေါ်မှာပြေးလွှားနေတဲ့ သွေးကြောစိမ်းတို့သမ်းနေသည့် လက်များဟာ လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့သည်။
ထိုလက်လေးများရဲ့ပိုင်ရှင်ဖြစ်ဟန်တူသည့် အေးစက်စက်လူတစ်ယောက်၏ နှုတ်ခမ်းထောင့်စွန်းမှာ ရုတ်တရက်ကွေးညွတ်သွားပြီး ရွှင်မြူးရိပ်သိသိသာသာပါဝင်နေသော စကားလုံးများက တိုးတိုးတိတ်တိတ် ထွက်ကျလာသည်။
“ ကိုကို ”
နာမ်စားလေးတစ်ခုတည်းပါပဲ။ နှစ်လိုမှုတွေ အပြည့်အနှက်ပါဝင်နေတဲ့နာမ်စားလေးတစ်ခုကို မြတ်မြတ်နိုးနိုးခေါ်လိုက်ခြင်းဖြစ်သည်။
“ ကိုကို ပျော်နေဖို့ပဲ လိုတာပါ ”
သိပ်သည်းဆထုထည်တွေ အပြည့်အဝပါဝင်နေသည့် စကားတစ်ခွန်းက ထိုလူ၏နှုတ်ဖျားကနေ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုမျှနှင့်တင် မရပ်တန့်သေး။ သူ၏လက်တွေက ကိုကိုရေးသားထားသည့် ဝတ္ထုအပိုင်းတစ်မှ နောက်ဆုံးတင်ထားသော အပိုင်းတွေအထိ Vote တွေ တရဆက်ပေးပစ်လိုက်သည်။
အခုချိန်ဆို ကြောင်ပေါက်စလေးတစ်ကောင် စိတ်တိုကာ မာန်ဖီနေမည့်ပုံအား တွေးမိရင်း သူ ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။
“ တကယ့်ကြောင်ပေါက်စလေးလိုပဲ ... ချစ်လိုက်တာ ”
Wattpad Message Box မှာ သွားစကားပြောနေရင်း သူမေးလိုက်သည့် တစ်ခုတည်းသောမေးခွန်းအတွက် တစ်ဖက်လူ၏တုံ့ပြန်မေးခွန်းများမှာ တဖြည်းဖြည်းနဲ့ ဒေါသအရိပ်အငွေ့တွေပါလာသည်က အသိအသာပင်မဟုတ်ပါလား။
အင်း ... စိတ်ကြီးတဲ့ကိုကိုကတော့ သူ့ကြောင့် အချိန်တိုင်းလိုလို ဒေါသထွက်နေရတော့မှာပဲ။ ဘယ်လိုလုပ်ကြမလဲ။ သူကလည်း ကိုကိုရဲ့ဒေါသသံလေးကိုမှ အမြဲကြားချင်နေတော့ ခက်သည်။
ထိုသူ၏ပြောစကား၊ အတွေးစကားများမှာ တစ်ဖက်လူအပေါ် ချစ်ခြင်းမေတ္တာများဖြင့် အနွေးဓာတ်များ လွှမ်းခြုံထားသည်မှာ အထင်အရှား။ ပြောလိုက်သည့်စကားလုံးတစ်လုံး၊ တွေးလိုက်သည့်အတွေးတစ်စတိုင်းမှာ တစ်ဖက်လူအပေါ် ချစ်ရိပ်များဖြင့် ပြည့်နှက်နေသည်။
သို့သော် တဖက်လူကတော့ သိနိုင်မည်မဟုတ်ပေ။ သိလည်းသိချင်နေမည်မဟုတ်ကြောင်းကို သူ့စိတ်ထဲမှ အလိုလိုနားလည်သဘောပေါက်မိနေသည်။
ဒီလူက သူ့ကိုကိုပဲလေ။ ကျန်တဲ့အရေးထက် ဒေါသထွက်တဲ့အရေးကိုပဲ ပိုဦးစားပေးတတ်တဲ့ သူရဲ့ကြောင်ပေါက်စလေး။ ဒီလိုလူကို ချစ်မိနေမှတော့ ဒီလူ၏ဒေါသများနှင့်လည်း အသားကျအောင်နေရမည်မဟုတ်ပါလား။
ထိုကဲ့သို့ သူက တစ်ဖက်လူအား မည်မျှချစ်မြတ်နိုးကြောင်းတွေးတောနေစဉ်တွင် အခြားတစ်ဖက်မှာတော့ လေးဆက်တစ်ယောက် တတောင်တောင်မြည်တွန်ကာ အဆက်မပြတ်တက်လာသောနိုတီများကို ကြည့်ကာ သွေးတက်နေလေသည်။
ဒါက လေးဆက်ကို သက်သက်ရွဲ့နေတာ။ လေးဆက်ရဲ့ဝတ္ထုကို အစအဆုံးတစ်ခုမှ မဖတ်ဘဲ Vote တွေချည်းပဲ တမင်ပေးသွားတာ။ ဒီတစ်ယောက် လေးဆက်ကို တမင်လုပ်နေတာ။ လေးဆက် ဒီထက်ပိုပြီးဆက်သည်းမခံနိုင်တော့ပေ။ စိတ်ဇောအဟုန်ကြောင့် လေးဆက်ရဲ့လက်တွေက အလျင်စလိုလှုပ်ရှားကာ တစ်ဖက်လူဆီ စာတွေကို ရိုက်ပို့လိုက်သည်။
“ မင်းက ဘယ်သူလဲ ”
