Part..26

6.6K 655 99
                                    

  အပိုင်း..၂၆
မှိတ်တုတ် မှိတ်တုတ် ကြယ်ကလေးတွေက ဟိုးကောင်းကင်အမြင့်ကနေ မြေပြင်ကို ငုံ့ငေးနေသလို မြေပြင်က လူကလည်း ကောင်းကင်ကြယ်ကို မော့ငေးနေသည် ။ သူတို့ အကြည့်ချင်းဆုံမိကြမလား ။ ကြယ်ကလေးတွေမှာကော လူတွေကိုပြောပြချင်နေတဲ့ အကြောင်းအရာတွေ ရှိနေမလား ။ သူတို့ လောကမြေပြင်ပေါ်ကို ခုန်ဆင်းလာတာက
သူတို့ကို မော့ငေးနေတဲ့ တစ်စုံတစ်ယောက်ဆီကိုလား ။ ဆုံနိုင်မှာ မဟုတ်မှန်း သိရဲ့နဲ့ ဆုံကောင်းဆုံနိုင်ရင်ဆိုတဲ့ ရူးရူးမိုက်မိုက် မျော်လင့်ချက်နဲ့ ခုန်ဆင်းလာတာများလား ။

    ညကောင်းကင်ကြီးကို မော့ငေးရင်း အတွေးတွေများနေတဲ့ သူမ ။နွေဦးလေပြည်က တောင်ကုန်းထိပ်ကအိမ်ကလေးရဲ့ ဝရန်တာဆီကို ဦးတည်တိုက်ခတ်နေသလိုလို။ နွေလေဆိုပေမဲ့ ဆောင်းရဲ့ အငွေ့အသက်တို့ မပြယ့်တပြယ် ညဦးမှာ တိုက်ခတ်တဲ့လေက အေးစိမ့်နေသည် ။ ညအေးအေးမှာ  ဝရန်တာလက်ရန်းကို မှီရပ်ပြီး ကောင်းကင်ကြယ်တွေကို ငေးမောနေတဲ့ အမျိုးသမီးရဲ့ ဆံနွယ်နဲ့ အဝတ်အစားတွေက လေထဲမှာ တဖျပ်ဖျပ် မျောလွင့်နေကြသည် ။

     အမျိုးသမီးရဲ့ စိတ်တွေကလည်း အဝတ်အစားတွေလိုဘဲ လေပြည်နဲ့အတူ မျောလွင့်လို့် ။ ပြန်စဉ်းစားလိုက်တိုင်း မနေ့တနေ့ကလို အဖြစ်အပျက်တွေ ။ သေချာပြန်တွက်ကြည့်ရင်တော့ နှစ်နှစ်ဆိုတဲ့ အချိန်က လှုပ်ခတ်ယိုင်နဲ့ခဲ့တဲ့စိတ်ကို အတော်အတန် ခိုင်ကျည်စေခဲ့ပြီ ။

    ထိုတစ်နေ့က အဖြစ်အပျက်တွေကို ပြန်မြင်တိုင်း အခုဘဲ ခံစားရသလို မျက်ရည်ကျတုန်း ။ ပါးပြင်တစ်ဖက်က ကျိန်းစပ် နာကျင်လာတုန်း ။ ခြေဦးတည့်ရာ ထွက်ပြေးခဲ့တဲ့ ခြေလှမ်းတွေက ညောင်းညာလာတုန်း ။မုန်းတီးစွာ စိုက်ကြည့်နေတဲ့ မျက်ဝန်းအကြည့်တွေကို ပြန်မြင်ယောင်တိုင်း ရင်တစ်ခုလုံး မွမွကြေရတုန်း ။ နှစ်နှစ်ပေါ့ ။  ဖြစ်ခဲ့တာ နှစ်နှစ် ပြည့်ခါနီးပြီ ဆိုပေမဲ့  အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလို လတ်ဆတ်နေတုန်း ။ လေကြောင့်အေးနေတဲ့ ပါးပြင်ပေါ် အနွေးစီးကြောင်းလေ ဖြတ်စီးကျနေသည် ။

