Chapter : 3

6.4K 623 19
                                    

အမှောင်ထု။ အေးစိမ့်နေပြီး အလင်းရောင်စိုးစဉ်တစ်စိမျှ မရှိတဲ့ အမှောင်ထု။

နိုအယ် ထိုအမှောင်ထုအလယ်၌ ရပ်နေရင်းပင် ဦးတည်ချက်ပျောက်နေခဲ့သည်။ ဘယ်အရပ်ကိုကြည့်ကြည့် သူ့အမြင်အာရုံ၌ နက်မှောင်နေသော အမှောင်ထုကြီးကသာ ကြီးစိုးနေသည်။ သူ အရှေ့ကို မမြင်မကန်းဖြင့် တစ်ချက် လှမ်းလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ မည်သည့်ဦးတည်ရာကို ရွေးစေကာမူ သူသွားနေသော လမ်းက မှားမြဲမှားနေလိမ့်မည်ဟု ထင်နေမိသည်။ သို့သော် သူဒီအတိုင်း ရပ်တန့်နေလို့မရပါချေ။ အနည်းဆုံး မမြင်မစမ်း လျှောက်ပါက တစ်နေရာရာသို့ ရောက်ပါလိမ့်မည်။ သူ့အနေနဲ့ ဤ အမှောင်ထု​၏ဗဟိုမဟုတ်သော တစ်နေရာရာကို ရောက်ဖို့က အရေးကြီးသည်မဟုတ်ပါလား။

အဓိက နိုအယ် ရှာရမည့်အရာမှာ မီးအလင်းရောင်ပင်။ သို့သော် မီးအလင်းရောင် ပေးစွမ်းနိုင်သော မီးအိမ်တွေကို ဟာလာဟင်းလင်းပြင်၌ ရှာဖွေ၍မရ။ သူ့အနေနဲ့ လူနေအိမ်တစ်ခုခုကို ရှာဖွေမှ ရပေမည်။

"နိုအယ်"

ထိုစဉ် သူ့ရဲ့ နားထဲသို့ ရင်းနှီးနေသော အသံတိုးတိုးညင်းညင်း တစ်သံက ပဲ့တင်သံထပ်၍ ဟိန်းကာ ဝင်ရောက်လာသည်။

"အမေ"

သူအော်ကာ တုံ့ပြန်လိုက်သော်လည်း မည်သည်တုံ့ပြန်သံမှ ပြန်မကြားရ။

"အမေ"

ဒုတိယအကြိမ်အဖြစ် နိုအယ် အသံကုန်အော်ဟစ်ပစ်လိုက်သည်။ အမေ့ကို တွေ့လိုတွေ့ငြား နိုအယ်သည် မမြင်ရသော အမှောင်ထုထဲ စက်ဝိုင်းသဖွယ်ပြေးလွှားကာ လိုက်ရှာနေမိလေသည်။

"အမေဒီမှာ"

သူ့အနောက်ကနေ အမေ့အသံထွက်ပေါ်လာ၍ နိုအယ် ဝမ်းသာအားရ နောက်သို့ ချက်ချင်း လှည့်လိုက်သည်။ အမေက သူ့ရဲ့ရှေ့ နှစ်လက်မပင်မကွာတော့သော အကွာအဝေး၌ ကျောက်ရုပ်သဖွယ်ရပ်နေခဲ့သည်။

"အမေ။ အမေ ဘာလို့ ဒီကိုရောက်နေတာလဲ??"

နိုအယ် အမေ့ကို မော့ကြည့်လိုက်မိသည်။ အမေ့ဆံပင်တွေသည် သပ်ရပ်စွာ ဖြီးလိမ်းပြင်ဆင်ထားခြင်းမရှိပဲ ဖွာလန်ကျဲကာ ပုခုံးနှစ်ဖက်ထက်၌ ဝဲကျနေသည်။ ဝတ်ဆင်ထားသော အဝတ်အစားမှာလည်း ဖရိုဖရဲပင်။ ဆွယ်တာသားနှင့် ချုပ်ထားသော ကုတ်အင်္ကျီကို ဝတ်ထားကာ ညာဘက်လောက်မောင်းလျှောက်ပြဲဟနေသည်ကို တွေ့ရလေသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Onde histórias criam vida. Descubra agora