“ အရမ်းအားနေတာလား ”
“ အရမ်းအားနေရင်လည်း မင်းဟာမင်း လုပ်ချင်တာလုပ်နေ ”
“ ငါ့ကို လာအနှောင့်အယှက်မပေးနဲ့ ”
“ တော်ပြီ ... မင်းလိုရူးကြောင်မူးကြောင်ကောင်နဲ့ စကားဆက်မပြောတော့ဘူး ”
“ ငါလည်း စကားမပြောတော့ဘူး ... မင်းလည်း လာစကားမပြောနဲ့တော့ ”
တတောင်တောင်နှင့် တက်လာသည့် မက်ဆေ့ခ်ျများကို ဝင်ဖတ်ကြည့်နေရင်း သူ ပြုံးမိသည်။ သူ ထင်ထားသည့်အတိုင်းပင် ကိုကို ဒေါသထွက်နေပြီဖြစ်သည်။
“ ကိုကိုကတော့ကွာ ... ”
တစ်ဖက်လူပို့ထားသမျှ ဒေါသထွက်နေသည့်စာလုံးလေးများကို သူ့လက်ဖြင့် ခပ်ဖွဖွတို့ထိပြီး ရွှင်မြူးနေတာကိုတော့ တစ်ဖက်လူသိနိုင်မည်မဟုတ်ချေ။
ပြောသားပဲ။ သူ့ရဲ့ကြောင်ပေါက်စလေးက တကယ်စိတ်ကြီးတာပါဆို။ သူ နည်းနည်းလောက်ဆွပေးလိုက်တာနဲ့ ကိုကိုက တစ်နေကုန်ဒေါသတွေထွက်နေမှာ သေချာပေါက်ပင်။ ပုံမှန်ဆို အေးအေးဆေးဆေးနေတတ်ပေမဲ့ စိတ်မကြည်သည့်အချိန်၊ စိတ်ရှုပ်နေသည့်အချိန်တွေဆိုရင် ကိုကိုက ပိုပြီး ဒေါသထွက်လွယ်သည်လေ။
ကိုကို့ကို ထပ်ပြီးဒေါသထွက်အောင် မလုပ်ချင်ပေမဲ့လည်း သူ့လက်တို့က ထိန်းချုပ်လို့မရပေ။ တစ်ဖက်လူပို့ထားသည့်စာလုံးလေးများကို ရွှင်မြူးစွာတို့ထိနေသည့် သူ့လက်ချောင်းများက Emoji တစ်ခုကို တမင်တကာရိုက်ပို့ပေးလိုက်သည်။
“ ❤️ ”
တောင် !
ဘယ်ကမှန်းမသိတဲ့ကောင်ကို အဖက်မလုပ်တော့ဘူးဟုတွေးထားသော်လည်း ရုတ်တရက် မက်ဆေ့ခ်ျတစ်ခုတက်လာသောကြောင့် ဘေးနားမှာချထားသည့်ဖုန်းကို အသာကောက်ယူကြည့်မိသည်။
လူ့စိတ်သည်ကား ဆန်းကြယ်လှ၏။ မလုပ်သင့်မှန်းသိရက်နဲ့လည်း လုပ်ကြည့်ချင်ကြသည်မှာ အမှန်ပင်။ ယခုတော့ ဖုန်းကောက်ကိုင်မိသည့် ကိုယ့်ကိုယ်ကို ကျိန်ဆဲရုံမှအပ တခြားမရှိတော့။
အသဲပုံတဲ့လား။ အသဲပုံတောင်မှ အနီရောင်အသဲပုံ။ သူက ဘာဖြစ်ချင်နေတာလဲ။
လေးဆက်ရဲ့စိတ်တွေက ပိုပြီးနောက်ကျိသွားရသည်။ ခုနကကျ ပျော်နေလားဆိုပြီး အစမရှိအဆုံးမရှိတဲ့မေးခွန်းကို မရမကမေးသွားသည်။ ယခုကျပြန်တော့လည်း ဘာမဆိုင်ညာမဆိုင် အနီရောင်အသဲပုံလာပေးသွားပြန်သည်။
လေးဆက် ပို့ထားသည့်စာတွေနှင့် အဲ့တစ်ယောက် ပြန်ပို့ထားသည့်အသဲပုံနဲ့က တကယ်ပဲ အမေးအဖြေကိုက်ညီနေတာလားဆိုတာကိုတော့ လေးဆက်လည်း မတွေးတတ်တော့ပေ။
အမှန်တော့ အစကတည်းက လေးဆက်၏အမှားပင်ဖြစ်သည်။ ပေါက်ကရမေးခွန်းတွေကို လာမေးနေကတည်းက Mute လုပ်ထားလိုက်ရမှာကို အဖက်လုပ်ပြီးစကားပြန်ပြောမိနေသည့် သူ့ကိုယ်သူသာ အပြစ်တင်မိတော့သည်။ အခု ဒီပေါက်ကရစကားတွေလာပြောနေတဲ့ Account ကို Mute လုပ်လိုက်ပေမဲ့လည်း လေးဆက်ကတော့ အပြောခံလိုက်ရသည်ပင်။
စိတ်ထဲတွင်လည်း အင်မတန်ရှုပ်ထွေးနေသည့်အတွက် အိပ်ရာပေါ်လှဲချလိုက်ကာ မျက်လုံးမှိတ်ရင်း အသာအယာအနားယူလိုက်မိတော့ အိမ်မက်ကမ္ဘာဆီ အလည်တစ်ခေါက်ရောက်သွားလေတော့သည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဒီနေ့တော့ လေးဆက် လှည်းတန်းစင်တာကို မနက်ကိုးနာရီထိုးကတည်းက ရောက်နေခြင်းဖြစ်သည်။ မနက်ကိုးခွဲအရောက်ဆိုပြီးချိန်းထားသော်ငြား ကျန်လေးယောက်မှာ အခုထိပေါ်လာဖို့နေနေသာသာ အရိပ်အယောင်တောင်မှ မတွေ့ရသေးပေ။ အခုဆိုရင် ဆယ်နာရီထိုးလုနီးပါးဖြစ်နေပြီ။