     "ဆရာမ... အပြင်မှာအေးတယ်လေ...အိပ်သေးဘူးလား... "
     နောက်ကျောကနေ ထွက်လာတဲ့ ခပ်ဝဲဝဲအသံကြောင့် အတိတ်သို့ ရောက်နေတဲ့စိတ်က ပစ္စုပ္ပါန်သို့ အပြေးပြန်ရောက်လာသည် ။ နောက်လှည့်မကြည့်ပေမဲ့ အသံရှင်က ဘယ်သူလဲဆိုတာ သိပါသည်။ ပါးပြင်ပေါ်က မျက်ရည်တို့ကို ကမန်းကတမ်း သုတ်လိုက်ပြီးမှ ငိုသံမပါအောင် အသံကိုထိန်းပြီး စကားပြန်ရသည် ။

      "အိပ်တော့မယ် နန်းဦးရေ... တရေးနိုးလာတာလား... "

      "ဆရာမ မအိပ်သေးဘဲ ငါ ဘယ်တုန်းက အိပ်ဖူးလို့လဲ...ဆရာမ အိမ်ထဲဝင်လာမဲ့အချိန်ကို စောင့်နေရင်း ငါ ငိုက်နေပြီကော... "

    အို။ အားနာစရာ ။ ကိုယ့်ဆန္ဒကို ရှေ့တန်းတင်ထားတိုင်း ပတ်ဝန်းကျင်ကို မေ့လျော့နေမိတဲ့ အကျင့်ကို ခုထိမပြင်နိုင်သေး ။

      " အိပ်နှင့်ရောပေါ့ နန်းဦးရယ်...
တနေကုန်လယ်ထဲ ယာထဲ ပင်ပန်းနေတာ...
ညတိုင်းကျွန်မကို မစောင့်ပါနဲ့ဆိုတာ ...ကဲ ကဲ အိပ်တော့နော် ..."

    အိမ်ထဲလှမ်းဝင်ရင်း ရေရွတ်တော့ ရိုးသားတဲ့ မျက်ဝန်းတွေနဲ့ နေလောင်မျက်နှာတစ်ခုက ကွမ်းစားထားတဲ့ သွားတွေ ပေါ်အောင် ပြုံးပြနေသည် ။ ဘာမှတော့မတုန့်ပြန်။

    " လေတိုက်ထဲ ရပ်နေတာ နင့်ခြေလက်တွေ အေးနေရောပေါ့ ဆရာမရေ ... ကော်ဖီသောက်မလား...ငါဖျော်လိုက်မယ်လေ.."


     " မသောက်တော့ပါဘူး နန်းဦးရယ်...ဒီအချိန် ကော်ဖီသောက်ရင် တစ်ညလုံး အိပ်တော့မှာ မဟုတ်ဘူးလေ ...သွား သွားအိပ်တော့..."

       ဆိုလာမီးအိမ်ရဲ့ အလင်းအောက်မှာ နာရီက ဆယ့်တစ်ခွဲကို ညွှန်ပြနေပြီ ။ တနေကုန်ပင်ပန်းထားသူ အဖို့က ဒီအချိန်ဆို တရေးနိုးချိန် ဖြစ်နေရမှာ။ သူမမျက်ဝန်းတွေ ပြူးကျယ်နေသေးပေမဲ့ သူမ အိမ်ထဲမဝင်မချင်း ထိုင်စောင့်နေတဲ့သူကို အားနာစိတ်ကြောင့် အိပ်ခန်းထဲ လှမ်းဝင်ပြီး ကုတင်ပေါ်ကို လှဲချလိုက်သည် ။ အိမ်လယ်ခန်းမီးကတော့ မှိတ်သွားပြီ ။ခေါင်းရင်းက မီးခလုတ်ကို လှမ်းပိတ်လိုက်တော့ တစ်အိမ်လုံးမှောင်အတိကျသွားသည် ။

   ညအိပ်မီးလေးမှ ထွန်းမထားရင်
အိပ်မက်ဆိုးတွေမက်တယ်ဆိုတဲ့ တစ်ယောက်ကော ခုချိန်ဆိုအိပ်မောကျနေပြီလား။ ဘယ်သူနဲ့ အတူရှိနေမလဲ ။တစ်ယောက်တည်း ဖက်လုံးလေးကို တင်းတင်းဖက်ရင်း အိပ်မက်ဆိုးတွေနဲ့ နပန်းလုံးနေမလား။  တစ်စုံတစ်ယောက်ကို လွမ်းလို့ ခေါင်းအုံးလေးကို မျက်နှာအပ်ပြီး ကြိတ်ငိုနေမလား။ ဒါမှမဟုတ် အစ်ကိုလို့ ခေါ်တဲ့သူရဲ့ ရင်ခွင်ထဲမှာ...ဟင့်အင်း။ တော်ပြီ ဆက်မတွေးနဲ့ ။

