“ သီချင်းပြောင်းပေးပါလား ကျန့်ကော။ ဒီ့ထက်ပိုပြီး မြူးမယ့်ဟာလေး ”

ဒါတောင်တော်တော်မြူးနေပြီလေ။ မင်းကဘာလို့ ဒီလောက်နဲ့တင်မလုံလောက်နိုင်သေးတာလဲ။ ပြောချင်တဲ့စကားလုံးတွေအပြည့်နဲ့ ဘေးကိုလှည့်ကြည့်လိုက်တော့ မျက်လုံးကိုဝိုင်းထားပြီး သွားအဖြီးသားလုပ်ထားတဲ့ ပါးဖောင်းတွေရှိတဲ့မျက်နှာသေးသေးကိုမြင်လိုက်ရတယ်။ ပူဆာတာကိုလိုက်လျောအောင် မျက်နှာချိုသွေးထားပုံက ဆူပူတော့မယ့်ရှောင်းကျန့်စကားတွေကို လေထဲအငွေ့ပျံသွားအောင်လုပ်ပစ်လိုက်သလိုပါပဲ။

“ ဘေးခလုတ်နဲ့ပြောင်းလို့ရတယ်။ မင်းဟာမင်းကြိုက်ရာရွေးတော့ ”

“ ဟုတ် ! ”

တက်ကြွစွာဖြင့် လက်ချောင်းလေးတွေက screenထက် ဟိုဟိုဒီဒီပြေးကုန်တယ်။ ကျန်လက်တစ်ဖက်ကတော့ လွယ်အိတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက်သား။

“ လွယ်အိတ်က အနောက်ခုံမှာထားလိုက်လေ ”

လွယ်အိတ်ကိုင်ထားတဲ့ထိုကလေးပုံစံက လွတ်လပ်တဲ့ပုံစံမပေါက်တာကြောင့် ရှောင်းကျန့်မရည်ရွယ်ပဲ လွှတ်ခနဲပြောမိသွားတယ်။ စိတ်ကြိုက်သီချင်းတစ်ပုဒ်ရွေးပြီးသွားတဲ့ထိုကလေးက လွယ်အိတ်ပေါ်လက်နဲ့တပုတ်ပုတ်လုပ်ရင်းကနေ ရှောင်းကျန့်ကိုလှည့်ကြည့်လာတယ်။

“ ဒီနေ့ အိမ်ရဲ့ဟိုဖက်လမ်းကပန်းခြံထဲမှာ လိပ်ပြာတွေဓာတ်ပုံရိုက်မယ်ဆိုပြီးလေ ပါးပါးရဲ့ကင်မရာကိုခိုးယူလာတာ။ အထဲမှာကင်မရာပါတော့ အနောက်မှာထားလိုက်ရင် ခုန်တာဘာညာနဲ့ ပျက်စီးမှာဆိုးလို့လေ ”

ရှောင်းကျန့် မျက်ခုံးပင့်မိသွားတယ်။ စတွေ့တည်းက ဒီကလေးစကားတတ်တာသိပေမယ့် ဒီလောက်တတ်မယ်လို့တော့မထင်ထား။ အခုတော့ စကားစုရှည်ကြီးကို နှုတ်ခမ်းလေးစုလိုက်ချွန်လိုက်နဲ့ပြောသွားပုံက လူကြီးတစ်ယောက်အတိုင်းပင်။ မီးနီမိလို့ ကားရပ်လိုက်ရတာသာမဟုတ်ရင် ရှောင်းကျန့် ထိုကလေးရဲ့စကားပြောပုံကို သေချာမြင်ခွင့်ရလိုက်မှာမဟုတ်ဘူး။ ပင့်တင်ထားတဲ့မျက်ခုံးနှစ်ဖက်ကို နဂိုအနေအထားပြန်မထားနိုင်ပဲ ထိုကလေးကိုသာကြည့်နေမိတယ်။

M A Z EWhere stories live. Discover now