လေးဆက်တစ်ယောက်တည်း လှည်းတန်းစင်တာလိုနေရာမျိုးမှာ တစ်နာရီနီးပါး ဘာမှမဝယ်ဘဲ ဟိုလျှောက်ပတ်ကြည့် ဒီလျှောက်ပတ်ကြည့်နေရတာ အချိန်ကြာလာတော့ ကြောင်တောင်တောင်နိုင်သလိုမျိုး ခံစားလာရသောကြောင့် အချိန်မတိကျတဲ့ လေးယောက်အား စိတ်ထဲမှ မေတ္တာပို့သနေမိသည်။
ကံဆိုးချင်တော့ အဲဒီအချိန်မှာပဲ လေးဆက် ရုတ်တရက်အပေါ့အပါးသွားချင်လာသဖြင့် အိမ်သာရှိရာ အရပ်မျက်နှာဆီသို့ ဦးတည်ကာအပြေးသွားရလေသည်။ လှည်းတန်းစင်တာဆိုသည်မှာ လေးဆက်တို့အတွက်တော့ ဈေးဝယ်စင်တာဆိုသည်ထက် အိမ်သာကြီးပင်ဖြစ်သည်။
ခဲလေသမျှ သဲရေကျဆိုသည်မှာ ယခု လေးဆက် ကြုံနေရသည့်အဖြစ်ကို ဆိုလိုနေခြင်းပင်ဖြစ်သည်။ အပေါ့သွားချင်လို့ ရောက်ရာအရပ်ကနေ အိမ်သာရှိရာသို့ ကမန်းကတန်း ကစုန်ဆိုင်းပြီး အပြေးလာခဲ့ရတာကို အိမ်သာထဲလည်း ရောက်ရော လူက တစ်ခါတည်းအမောဆို့သွားရသည်။ အခုလိုမျိုး လေးဆက် အသည်းအသန်ဖြစ်နေချိန်ကျမှ အိမ်သာအားလုံးမှာ လူပြည့်နေသည်တဲ့လား။ ဘယ်လိုတောင်ကျီစယ်ရက်တဲ့ ကံကြမ္မာဆိုးကြီးလဲ။
သို့ပေမဲ့လည်း ကံကြမ္မာက လေးဆက်ကို ပစ်မထားဘဲ တဖန်မျက်နှာသာပေးပြန်သည်။ ခုန်ဆွခုန်ဆွနှင့် မရိုးမယွဖြစ်သည့်လေးဆက်ကို စာနာသနားသည့်အလား သိပ်မကြာခင်အချိန်အတောအတွင်းမှာပဲ ထောင့်စွန်းအိမ်သာထဲမှ လူတစ်ယောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။ အဲဒီအချိန်အခိုက်အတန့်လေးမှာ လေးဆက်ရဲ့ပျော်ရွှင်မှုတို့က လုံးဝကိုအဆုံးအစမရှိပင်ဖြစ်သည်။
“ တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ... အရမ်းအလျင်လိုနေလို့ပါ ”
အိမ်သာထဲမှ လူတစ်ယောက်ထွက်လာလာချင်း လေးဆက် ကြိုတင်တောင်းပန်စကားဆိုလိုက်တာ အဲ့လူရဲ့ပခုံးကို နည်းနည်းပါးပါးတွန်းတိုက်လိုက်ရင်း အိမ်သာထဲအပြေးဝင်လိုက်သည်။ တွန်းတိုက်မိလိုက်သောကြောင့် အားနာစိတ်ဖြစ်မိသော်ငြား မတတ်နိုင်။ လက်ရှိဘေးအန္တရာယ်ကို ဖြေရှင်းဖို့ကသာ အခုချိန်မှာ လေးဆက်အတွက် အရေးအကြီးဆုံးဖြစ်သည်။
သို့သော် လေးဆက် သတိမထားမိသည်က သူဝင်တိုက်မိလိုက်သည့်လူက လေးဆက် အိမ်သာထဲအပြေးဝင်သွားကာ တံခါးဆောင့်ပိတ်လိုက်သည်အထိ မမှိန်မသုန်စိုက်ကြည့်နေခြင်းကိုပင်ဖြစ်သည်။ အဲဒီနောက် ထိုလူက ဘေစင်ဆီကိုသွားကာ လက်ဆေးနေရင်း မှန်ကိုကြည့်ကာ သူ့ကိုယ်သူ ကြည့်ကောင်းအောင်ပြန်ပြုပြင်နေသည်။ ထို့နောက် နှုတ်ခမ်းစွန်းတို့ကို ကွေးညွတ်ကာ တစ်ချက်ပြုံးသည်။
“ ကိုကိုက သတိမထားမိသေးဘူးပဲ ”
တိုးတိုးရေရွတ်လိုက်သည့်အသံငယ်လေးကို ကာယကံရှင်မှလွဲ၍ တခြားလူကြားနိုင်မည်မဟုတ်ချေ။ အဲဒီနောက် ထိုလူက အပြင်သို့ ပြန်ထွက်သွားလေသည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
Phone Ringing ...