     စောင်ကို ခေါင်းမြီးခြုံလိုက်ရင်း မျက်ခွံတံခါးကို အတင်း ဆွဲပိတ်လိုက်မိသည် ။ မျက်ဝန်းပိတ်လိုက်တာနဲ့ အတိတ်တွေပါ မှောင်ကျသွားရင် သိပ်ကောင်းမှာဘဲ ။ ခုတော့ အမှောင်ရင့်လာလေလေ အတိတ်က အမှောင်ထဲက ကြယ်တွေလို မှတ်ညဏ်ထဲ တဖျပ်ဖျပ် လင်းလာလေလေ ။ မျက်ရည်စိုညတွေက ဒီတစ်သက် ကုန်ခမ်းနိုင်ပါဦးမည်လား ။

        ***@@@***@@@***@@@***

       "ဆရာမရေ ...ကျောင်းသွားရင် နွေးနွေးဝတ်သွားနော...ဆောင်းကုန်နွေ ကူးစဆိုတော့ ရာသီအကူအပြောင်းမှာ ဖျားနာသူများတယ်...တော်ကြာ နေမကောင်းဖြစ်နေမယ်...မနက်စာ ထမင်းပူပူနဲ့ ငါးရံ့ခြောက်မီးကင် ဆီဆမ်းထားပေးတယ်... နွေးအောင်ကော်ဖီဖျော်သောက်နော...ငါ လယ်ထဲဆင်းတော့မယ်...နေ့လည်စာက  ငါအစောပြန်ရောက်ရင် လာပို့မယ်နော... "

       " ဟုတ်ကဲ့ နန်းဦးရေ..."

    စောင်ခေါင်းမြီးခြုံထဲကနေ ပြန်အော်ရင်း နဖူးနဲ့ဒူးနဲ့ထိအောင် ကွေးလိုက်မိပြန်သည် ။ မနက်စောစော လယ်ထဲယာထဲ ဆင်းတဲ့သူကိုမှ အားမနာလို့ ပြောရင်လည်း ခံရမည်သာ ။

    တကယ်တော့ သူမက ဘယ်ဇာတိရယ်လို့ အတိအကျ ပြောလို့မရ ။ မွေးရပ်က ရန်ကုန်ဖြစ်ပြီး ကျန်တဲ့ ငယ်ဘဝက ဖေဖေတာဝန်ကျရာဆီ လိုက်ပြောင်း ကြီးပြင်းခဲ့ရတာ ။ နေရပ်အစုံမှာ ရာသီဥတုအစုံကို ကျင်လည်ခဲ့ရတာ ။ များသောအားဖြင့်က အပုပိုင်းဒေသတွေသာ ။

      တောင်ကြီးမှာ နေခဲ့တာကတစ်နှစ်ကျော်ကျော်ပေါ့ ။ တောင်ကြီးရာသီဥတုနဲ့ နေသားမကျခင် တောင်ကြီး ထက်ပိုအေးတဲ့ တောင်မြင့်မြင့်ကြီးထက်က အအေးများများ ရွာလေးဆီမှာ ဘဝကို ဖြတ်သန်းရပြန်သည် ။ နေလာတာ နှစ်နှစ်ဆိုပေမဲ့ အခုထိ ဒီ တောင်ပေါ်ရာသီဥတုနဲ့ နေသားမကျသေး ။ ညနေစောင်းတာနဲ့ အေးစိမ့်တက်လာတဲ့ ရာသီဥတုဒဏ်ကို ဒေသခံတွေက ခေါင်ရည်တို့ ဆန်အရက်တို့နဲ့ အံတုကြပေမဲ့ သူမကတော့ ကော်ဖီပူပူတွေ တစ်ခွက်ပြီး တစ်ခွက်သောက်ရင်းသာ အံတုခဲ့ရသည် ။

      ရွာသူရွာသားတွေ တစ်နေ့တာ လုပ်ငန်းတွေ စတင်နေချိန်မှာ သူမကတော့ ဂွမ်းကပ်ထူထူထဲ ကွေးလို့ကောင်းတုန်း ။ နွေရာသီ ရောက်နေပြီ ဆိုပေမဲ့ မနက်စောစောတွေမှာ အအေးများနေဆဲပင် ။ နေထွက်မှသာ စောင်ပုံအောက်က ထွက်နိုင်တဲ့အဖြစ် ။ မေမေကတော့ ဒီအချိန်ဆို ဘုရားရှိခိုးဖို့ ပြင်နေရောပေါ့ ။

