-22-

999 120 26
                                    

အပိုင်း(၂၂)_သော်လေးဆိုတာ ဘယ်သူလဲ

ညနေ နေရောင်ခြည်သည် ဖျော့တော့လို့နေသည်။ မီးခိုးရင့်ရောင် ကောင်းကင်ကို မိုးသားမိုးတိမ်တို့ နေရာယူထားကြသဖြင့် ညနေဆည်းဆာသည် သဏ္ဍာန်မပီ ဝိုးတိုးဝါးတား ဖြစ်နေရသည်။ ထိုမြင်ကွင်းကိုငေးကြည့်ရင်း ထိုကဲ့သို့ပင် သူ့ဘဝကြီးကလည်း မှုန်ဝါးဝါး ဖြစ်နေခဲ့တာပဲလို့ စစ်ပိုင်တစ်ယောက်တည်းတွေးနေမိသည်။

တဖွဲဖွဲကျလာတဲ့ မိုးစက်တွေကို ငေးရင်း အတွေးတို့ ဟိုဒီလွန့်လူးနေမိသည်။ ထပ်တူညီတဲ့ အိမ်မက်တွေ နှောက်ယှက်နေသောကြောင့် စစ်ပိုင် ညဘက်တွေ အိပ်မပျော်တာ ရက်ရှည်နေပြီဖြစ်သည်။ အရင်ကတော့ မိုးရွာတဲ့ညတွေမှ မက်တတ်သော်ငြားလည်း ယခုတော့ ညတိုင်းလိုလို မက်နေတတ်သည်။

စစ်ပိုင် တွေးနေမိတာက အိမ်မက်ထဲက ဝိုးတိုးဝါးတား ပုံရိပ်တွေ၊ အနက်ရောင်လူရိပ်၊ ပြီးတော့ သူ့ကို ပြေးခိုင်းနေသော နောက်ထပ် လူနှစ်ယောက်၊ အရာရာသည် ရင်းနှီးကျွမ်းဝင်လွန်းနေသည်ဟု ခံစားနေရသည်။ သို့သော်လည်း သူ့ဦးနှောက်ထဲတွင် ဘာကိုမှ မမှတ်မိဘဲ ဝေဝါးနေခြင်းပင်။ မည်သို့ပင် စဉ်းစားတွေးတောစေကာမူ သူသည် ဘာကိုမှ သေချာမမှတ်ပေ။

စစ်ပိုင် မှန်ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးရင်း ခွက်ထဲက ဝီစကီကို မော့သောက်နေလိုက်သည်။ သူသောက်နေတာ ကိုကိုသိလျှင် ဆူတော့မည်ကို တွေးမိတော့ စစ်ပိုင် ပြုံးလိုက်မိသည်။ ဒီနေ့ ကိုကို့ဆီသို့ စစ်ပိုင် မသွားဖြစ်ပေ။ သွားရန် ရည်ရွယ်ထားသော်လည်း နယ်ဘက်ခဏသွားခဲ့သည့် ကိုကိုက ပြန်မရောက်သေးဟု ဖုန်းဆက်လာသဖြင့် စစ်ပိုင် အိမ်တွင် သောင်တင်နေရသည်။

"ဟေ့ ကောင်လေး... တစ်ယောက်တည်း သောက်နေတော့မှာလား"

ခပ်မြူးမြူးအသံကြောင့် မော့ကြည့်လိုက်ရာ တံခါးဝတွင် ရပ်နေသည့် ကိုထွဋ်ကို တွေ့လိုက်ရသည်။ စစ်ပိုင် ဝမ်းသာအားရ ပြုံးလိုက်ရင်း ခပ်ချွဲချွဲလေး အော်ခေါ်လိုက်မသိသည်။

"ကိုထွဋ်..."

ထွဋ်ခေါင်သည် နူးညံ့ညင်သာစွာ ပြုံးရင်း စစ်ပိုင်ရှေ့၌ ဝင်ထိုင်လိုက်ကာ ညီဖြစ်သူအား သေချာစွာ စေ့စေ့ကြည့်လေသည်။ မတွေ့ရသည့် ရက်ပိုင်းအတွင်း မျက်နှာလေးချောင်ကျသွားသဖြင့် ထွဋ်ခေါင်မှာ အလွန် စိတ်မကောင်းဖြစ်ရတော့သည်။

The Dark Nights in the Rain Where stories live. Discover now