လေးဆက် ဘေစင်မှာလက်ဆေးနေရင်း ဖုန်းသံမြည်လာသဖြင့် ကြည့်လိုက်တော့ ဖုန်းခေါ်နေသူက ဥဥဖြစ်သည်။
“ ဟဲလို ”
“ လေးဆက် ... နင် အခု ဘယ်မှာလဲ ... ငါ လှည်းတန်းစင်တာကို ရောက်နေပြီ ”
ဖုန်းကိုင်လိုက်တာနဲ့ အသံဆိုးကြီးကို အရင်စကြားရတာ နားမခံသာပေ။ မသိရင် သူကပဲ အရင်ကြိုရောက်နေသလိုပုံစံနဲ့။ လေးဆက်ကဖြင့် သူတို့ကို တစ်နာရီကျော်တောင် စောင့်နေခဲ့ရတာ။
“ ငါ အခု အိမ်သာထဲမှာ ... ခဏနေထွက်လာခဲ့မယ် ... ဒါနဲ့ ဟိုအမွှာနှစ်ကောင်ရော ရောက်ပြီလား ”
“ အေး ... ရောက်နေပြီ ... ငါနဲ့ သူတို့မောင်နှမ လမ်းမှာတွေ့တာ ”
“ ဒါဆိုလည်း နင်တို့ ငါ့ကို Season မှာပဲ စောင့်နေလိုက် ”
“ အေး ... အေး ... ပြီးရော ... မြန်မြန်လာခဲ့နော် ... ဒါပဲ ”
ဖုန်းချပြီးတာနဲ့ လေးဆက် ချက်ချင်း Season ကို အပြေးသုတ်ရပြန်သည်။ Season ကိုရောက်တော့ မယ်မင်းကြီးမဥဥအပါအဝင် ဟိုအမွှာနှစ်ကောင်ကိုပါ တွေ့လိုက်ရသည်။ စားချင်သည့်မုန့်ကို သွားယူလိုက်ပြီး သူတို့ဦးပေးထားသည့်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ဒီတစ်ခေါက်လည်း ကိုယ်တော်ချော နောင်ခန့်က ပါမလာပြန်ပေ။
" ငါ့အချစ်လေးရော မလာသေးဘူးလား "
" နောင်ခန့်က ဒီနေ့ သူမလာဖြစ်တော့ဘူးတဲ့ သူ့အမေက ဗိုလ်ချုပ်ဈေးမှာ ပစ္စည်းသွားဝယ်ဖို့အဖော်မရှိလို့ သူ့ကိုခေါ်သွားတာနဲ့ ပါသွားတာ "
လေးဆက်ရဲ့အမေးကို ဥဥက အပိုအလိုမရှိ ကွက်တိပြန်ဖြေကြားပေးသည်။
" ငါ့အချစ်လေးက မိဘအပေါ် သိတတ်လိုက်တာ ... အချစ်လေးက ဟိုတစ်ခေါက်ကလည်း ငါ့အိမ်ကို မလာတော့ မတွေ့လိုက်ရဘူး ... အချစ်လေးရေ ... လွမ်းလိုက်တာ "
လေးဆက်ရဲ့ညည်းညူသံကို ကြားတော့ မြတ်သူရော ကျန်သည့်မမလေးနှစ်ယောက်ရော ရယ်နေကြသည်။
“ လေးဆက် ... မင်း အဲ့လိုကြပ်ကြပ်ပြောနေ ... ဟိုက ဒေါသထွက်လာရင် မင်းကို လက်သီးနဲ့ ထိုးသွားလိမ့်မယ် ”
မြတ်သူက လေးဆက်ကို ဦးတည်ပြီးပြောတော့ လေးဆက်ရဲ့ကိုယ်လေးက အလိုလိုကျုံ့သွားရသည်။
“ ငါ့အချစ်လေးက ငါ့အပေါ် အဲ့လောက်မရက်စက်ဘူး ... မယုံရင် စောင့်ကြည့်နေလိုက် ... ”
လေးဆက်ကို မြတ်သူက ပြောပြီးတော့ မေမြတ်ကလည်း အားကျမခံဝင်ပြောပြန်သည်။
“ နောင်ခန့်က အဲ့လိုမျိုးတွေ အခေါ်ခံရတာကိုမုန်းပါတယ်ဆိုမှ ... နင်က သူ့ကို အချစ်လေးလို့ ခေါ်ပြီး သွားသွားစနေလိုက် ... ”
လေးဆက်ကလည်း ဒီလောက်နှင့် အလျော့မပေးနိုင်ပါ။
“ ဖြစ်နိုင်ရင် မာမီ့ဆီကနေတောင် အချစ်လေးကို သွားတောင်းထားချင်တာ ... အချစ်လေးက စလို့ကောင်းလို့ ... ”
“ ဘာလဲ ... မာမီ့သားကို ကျွန်တော်ဆီ ပေးပါဆိုပြီးတော့လား ”
“ ဟဲ့ ... သေပါပြီ ... ကွက်တိပဲဟေး ... ”
ဥဥ ဝင်ပြောလိုက်သည့်အခါကျမှ အကုန်လုံး ပွဲကျသွားကြသည်။