       မေမေ ။ နှစ်လုံးတည်းသော နာမကို ရေရွတ်လိုက်တာနဲ့ မျက်ရည်တို့ လျှံကျလာပြန်သည် ။ တကမ္ဘာလုံးမှာ အရင်းနှီးဆုံးသူကတောင် စိတ်ခံစားချက်တွေကို နားလည်မပေးပါလား၊ ဖေးမ မပေးပါလား၊ နှစ်သိမ့်မပေးပါလားလို့ စဉ်းစားလိုက်တိုင်း ရင်ထဲမှာ အောင့်တက်လာသည် ။  အကြောင်းပြချက် မယ်မယ်ရရမပေးဘဲ အမေကို ကျောခိုင်းထားခဲ့တဲ့ သမီးမိုက်ကို ခွင့်မလွှတ်ပါနဲ့ မေမေရေ ။ ဖေဖေနဲ့ ကိုကိုက မပြောမဆိုနဲ့ ရုတ်တရက် ပျောက်သွားတဲ့ သူမကို စိတ်တိုဒေါသထွက်နေမလား ။ ဒါမှမဟုတ် မေမေက သူမအကြောင်းတွေကို ပြောပြပြီး မိသားစုတွေ သူမကို မုန်းတီးစိတ်နာနေမလား ။

      ရန်ကုန်ကနေ စိတ်နာခြင်း များစွာနဲ့ ပြန်လာတဲ့သူမ ။ အဲ့ဒီအိမ်မှာ ဆက်နေရင် မျက်နှာခြင်းဆိုင် နေရမဲ့ သူတွေကို မတွေ့ချင်တာကော ဘာအပြစ်မှ မကျူးလွန်ရသေးခင် မျက်စိဒေါက်ထောက်ကြည့်ပြီး ထိန်းချုပ် ချုပ်ခြယ်နေတဲ့ အမေမျက်စိအောက်မှာ စိတ်ပန်းလူပန်းမနေချင်တော့တာကြောင့်ကော
မိခင်ကတားနေတဲ့ကြားက ချစ်သူရှိရာဆီ မရမကလိုက်သွားတယ် ဆိုတာကို မေမေသိတာနဲ့ အကျိုးဆက်က ပိုပြီးဆိုးရွားနာကျင်စေတဲ့ စကားလုံးတွေနဲ့ ရင်ဆိုင်ရတော့မှာကို ကြိုသိနေတာကြောင့်ကော ဟောဒီ တောင်ပေါ်ရွာကလေးဆီကို သူမ ထွက်ပြေးလာခဲ့တာ ။

       ကျောင်းမှာ သူမနဲ့ အခင်ဆုံး တိုင်းရင်းသားဆရာမကို အကူအညီတောင်းပြီး  ဝေးလံတဲ့နေရာဒေသမှာ သူစိမ်းတွေကြား အဆင်ပြေပြေနေထိုင်နိုင်ဖို့ ကြိုးစားခဲ့ရသည် ။ သူမ

အကူအညီတောင်းမှုကြောင့် အလုပ်ထွက်စာတင်ဖို့ရယ်၊ သူမရောက်ရှိရာနေရာ လုံးဝသတင်းမပေါက်ကြားဖို့ရယ် ထိုဆရာမက  ကူညီခဲ့ပါသည် ။ ခုတော့သူမက ကျေးရွာကော်မတီက ခန့်ထားတဲ့ ကော်မတီခန့် ဆရာမလေးအဖြစ် တောင်ပေါ်ရွာလေးမှာ အခြေကျနေခဲ့ပြီ ။

      သူမနဲ့ အတူနေဖို့ ကျေးရွာက အဖော်အဖြစ်ပို့ထားပေးတဲ့ နန်းဦးဆိုတဲ့ ကောင်မလေးကိုလဲ သံယောဇဉ်တွေ တွယ်နေခဲ့ပြီ ။  အတိတ်ကို သတိရပြီး အေးအေးနဲ့ ကွေးနေရာက နာရီကို ကြည့်မိတော့ ခြောက်နာရီခွဲ ။ ကမန်းကတန်းထပြီး ကိုယ်လက်သန့်စင် ဘုရားရှိခိုး နံနက်စာ စားပြီးတော့ ကျောင်းသွားဖို့ ပြင်ဆင်ရသည် ။

