မေမေက မျက်နှာတည်ကြီးနဲ့ ဧည့်ခန်းမှာ ထိုင်နေလေ၏။ ပြည့်အတွက်တော့ မေမေရယ်မောနေတာ မြင်ရတာကမှ ထူးဆန်းနေဦးမည်။

" မေမေ... "

" မိဘနဲ့ အတူမနေဘူးဆိုပြီး ဖြစ်ချင်ရာဖြစ်နေတာပေါ့ ဟုတ်လား... "

မေမေ့ရှေ့မှာ ခေါင်းလေးငုံ့ပြီး ဘာမှပြန်မဖြေနိုင်။

" ရည်းစားကိုတောင် အိမ်ပေါ် ခေါ်တင်ထားတယ်ပေါ့... "

ထိုင် ဆိုတဲ့ အမိန့်မရသေးတာမို့ မေမေ့အရှေ့မှာပဲ ငယ်လေးနဲ့ မတ်တပ်ရပ်နေရသည်။

" ဖြေပါဦး.. ညည်းပြောတာ ကြားချင်လို့ အိမ်လာခိုင်းတာ တခုခုတော့ ပြောပါဦး... "

" မေမေ သိထားတာတွေ အကုန်မှန်ပါတယ်... "

" အဲ့တော့ ညည်းအိမ်ပေါ်တင်ခေါ်ထားတဲ့ သူက ညည်းကို ယူမှာတဲ့လား.. ‌တွဲတာလဲ ကြာပြီဆိုတော့ ဘယ်လိုများ အနာဂတ်အတွက် စဉ်းစားထားလဲ ပြောပါဦး"

" အဲ့တာတွေ မစဉ်းစားရသေးပါဘူး.. အိမ်ပေါ်ခေါ်တင်ထားတာတော့ မဟုတ်ပါဘူး.. သူလဲ အလုပ်အကိုင်နဲ့ပါ... "

မေမေ့ရဲ့ အေးစက်စက်အကြည့်နဲ့အပြောအောက်မှာ ဘေးက အငယ်လေးက ကြောက်လို့တုန်နေပြီ။ မမဆိုပြီး လက်ကိုလာကိုင်တာ သူ့လက်ဖျားတွေ အေးစက်လို့နေသည်။

" အလုပ်က ထွက်လိုက်တယ်ဆိုတာလဲ ငါမသိရဘူး.. ညည်းအဖေ ချမ်းသာတာ ညည်းအတွက်မဟုတ်ဘူးနော်... "

" သိပါတယ်... "

" ငါအခု ဘာလို့ဒါတွေပြောနေလဲ သိလား..
ငါ့သမီးကို တဖက်မိဘက လက်မခံနိုင်ပါဘူး ဆိုတဲ့ သဘောမျိုး ပြောသွားလို့ပဲ..
ညည်းကောင်လေး အမေက ကိုရီးယားပဲ အလုပ်လုပ်နေတဲ့ ညည်းနဲ့ သူ့သားကို သဘောမတူဘူးတဲ့.. ငါ့ကိုရင်ဖွင့်သွားတာ.. နောက်မှ ငါက သူ့သားနဲ့ တွဲနေတဲ့သူက ငါ့သမီးမှန်းသိရတာ... "

" မေမေ့ သဘောကရော... "

" ငါလဲ သဘောမတူဘူး.. အဆက်အသွယ်ဖြတ်လိုက်... "

" မဖြစ်နိုင်ဘူး မေမေ... "

ခေါင်းငုံ့ရက်သားနဲ့ပြောမိတော့
မေမေက ထိုင်ရာကနေ ဝုန်းခနဲထလာသည်။ အချိုသတ်ပြောလို့ မရတော့ ပွဲကြမ်းတော့သည်။

GladioliWhere stories live. Discover now