အမှန်တော့ လေးဆက် နောင်ခန့်ကို စနေကျဖြစ်သည့် အချစ်လေးဇာတ်လမ်းက တတိယနှစ်မှာ စတင်လာခဲ့ခြင်းဖြစ်သည်။ ပြောရမည်ဆိုလျှင် အဲဒီဇာတ်လမ်းအစပြုရာ နေ့တစ်နေ့က လေးဆက်တို့အတွက် တကယ့်ကိုအံ့အားသင့်ခဲ့ရသည့်နေ့လည်းဖြစ်သည်။
ည ၉နာရီလောက်ရှိမည်ထင်၏။ လေးဆက်လည်း အိပ်ရာပေါ်မှာ အေးအေးဆေးဆေးဖုန်းသုံးနေတုန်း မြတ်သူဆီကနေ ဖုန်းဝင်လာခဲ့သည်။ အစကတော့ လေးဆက်လည်း ဒီကောင် ဒီတိုင်းပြောစရာစကားရှိလို့ ဖုန်းလှမ်းဆက်တာပဲ နေမှာပါလို့ ထင်ခဲ့ပေမဲ့ ဖုန်းကိုင်ပြီးပြီးချင်း ဟိန်းခနဲထွက်လာသည့် မြတ်သူရဲ့ “ ဟိတ်ကောင်ရေ နောင်ခန့် အချုပ်ထဲ ရောက်နေတယ် ” ဆိုသည့်စကားကိုကြားအပြီးမှာတော့ လေးဆက် ကိုင်ထားသည့် ဖုန်းတောင် အိပ်ရာပေါ် လွတ်ကျသွားခဲ့သည်။
နောင်ခန့်လိုလူက အချုပ်ထဲရောက်နေသည်ဆိုသည့်စကားက ဘယ်သူ့ကို သွားပြောပြော ယုံနိုင်ဖွယ်ရာပင်ရှိမည်မဟုတ်ပေ။ တက္ကသိုလ်မှာ EC ဆိုသည့်တာဝန်ကြီးကို ယူထားသည့်နောင်ခန့်က လူ့အရိပ်အကဲကို နားလည်နိုင်လွန်းသည်။ လေးဆက်တို့နဲ့ သူငယ်ချင်းဖြစ်နေသည့်သက်တမ်းတစ်လျှောက်မှာလည်း ဘယ်တုန်းကမှ နောင်ခန့် ရန်ဖြစ်နေသည်ဆိုသည့်သတင်းကို မကြားဖူးခဲ့ပေ။
ထိုမျှနှင့်မကသေး။ ရွယ်တူသူငယ်ချင်း၊ စီနီယာ၊ ဂျူနီယာ၊ ဆရာ၊ ဆရာမများသာမက ကျောင်းသားရေးရာဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများကပါ နောင်ခန့်ကိုဆိုလျှင် အလိုလိုရင်းနှီးချစ်ခင်ကြသည်။ အဲဒါက နောင်ခန့်ဘက်ကနေ အလျှော့ပေးပြီး တမင်တကာလုပ်ယူထားခြင်းမျိုးကြောင့်မဟုတ်ဘဲ နောင်ခန့်ရဲ့အေးဆေးတည်ကြည်မှု၊ ဖြောင့်မတ်မှန်ကန်မှုကနေတဆင့်ဖြစ်ပေါ်လာခဲ့သည့် ရလာဒ်ကောင်းများပင်ဖြစ်သည်ဟုဆိုရပေမည်။
ထို့အပြင် နောင်ခန့်က တစ်ချိန်တုန်းက ရုရှားမေဂျာရဲ့ The Whole King ဖြစ်ခဲ့ဖူးသေးသည်လေ။ အင်း ... ဟိုကောင်လေး မပေါ်လာခင်အချိန်အထိပေါ့။ ဒါတောင် နောင်ခန့်က ဟိုကောင်လေးကို မဲအနည်းငယ်ဖြင့် ကပ်ရှုံးသွားခြင်းဖြစ်သည်။ နောင်ခန့်ကလည်း သူ မေဂျာကင်းဖြစ်ရေး မဖြစ်ရေးကို အရမ်းအာရုံစိုက်သည့်ပုံလည်း မပေါ်ပေ။
ထပ်ပြောရမည်ဆိုလျှင် နောင်ခန့်လိုလူကလည်း သူ့မာမီ မျက်နှာပျက်အရှက်ကွဲအောင် ဘယ်တော့မှလုပ်မည့်သူမျိုးမဟုတ်ပေ။ ထို့အတွက်ကြောင့် နောင်ခန့် အချုပ်ထဲ ရောက်နေသည်ဆိုသည့်အကြောင်းအရာက လေးဆက်တို့ကို အကြီးအကျယ်အံ့အားသင့်သွားစေသည်။
ထိုသတင်းကိုကြားကြားချင်း လေးဆက်လည်း ကမန်းကတန်းအဝတ်စားလဲကာ ကြုံရာတက္ကစီငှားစီးပြီး နောင်ခန့် အချုပ်ကျနေသည့်ရဲစခန်းသို့ ရောက်သွားလေသည်။ ရဲစခန်းထဲသို့ ခြေချလိုက်မိသည့်အခါမှာ နောင်ခန့်မာမီအပါအဝင် မြတ်သူ၊ မေမြတ်၊ ဥဥတို့အကုန်လုံးကို တွေ့လိုက်ရသည်။ ဒီတစ်ခေါက်တော့ လေးဆက် နောက်ဆုံးမှ ရောက်သွားခြင်းဖြစ်သည်။