   ရွာကလေးရဲ့ အလယ်တန်းကျောင်းကလေးမှာ ဆရာ ဆရာမတချို့ရဲ့လှုပ်ရှားမှုကလွဲပြီး တိတ်ဆိတ်နေသည် ။ စာမေးပွဲတွေပြီးလို့ ကျောင်းတွေ ပိတ်ထားပြီ ။ သူမတို့ ဆရာမတွေသာ အဖြေလွှာစစ်ဖို့ ကျောင်းတက်နေရတာ ။

  "ကျွန်မကတော့ မနက်ဖြန်ဆို စာစစ်လို့ပြီးပြီ...သဘက်ခါအိမ်ပြန်မယ်...ရွာလူ
ကြီးက ဆရာမတွေ ပြန်ဖို့ကားစီစဉ်ပေးထားတယ်တဲ့ ...မဝေကော ဒီတစ်နှစ်လည်း အိမ်မပြန်ဘူးလား..."

    လုပ်ဖော်ကိုင်ဖက် ဆရာမရဲ့ အမေးကို သူမ ဦးခေါင်းသာ ခါပြလိုက်သည် ။ မနေချင်လို့ အဝေးထွက်ပြေးလာတာ ပြန်စရာလားလို့ စိတ်ထဲကနေ ခပ်တိုးတိုးပြောနေမိသည် ။ လက်ကတော့ အဖြေလွှာ စာရွက်ပေါ်မှာ အမှတ်တွေ ခြစ်နေလျက်သား ။

     "ကျွန်မတို့များ အိမ်ပြန်ချင်လွန်းလို့ ... ဘယ်တော့မှ ကျောင်းပိတ်ရက်ရှည် ရပါ့မလဲ မျှော်နေရတာ ...မဝေက  သီတင်းကျွတ်ပိတ်ရက်လည်းမပြန်...ဒီဇင်ဘာ ပိတ်ရက်လည်းမပြန်...ခု နွေပိတ်ရက်ရှည်လည်း အိမ်မပြန်...နေနိုင်လိုက်တာ...ပြောတော့ မိစုံဖစုံရှိသေးတယ်ဆိုပြီး... နှစ်နှစ်လုံးလုံး ဒီရွာကနေ တဖဝါးမှ မခွာနိုင်အောင် ဒီရွာလေးကို သံယောဇဉ်ကြီးနေတာ...မယ်လေးမပြန်နိုင် ဖြစ်ရမဲ့ အကြောင်းရင်းတော့ ရှိနေပြီထင်တယ်... "

       " မမတင်ကလည်း ...ဒီနားက ရွာကလေးတွေရဲ့ ထုံးစံက သူတို့ချစ်တဲ့ အားကိုးတဲ့ ဆရာ ဆရာမတွေကိုဆို အိမ်ပြန်သွားမှာ သူတို့ရွာလေးနဲ့ ကလေးတွေကို ထားခဲ့မှာစိုးလို့ ဆရာမတွေ အဝေးကြီးကအိမ်ကို မပြန်ဖြစ်အောင် ရွာမှာဘဲ အိမ်ဖန်တီးပေးတတ်ကြတယ်တဲ့..."

      " ဟုတ်တယ်လေ...ခုလည်း ရွာကလူတွေ ပေးထားတဲ့ အိမ်မှာ ကျွန်မတို့ နေနေကြတာဘဲ မဟုတ်လား..."

        " ခက်ပါကော မမတင်ရယ်....အဲ့လို ရွာသူရွာသားတွေ ဝိုင်းဆောက်ပေးထားတဲ့ အိမ်ကိုပြောတာ မဟုတ်ဘူး...ရွာမှာဘဲ အိုးပိုင်အိမ်ပိုင်ဖြစ်အောင် ဖန်တီးပေးလ်ိုက်ကြတာကို ပြောတာ..."

       "သြ သိပြီသ်ိပြီ....ဆရာ ဆရာမတွေ အိမ်မပြန်ရအောင် ရွာသားတစ်ဦးဦးနဲ့ လက်ဆက် ထိမ်းမြားပေးလိုက်တာကို ပြောချင်တာမလား..."

