Part-17 (Zaw Gyi)

Start from the beginning
                                    

"ဒီနေ့ရော အလုပ်မသွားပြန်ဘူးလား။"

ဒီမှာရှိတဲ့ သူတွေစားပါစေတော့ဆိုပြီးတော့ ၀ယ်လာတဲ့ ကြေးအိုးဆီချက်တွေကို စားပွဲပေါ်တင်ရင်း ကျွန်တော် လှမ်းမေးလိုက်သည်။ ဆုသစ္စာက တစ်ချက်ရှိုက်လိုက်ပြီး ကျွန်တော့်ကိုပြန်ဖြေသည်။

"အင်း။ ခွင့်တင်ထားတယ်။"

"ခွင့်ကဘယ်နှရက်ရမှာလဲ။ တသက်လုံးတော့ မရနိုင်ဘူးမဟုတ်လား။"

ကျွန်တော်ခပ်တိုးတိုးပြောနေရင်း ဆုသစ္စာကိုတစ်ချက်လှမ်းအကဲခတ်လိုက်သည်။ ကျွန်တော် မနေ့ကတွေ့တုန်းကလည်း ဒီအင်္ကျီနှင့် ဒီဘောင်းဘီပင်။ ဆံပင်တို့ကို ဖြစ်သလို နောက်သို့ စုစည်းထားပုံက မဖြီးမသင်ထားရတာကို ပိုပြီး သိသာစေသည်။ ဒီကောင်မလေးကြည့်ရတာ အစာတောင်စားရဲ့လားမသိ။

"အခု သူ့ရဲ့အခြေအနေက တစ်ရက်ကြာမလား။ နှစ်ရက်ကြာမလား။ တသက်လုံးဘဲလား။ ဘယ်သူမှ ကြိုမခန့်မှန်းနိုင်ဘူး။ မင်းကိုယ်မင်း ဒုက္ခခံနေတာတွေ ရပ်လိုက်သင့်ပြီ။ ဆုသစ္စာ။"

ဆုသစ္စာရဲ့ပုခုံးက သိမ့်ခနဲ လူပ်သွားတာကို မြင်လိုက်ရသည်။ ငိုမည့်မျက်ရည်ကို ကြိတ်မှိတ်ပြီး ဆက်ထိန်းထားပုံရသည်။

"ရော့။ဒါတော့စားလိုက်ဦး။"

ဆုသစ္စာ၏ ၀ိုင်းစက်စက်မျက်လုံးတွေက ကျွန်တော့်ကိုလှည့်ကြည့်လာသည်။ ကျွန်တော့်လက်ထဲက ပလတ်စတစ်ခွက်လေးနဲ့ထည့်ထားတဲ့ ကြေးအိုးတွေကို ငုံ့ကြည့်သည်။ ထို့နောက် ကျေးဇူးဟု ပြောပြီး လက်ထဲက ခွက်ကိုယူသွားလေသည်။ ကျွန်တော်လည်း ခုံတစ်လုံးကိုဆွဲလိုက်ပြီး ဆုသစ္စာနားမှာ ၀င်ထိုင်လိုက်သည်။ ဆုသစ္စာကတော့ ထင်မှတ်မထားရလောက်အောင် ကြေးအိုးတွေကို အငမ်းမရစားနေလေသည်။

"စားကောင်းလိုက်တာ။ အစ်ကိုဘယ်ကနေ ၀ယ်လာတာလဲ။"

"ဆေးရုံနားကဘဲလေ။ တွေ့တာနဲ့ ၀င်ဝယ်လိုက်တာ။ ဆိုင်နာမည်ကတော့ မကြည့်လိုက်မိဘူး။ နောက်တစ်ခါကြုံရင် မှတ်ထားပေးမယ်လေ။ကိုယ့်ဟာကိုယ် ၀ယ်စားလို့ရတာပေါ့။"

"အင်း။ရတယ်။ ကိုယ့်ဟာကိုယ်ဝယ်စားရင် စားကောင်းမှာ မဟုတ်ဘူး။ ဒါအစ်ကိုဝယ်လာပေးလို့ နေမှာ။"

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedWhere stories live. Discover now