စခန်းမှူးက ညဘက်အချိန်မတော်ကြီး နောင်ခန့်နဲ့ ကောင်လေးနှစ်ယောက် ရန်ဖြစ်နေကြတာကို တွေ့သည့်အတွက် ရဲစခန်းမှာခေါ်ပြီး ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်းရှင်းပြသည်။ ရဲစခန်းထဲမှာ လေးဆက်တို့အပြင် ဟိုဘက်က ကောင်လေးနှစ်ယောက်ရဲ့အုပ်ထိန်းသူများလည်း ရောက်နေကြသည်။ ဟိုကောင်လေးနှစ်ယောက်ရဲ့မျက်နှာမှာလည်း ဖူးယောင်နေသည်ကို လေးဆက် တွေ့လိုက်ရသည်။
ထူးဆန်းသည်က ခပ်ချောချောကောင်မလေးတစ်ယောက်လည်း ရှိနေလေသည်။ အဲဒီကောင်မလေးက စခန်းမှူးအား သက်သေအဖြစ် အကြောင်းစုံရှင်းပြတော့မှ လေးဆက်တို့ထင်ထားသည့်အတိုင်း နောင်ခန့်ရဲ့အမှားမဟုတ်ကြောင်း သိလိုက်ရသည်။
ညဘက်သင်တန်းကနေ လမ်းလျှောက်ပြန်လာသည့်ကောင်မလေးအား ဟိုကောင်လေးနှစ်ယောက်ထဲမှ တစ်ယောက်က ချစ်ရေးဆိုတာ ဆွဲလားရမ်းလားလုပ်ခဲ့သည်။ ကောင်မလေးက ကြောက်ကြောက်နှင့် အကူအညီတောင်းတော့ အနီးမှာရှိနေသည့်နောင်ခန့်က ကူညီပေးခဲ့သည်ဟု ဆိုသည်။ အဲဒါကြောင့် ဟိုကောင်လေးနှစ်ယောက်က မကျေမနပ်ဖြင့် နောင်ခန့်အား ထိုးကြိတ်ကြသည်။ နောင်ခန့်ကလည်း ပြန်ထိုးသဖြင့် ထိုနားလေးမှာ ရန်ပွဲအသေးစားလေးဖြစ်ခဲ့လေသည်။
အကြောင်းစုံကို သိတော့ နောင်ခန့်မာမီက ဒေါသထွက်ပြီး ဟိုဘက်အုပ်စုကို တရားစွဲမည်ဟုခြိမ်းချောက်ကာ ဟိုကောင်လေးနှစ်ယောက်ကို နောင်ခန့်နှင့် ကောင်မလေးအား ပြန်တောင်းပန်ခိုင်းသည်။ ဟိုကောင်လေးနှစ်ယောက်ကလည်း ထောင်မကျချင်သဖြင့် နောင်ခန့်တို့အား တောင်းပန်ပြီး ခံဝန်ရေးထိုးကာ ဒီအမှုကို အဆုံးသတ်ခဲ့လေသည်။
နောင်ခန့်က ကိုယ်ခံပညာကျွမ်းကျင်ပေမဲ့လည်း နှစ်ယောက် တစ်ယောက်ဖြစ်နေသည့်အတွက် နှုတ်ခမ်းနည်းနည်းပေါက်သွားခဲ့သည်။ ထူးဆန်းသည်က မာမီက နောင်ခန့်ကို တစ်ချက်ကလေးမှ မဆူသလို နောင်ခန့်ကလည်း သူ့မာမီအပေါ် အားနာကြောက်ရွံ့နေတာမျိုးမရှိပေ။
ရဲစခန်းထဲက ပြန်ထွက်လာပြီးနောက် မာမီက လေးဆက်တို့တစ်အုပ်လုံးကို ညစာလိုက်ဝယ်ကျွေးကာ ကိုယ်ပိုင်ကားမရှိသည့်လေးဆက်ကိုတော့ အိမ်အထိပြန်လိုက်ပို့ပေးခဲ့သည်။
ဒီကိစ္စက ဒီလောက်နဲ့တင် ပြီးသွားပြီဟု အားလုံးက ထင်ခဲ့ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ အဲ့လိုဖြစ်မနေခဲ့ပါ။ နောင်ခန့်ရဲ့ရင့်ကျက်တဲ့အပြုအမူအောက်မှာ ဟိုကောင်မလေးက ကျရှုံးသွားခဲ့သည်တဲ့လေ။ အဲဒီနေ့ပြီးကတည်းက နောင်ခန့်ရှိရာ ဘယ်အရပ်ကိုမဆို ထိုကောင်မလေးက ရောက်အောင် လာခဲ့သည်။ လေးဆက်တို့နဲ့ အတူတူရှိနေသည့်အချိန်မှာတောင် ထိုကောင်မလေးက နောင်ခန့်ကို လာလာစကားပြောတတ်သည်။
တက္ကသိုလ်မတူတာတောင် နောင်ခန့်နှင့် အနီးဆုံးနေရာမှာ နေနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားအားထုတ်နေသည့်ကောင်မလေးကို ကြည့်ရင်း လေးဆက် တကယ်ချီးကျူးမိသည်။ ဒါမျိုးကို အချစ်စစ် အချစ်မှန်လို့ ပြောလို့ရလောက်သည်မလား။