     အချင်းချင်း ပြောဆိုရယ်မောနေတဲ့ အသံတွေကို နားထောင်ရင်း လုပ်စရာရှိတာတွေကို အဆက်မပြတ်လုပ်ကိုင်ရင်း သူမ ပြုံးရုံသာ ပြုံးနေလိုက်သည် ။ တစုံတရာတုန့်ပြန်မှုမပြုခဲ့ ။

     ဝေက ရောက်ကတည်းက ရွာမှာနေပြီး ကျောင်းပိတ်ရက် အားလပ်ရက်တွေမှာ ရွာကလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာကြောင့် ရွာသူရွာသားတွေက သူမကို တခြား ဆရာဆရာမတွေထက် ပိုပြီး အားကိုးချစ်ခင်ကြသည် ။ သူမရောက်လာပြီးမှ ရွာက အိမ်တိုင်းမှာ ရေလောင်းအိမ်သာတွေ ဖြစ်လာပြီ။ ကျေးရွာစာကြည့်တိုက်လည်း အကောင်အထည်ပေါ်လာပြီ။ ပရဟိတ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာ ရေရရှိရေးလည်းဆောင်ရွက်ပေးနိုင်ခဲ့ပြီ ။ ရွာမှာ ကျန်းမာရေးမှုးလည်း ရောက်လာပြီ ။ ရွာတစ်ရွာရဲ့ လိုအပ်ချက်တွေကို သူမ  တတ်နိုင်သလောက် ဖြည်းဆည်းပေးခဲ့သည် ။ ထို့ကြောင့်လည်း ရွာသူရွာသားတွေကသူမကို ချစ်ခင်ကြ အားကိုးကြသည် ။

      တခြားဆရာမတွေက ထိုသည်ကို မကျေလည်စွာ ရှေ့တင်တမျိုး ကွယ်ရာတမျိုး ပြောတတ်ကြပေမဲ့ သူမကတော့ ကြားလည်း မကြားဟန် သိလည်းမသိဟန်သာ နေတတ်ခဲ့ပြီ ။

      သူမရဲ့ မေမေကိုယ်တိုင်က သူ့စိတ်တိုင်းကျ နေမပေးရင် မိဘကို အရှက်ရစရာ လုပ်ရပ်တွေလုပ်ရင် သားသမီးအဖြစ် စိတ်ထဲကနေစွန့်မှာတွေကော သေရင်တောင် လာမကြည့်နဲ့ ဆိုတာမျိုးကော ပြောဆိုထားခဲ့တော့ သူမက လူတွေကို ကြောက်သွားခဲ့တာ ။ လူတစ်ယောက်ရဲ့ စိတ်အလိုကျအတိုင်း တခြားတစ်ယောက်က နေမပေးနိုင်တဲ့အခါ မိဘကတောင် သားသမီးကို အလွယ်တကူ စွန့်ပစ်လိုက်ဖို့ ဝန်မလေးကြောင်း ကိုယ်တွေ့ကြုံရတော့ သူမက ဘာကိုမှ တွယ်တာမနေတော့ ။ ဘယ်သူ့ကိုမှ စိတ်ထဲထည့်မထားချင်တော့ ။ (တစုံတယောက်ကိုတော့ စိတ်ထဲတကူးတက ထည့်ထားတာ မဟုတ်ဘဲ သူ့အလိုလို ရှိနေတာတော့ မတတ်နိုင်ပါ။ )

     လူအဖြစ်နဲ့ ရှင်သန်နေရတဲ့အခိုက်လေးမှာ လူသားပီသစွာ တခြားသော သူတွေအတွက် အကျိုးရှိတာတွေ လုပ်ပေးရင်း လူ့တာဝန် ကျေပွန်အောင် ကြိုးစားဖို့သာ ဆုံးဖြတ်ထားလိုက်တော့တာ ။

      သူများဆီက မျော်လင့်ရတာ ပူလောင်ပြီး ကိုယ်ကပေးရတာ သိပ်အေးချမ်းကြောင်းကို သူမ

သိခဲ့ပါပြီ ။ မတူကွဲပြားတာနဲ့ ဘေးထုတ်ပြီး လက်ညှိုးထိုး ကဲ့ရဲ့ပြစ်တင်ချင်ကြတဲ့ လူတွေကို သူမက ဘာမှမတုန့်ပြန်တော့ ။ လုပ်စရာရှိတာတွေကို လုပ်ရင်း အေးအေးမှန်မှန်နှင့် ခပ်ပြုံးပြုံးသာ နေတတ်ခဲ့ပြီ ။ မထိတထိ ရန်စမှုကို ဘာမှမတုန့်ပြန်တဲ့အခါ ရန်စသူကပိုပြီး မခံချိ မခံသာ ဖြစ်တတ်ကြသည်သာ ။

    တကယ်တော့ သူမက ခန္တီစပါရမီ ပြည့်စုံနေတာ မဟုတ်ဘဲ လူတွေရဲ့ တချို့သော dark side တွေကို စိတ်ကုန်နေခြင်းသာ ဖြစ်သည် ။

     " ဆရာမရေ...ဟေ့ ချောချောဆရာမ...နင်အလုပ်ပြီးရင် သူကြီးက သူ့အိမ်လာခဲ့ဦးတဲ့ဟေ့..."

