လစ်ဇာက သူမမှတ်စုတွေနည်းနည်းပြန်စစ်ဆေးပြီးမှ အိမ်ပြန်မယ်ပြောပြီး Niel ကတော့ ချိန်းထားတာရှိသေးသည်ဟု ပြီတီတီမျက်နှာနဲ့ပြောသည်။ ည 10 နာရီနောက်ပိုင်းချိန်းတာ ရည်းစားဟောင်းရဲ့ခွေးတော့မဖြစ်နိုင်။

ဂလော်ရီယာတိုက်တန်းလျားနဲ့ တစ်မှတ်တိုင်ပဲကွာတာကြောင့် ညလေညှင်းခံရင်း လမ်းလျှောက်မယ်ဆိုဆုံးဖြတ်လိုက်တာဆိုပေမဲ့ ပလက်ဖောင်းတစ်လျှောက် အတွဲတွေအပြင် ခုံတန်းလျားတွေမှာပါ အတွဲတွေ တို့လိုက်ဆိတ်လိုက်ပလူးနေကြတော့ ကျွန်တော် အလွတ်ခံလိုက်တဲ့ဘတ်စ်ကားကို Spider-man လိုပင့်ကူမျှင်ပစ်ထုတ်ပြီးသာ ကပ်လိုက်သွားချင်တော့သည်။ ကြိတ်မှိတ်လျှောက်လာရင်း တိုက်တန်းလျားအနီးအနားရောက်တော့ လူတွေစုရုံးစုရုံးဖြစ်နေတဲ့အပြင် ရဲကားတွေရော တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေပါရောက်နေသည်။ ကျွန်တော့်အမေလည်းလူအုပ်ထဲမှာပါသည်။

ညည်းတွားစိတ်ဆင်းရဲနေတဲ့လူအုပ်ထဲကို အလျင်အမြန်တိုးဝင်သွားပြီး တာဝန်ရှိဝန်ထမ်းတွေ ဘာတွေအပြေးအလွှားလုပ်နေကြလဲစူးစမ်းလိုက်တဲ့အခါ ကျွန်တော့်လည်ချောင်းဝတစ်ခုလုံး အသက်ရှူကျပ်သလိုဖြစ်လာပြီး ပျို့အန်ချင်လာသည်။ ကြောင်တွေ 10 ကောင် 15 ကောင်စာလောက်ရှိမည်။ ခြေတစ်ခြား၊ လက်တစ်ခြား၊ ရက်ရက်စက်စက်ခုတ်ထစ်ခံထားရပြီး တချို့ကြောင်လေးတွေဆို မသေသေးပါ တဆာဆာအော်ရင်း ဝေဒနာကိုအံတုနေရသည်။ အရေခွံစုတ်ခံရတဲ့ကြောင်လေးဆို ကျွန်တော်မကြည့်နိုင်တော့ပဲ မျက်စိကိုပိတ်ချလိုက်ရသည်။

" ခင်ဗျားတို့တွေက လူ့အသက်မဟုတ်ဘူးဆို သောက်ရေးမလုပ်လို့ ဒီလိုဖြစ်လာတာပေါ့။ကျွန်တော် ခဏခဏ တိုင်ချက်တွေ၊ အသိပေးစာတွေ ပို့တယ် "

" ဒီမှာ မစ္စတာ Merv…, ကျွန်တော်တို့ဘက်က ဦးနှောက်သိပ်မကောင်းတဲ့သူ ရုတ်တရက်ထထပြီး သတင်းပေးတာကို ယုံကြည်ဖို့ကျ ခက်ခဲတယ်လေ…နောက်ပြီး မင်းကိုယ်တိုင်သတင်းပို့ပြီးသား အကြောင်းအရာတွေ ထပ်တလဲလဲပို့နေတာကျ ဝတ္တရားနှောက်ယှက်မှုနဲ့ ငြိနေတယ်နော် "

လူစုလူဝေးရဲ့တစ်ဖက်မှာ ဆဲဆိုသံတစ်ချို့နဲ့ ကျယ်လောင်စွာထွက်လာတဲ့စကားပြောသံတွေဘက်ကိုကြည့်တော့ Merv နဲ့ ရဲအရာရှိတချို့ကိုတွေ့သည်။ ကျွန်တော်သူတို့ဆီပြေးသွားတဲ့အခါမှာ နောက်ဆုံးပြောလိုက်တဲ့ စကားနှစ်ခွန်းသာကောင်းကောင်းကြားလိုက်သည်။

Dear, RelationshipWhere stories live. Discover now