သို့သော်ငြား ခက်နေသည်က ကိုယ်တော်ချော နောင်ခန့်ရိပ်ဖြာ။ နောင်ခန့်က ရေခဲတုံးလို အသည်းနှလုံးနှင့် လူစားမျိုးဖြစ်သည့်အတွက် ထိုကောင်မလေးရဲ့ချဉ်းကပ်မှုတွေက နောင်ခန့်အတွက်တော့ ကြည်နူးစရာမဖြစ်ဘဲ စိတ်ရှုပ်စရာတွေသာဖြစ်ခဲ့ပုံပေါ်သည်။ လူကဲခတ်ကျွမ်းကျင်သည့်နောင်ခန့်ကလည်း ထိုကောင်မလေးရဲ့စိတ်ကို သိပေမဲ့ မသိချင်ယောင်ဆောင်ကာ ညီမလေးတစ်ယောက်လိုပဲ ခပ်တန်းတန်းပြောဆိုဆက်ဆံခဲ့သည်။
ထိုအချက်ကပဲ ကောင်မလေးကို အားမလိုအားမရဖြစ်စေကာ ရင်နာစေသည်ထင်ပါရဲ့။ တစ်နေ့ကျတော့ ကောင်မလေးက နောင်ခန့်ကို သဘောကျကြောင်း ဖွင့်ပြောခဲ့သည်။ နောင်ခန့်ကလည်း ချက်ချင်းဆိုသလိုပင် ကောင်မလေးရဲ့အချစ်ကို ငြင်းပယ်ကာ ညီမလေးတစ်ယောက်လိုပဲ သဘောထားကြောင်း အတိအလင်းရှင်းပြခဲ့သည်။ သို့သော်ငြား ကောင်မလေးကလည်း ဇွဲကြီးသည်။ နောင်ခန့် မိန်းမမရမချင်း သူ လက်မလျော့ပါဟု ဗြောင်ဖွင့်ပြောကာ နောင်ခန့်နားမှာပဲ အရင်လိုကပ်တွယ်နေခဲ့သည်။
ဒီလိုအခြေအနေမျိုးက သူ့အတွက်လည်း မကောင်းသလို ကောင်မလေးအတွက်လည်း မကောင်းမှန်းသိနေသည့်နောင်ခန့်က လေးဆက်တို့သူငယ်ချင်းတစ်သိုက်ကို အကျိုးအကြောင်းဖွင့်ပြောကာ အကူအညီတောင်းခဲ့သည်။ ဒါတောင် နောင်ခန့်က ကောင်မလေးဘက်ကို ငဲ့ညှာကာ မယုတ်မလွန်ပြောပြခြင်းဖြစ်သည်။
သို့သော်ငြား လေးဆက်တို့ကား နောင်ခန့်မပြောပြခင်ကတည်းက ထိုအဖြစ်အပျက်အစအဆုံးကို သိနေကြခြင်းဖြစ်သည်။ လက်သည်တရားခံကား မေမြတ်နှင့် ဥဥ။ ထိုကောင်မလေးက နောင်ခန့်နားချဥ်းကပ်လာကတည်းက တစ်ခုခုမှားနေပြီဆိုတာကို အနံ့ခံမိနေကြသည့်အလျောက် မမလေးတို့နှစ်ယောက်က အကုန်လိုက်စုံစမ်းထားကြခြင်းဖြစ်သည်။ သို့သော် နောင်ခန့် အကူအညီတောင်းချိန်တွင်မူ လေးဆက်တို့အားလုံး ဇာတ်တိုက်ထားသည့်အလား ထိုကိစ္စကို မသိချင်ယောင်ဆောင်ခဲ့ကြသည်။
နောင်ခန့်ကို ကူညီဖို့အတွက် မေမြတ်နဲ့ ဥဥရဲ့အကြံပေးမှုအရ လေးဆက်က နောင်ခန့်ရဲ့ချစ်သူအဖြစ် သရုပ်ဆောင်ပေးရာကနေ အချစ်လေးဆိုသည့်အမည်အခေါ်အဝေါ်က စတင်လာခဲ့သည်။ အစကတော့ မေမြတ်က နောင်ခန့်ရဲ့ချစ်သူအဖြစ် ဟန်ဆောင်ပေးဖို့ကြံပေမဲ့ ဟိုကောင်မလေးက နောင်ခန့်မှာ မိန်းကလေးချစ်သူရှိရုံလောက်နဲ့ နောက်ဆုတ်မှာမဟုတ်ပေ။ ထို့အတွက် နောင်ခန့်က ဂေးအဖြစ်ဟန်ဆောင်ခဲ့ရသလို လေးဆက်ကလည်း နောင်ခန့်ရဲ့ချစ်သူအဖြစ် ဟန်ဆောင်ပေးခဲ့ရသည်။
ထိုကောင်မလေးကလည်း ဒီလိုကိစ္စမျိုးကို လွယ်လွယ်ကူကူယုံကြည်မည့်သူ မဟုတ်ပေ။ ထို့အတွက်ကြောင့် လေးဆက်တို့ တစ်လကျော်လောက်အထိ ချစ်သူရည်းစားဟန်ဆောင်ခဲ့ကြရသည်။ အဲဒီနောက် ထိုကောင်မလေးကလည်း နောင်ခန့်ကို လက်လျော့သွားကာ အသည်းကွဲပြီး နိုင်ငံခြားသို့ ကျောင်းသွားတက်လေသည်။