     ကျွဲဆွဲသွားရင်း အော်ပြောသွားတဲ့ ရွာသားကို တုန့်ပြန်ဖို့ လိုက်ကြည့်ပေမဲ့ အော်ရင်းသွားရင်းမို့ သူမထကြည့်ချိန်မှာလူက အဝေးရောက်သွားပြီ ။

     "ခေါ်တာတောင် ချောချောဆရာမတဲ့နော်...ငါတို့မပါဘူး... "

       " ပါစရာလား မမတင်ကလဲ  ..ကျွန်မတို့က ချောမှမချောတာ... "

   စကားခွန်းတုန့်မဆိုပေမဲ့ ရုတ်ခြည်း တည်တင်းသွားတဲ့ သူမမျက်နှာထားကြောင့် စကားလမ်းကြောင်း ပြောင်းလိုက်ကြတာကြားတော့ သူမ သက်ပြင်းသာ ခပ်ဖွဖွချရတော့သည် ။

       "ရောက်စကတော့ ဆရာမခေါ်ပြီး နင်နဲ့ငါနဲ့ အပြောခံရတော့ တမျိုးကြီး ...တကယ်တော့ လူတိုင်းလိုလိုက အဲ့လိုပြောတတ်ကြတာရယ်...ရိုးသားပြီး မသိနားမလည်တဲ့ မျက်နှာထားရယ်ကြောင့် နောက်တော့ သူတို့အပြောအဆိုကို နေသားကျသွားတာ...လူကြီးတင်မကဘူး ကလေးတွေကပါ အဲ့လိုပြောတာနော်.... "

      "ဟုတ်ပါ့ အစ်မရေ...ကျွန်မဆို ရောက်စက အဲ့လိုပြောရမလားလို့ ရိုင်းလိုက်တာဆိုပြီး ကျောင်းသားသုံးလေးယောက်ကိုတောင် ဆော်ပလော်တီး လိုက်သေးတာ...ခုတော့လည်း လိုက်ပြင်လွန်းလို့ ဆရာ ဆရာမတွေကိုတော့ ကျောင်းသားတွေက  နင်နဲ့ ငါနဲ့ သိပ်မပြောကြတော့ပါဘူး... "

      ရိုးသားလွန်းတဲ့ ဘဝတွေကို မျက်ဝါးထင်ထင် မြင်ရတော့ သူမ ထိုရွာသူရွာသားတွေ ကျောင်းသူ ကျောင်းသားတွေကို သံယောဇဉ် ပိုရပါသည် ။ သူတို့မှာ တယောက်ကို တစ်ယောက် ကောက်ကျစ်စဉ်းလဲဖို့ လက်ညှိုးထိုး ကဲ့ရဲ့ဖို့ ပြစ်တင်ဝေဖန်ဖို့် မိန်းမတွေစုပြီး ရွာထဲအိမ်လည်

အတင်းပြောကြဖို့ အချိန်မရှိကြရှာ ။ မိုးလင်းမိုးချုပ် အလုပ်နဲ့လက်နဲ့ မပြတ်ကြသူတွေ ။ လယ်သိမ်း ယာသိမ်းပြီးချိန် တွေမှာတော့ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်းရှာထားသမျှ အနှမျောတွန့်တိုမှု မရှိဘဲ လှူကြတန်းကြမည် ။

     ထိုရွာကလေးမှာနေရတာ စိတ်ချမ်းသာသည် ။ ပျော်သည် ။ ဖြစ်နိုင်ရင် ဒီလို မဖွံ့ဖြိုးသေးတဲ့ ရွာကလေးတွေမှာ လှည့်လည်နေထိုင်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးရင်းနဲ့ ဒီလိုရွာကလေးတရွာရွာမှာ အေးဆေးတ်ိတ်ဆိတ်စွာ ခေါင်းချချင်ပါသည် ။ လူတွေကို သူမကြောက်သည် ။

*** *** ***
      သူကြီးက အစောကြီး ခေါ်ခိုင်းပေမဲ့ ဆရာမတွေနဲ့အတူ မသွားချင်တာကော သူမတစ်ယောက်တည်းကိုခေါ်ထားတာ
ကြောင့်ကော ညနေ နန်းဦး အလုပ်သိမ်းမှ သူနဲ့အတူ သူကြီးအိမ်သို့ လာခဲ့သည် ။

      "ဆရာမရေ...နေ့လည်က လာသေးလား...ကျွန်တော် ဟိုဘက်ရွာ အစည်းအဝေးသွားလိုက်ရလို့...အားနာတယ်ဗျ... "

       သူကြီးက သူမတို့ကို မြင်တာနဲ့ အားတုန့်အားနာဆီးကြိုသည် ။ လူပေါင်းစုံနဲ့ ဆက်ဆံရတဲ့ သူကြီးကတော့ စကားပြော  ပါးနပ်လိမ်မာသူဖြစ်သည် ။

      " ကျောင်းအလုပ်တွေ မပြတ်တာနဲ့ ကျွန်မ နေ့လည်က မလာဖြစ်လိုက်ဘူး သူကြီး..."

       "တော်သေးတာပေါ့ ...ကျွန်တော်က အားနာနေတာ...ပြောစရာရှိလို့ ခေါ်လိုက်တာ ဆရာမရေ...ဒီကျောင်းပိတ်ရက်လည်း ဆရာမ အိမ်မပြန်ဘူးဆို...ပြောနေကြသံကြားတယ်.. "

       "ဟုတ်တယ်...ကျွန်မ မပြန်ဖြစ်ဘူး .... "

      "ကောင်းတာပ...အရင်နှစ်ကလည်း ဆရာမ အိမ်မပြန်ဘူး ...NGO အဖွဲ့အစည်း တစ်ခုက နွေရာသီ အိမ်တွင်းမှုသင်တန်း လာပေးတော့ ဆရာမရှိနေတာ သိပ်အဆင်ပြေတာဘဲ... "

     "ဒီတစ်နှစ်ကော သူတို့လာဦးမှာလား သူကြီး ... "

       " ဒီနှစ်တော့ သူတို့မလာဘူး...အခုခေတ်က အင်္ဂလိပ်စာက နေရာတကာ အသုံးဝင်တွင်ကျယ်နေပြီလေ...ကျွန်တော့် ရွာက ကလေးတွေကို အင်္ဂလိပ်စကားပြော တတ်စေချင်လို့ ပရဟိတ အဖွဲ့တစ်ဖွဲ့နဲ့ ကျွန်တော် ဆက်သွယ်ထားတယ်...တနွေလုံး ဒီမှာနေပြီး သူတို့စာသင်

ပေးလိမ့်မယ်...အဲ့ဒါ ဆရာမ အိမ်မပြန်ဖြစ်ရင် လိုအပ်တာတွေ ကူညီပါဦးလို့ မေတ္တာရပ် ခံချင်တာပါ...  "

        " သိပ်ကောင်းတဲ့ အစီအစဉ်ဘဲ သူကြီး...စိတ်ချပါ...ကျွန်မတတ်နိုင်သလောက် ကူညီပါ့မယ်..."

      "ကျေးဇူးဘဲ ဆရာမရေ...အခုလာမှာက မိန်းကလေးတွေ ဆိုတော့ ဆရာမ အိမ်မှာဘဲ နေရေးထိုင်ရေး စီစဉ်ပေးလို့ကော အဆင်ပြေမလားဗျ... "

"ရပါတယ် သူကြီး..ကျွန်မအိမ်မှာက ကျောင်းပိတ်ရင် နန်းဦးနဲ့ ကျွန်မဘဲ ကျန်ခဲ့မှာ...အဆင်ပြေပါတယ်..."

      "ကျေးဇူးပါ ဆရာမရေ့... "

      သူကြီးအိမ်က အပြန်လမ်းမှာ မှောင်ရိပ်သမ်းစ ပြုနေပေပြီ ။ ညကောင်းကင်မှာ ကြယ်ကလေးတွေ ထွက်ပြူစ ပြုနေပေမဲ့ သူမက မော့မငေးအားပါ ။ ရောက်လာမဲ့ ဧည့်သည်အတွက် လိုအပ်တာတွေ စီစဉ်ဖို့ နန်းဦးနဲ့ တိုင်ပင်နေကြရင်း အိမ်ရောက်မှန်းမသိ ပြန်ရောက်လာခဲ့သည် ။

         ****••••****••••****••••****

အခ်စ္ဦးကသူ... အခ်စ္ဆံုးက မင္း...( အချစ်ဦးကသူ... အချစ်ဆုံးက မင်း... )Where stories live. Discover now