အချစ်လေးဆိုသည့်အခေါ်အဝေါ်ကလည်း လေးဆက်တို့ ချစ်သူရည်းစားဟန်ဆောင်နေချိန်တွင် လေးဆက်က နောင်ခန့်ကို ခေါ်ဝေါ်သည့် နာမ်စားဖြစ်သည်။ အဲဒီအချိန်ကနေစပြီး လေးဆက်က အကွက်ရရင်ရသလို နောင်ခန့်ကို အချစ်လေးလို့ခေါ်ကာ အသားယူတတ်လာခြင်းဖြစ်သည်။ နောင်ခန့်ကလည်း ထိုကဲ့သို့ အခေါ်ခံရတိုင်း မျက်မှောင်ကြီးကျုံ့ကာ လေးဆက်ကို ဆဲလေသည်။ ဘယ်လောက်အဆဲခံရပါစေ လေးဆက်ကလည်း နောင်ခန့်ကို စမြဲအတိုင်း ဆက်စနေမိသည်။
“ အဲ့ဒါတွေထားလိုက်ဦး အခု ငါတို့လုပ်ရမဲ့ကိစ္စကိုပဲ အရင်ပြောကြမယ် ”
မေမြတ်ရဲ့အသံစာစာကြောင့် လေးဆက်ရဲ့အတိတ်ဖြစ်ရပ်တွေဆီ ပျံ့လွင့်နေသည့်အတွေးအာရုံက ပစ္စပ္ပုန်ဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။
“ ဟုတ်တယ် ... ဟုတ်တယ် အခုကိစ္စက ပိုအရေးကြီးတယ် ”
မေမြတ်ရဲ့စကားကို မြတ်သူကပါ ဝင်ထောက်ခံပေးနေသည်။
“ အင်္ဂလိပ်ဒီပလိုမာဝင်ခွင့်လျှောက်ဖို့အတွက်မလား ... ငါက လျှောက်မှာ ... နင်တို့သုံးယောက်ရော ... ”
အခုချိန်မှာ လေးဆက်တို့ရဲ့ရုရှားနောက်ဆုံးနှစ်အောင်စာရင်းလည်း ထွက်သွားပြီဖြစ်သည့်အတွက် မကြာခင် လေးဆက်တို့ ဘွဲ့ယူရတော့မှာဖြစ်သည်။ သို့သော် ကျောင်းတော်ကြီးနှင့် ဝေးရာအရပ်ဆီ မခွဲခွာချင်သေးသည့်လေးဆက်တို့ကတော့ အင်္ဂလိပ်ဒီပလိုမာဆက်တက်ဖို့ တိုင်ပင်ထားကြသည်။
“ ငါတို့မောင်နှမလည်း လျှောက်မှာ ... အိမ်မှာ အကုန်တိုင်ပင်ပြီးသွားပြီ ... ဥဥ ... နင်ရော ... ”
“ ငါကတော့ မတက်ဖြစ်တော့ပါဘူးဟယ် ... စာတွေထပ်လုပ်ရမှာ ပျင်းတယ် ”
ယခုအခြေအနေအရ လေးဆက်နှင့် မေမြတ်တို့မောင်နှမက ဒီပလိုမာတန်းဆက်တက်ဖို့ ကျိန်းသေနေပြီ။ ထုံးစံအတိုင်း လေးဆက်ကတော့ အချစ်လေးအကြောင်း ထည့်မပြောရရင် မနေနိုင်သူမို့
“ ဒါနဲ့ ငါ့အချစ်လေးကရော တက်မှာတဲ့လား ”
“ နောင်ခန့်က သူ ဧည့်လမ်းညွှန်သင်တန်းတက်မှာမို့လို့ အစကတည်းက အင်္ဂလိပ်ဒီပလိုမာတန်းကို မတက်ဖြစ်တော့ဘူးလို့ ပြောထားတယ်လေ ... ဝမ်းမနာသားလေးရဲ့ ... ”
မြတ်သူရဲ့အပြောကို လေးဆက် သည်းခံရိုးထုံးစံမရှိသည့်အတွက်
“ အတည်ပြန်ပြုတာလေ ... ဘာဖြစ်တာလဲ ... အတည်ပြုလို့ မရဘူးလား ... ခွေးသူတောင်းစားလေး ... ”
“ တော်ပြီဟယ် ... တော်ပြီ ... နင်တို့နှစ်ကောင်လည်း အားနေ ကိုက်မနေကြနဲ့ ... ငါနဲ့ မေမြတ်ကို အလယ်မှာထားပြီး နင်တို့ပဲ ကိုက်နေလိုက်ကြ ... ”
စကားစစ်ပွဲဖြစ်တော့မှာကို ကြိုမြင်သည့်ဥဥက လေးဆက်တို့ကို ဝင်ဟန့်သည်။
“ အေးလေ ... ဒီတစ်ခေါက် ဥဥပြောတာ ငါ ထောက်ခံတယ် ... မြန်မြန်စားကြ ... ပြီးရင် ကျောင်းသွားပြီး ဖောင်တင်ရဦးမယ် ”
မေမြတ်ရဲ့လှုံ့ဆော်သံကြောင့် လေးဆက်တို့လည်း စားစရာရှိတာ မြန်မြန်သွက်သွက်စားကြပြီး ကျောင်းတော်ရှိရာသို့ ခြေလှမ်းဦးတည်ကြလေသည်။
10:52 A.M
31.12.2020 ( Thursday )
ပုံမှန်ဆို ၁ရက်နေ့မှ တင်ရမှာပေမဲ့ Happy New Year အထိမ်းအမှတ်အနေနဲ့ ဒီနေ့အတွက် တစ်ပိုင်း တင်ပေးလိုက်ပါတယ် ❤️
Happy New Year ပါ ❤️
အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ❤️