ဒီမှာရှိနေကြတဲ့လူတွေရဲ့နာမည်ကလွဲပြီးဘာမှမသိတဲ့စည်း'ကတော့တအံ့တသြနဲ့ဦးနောင်နောင်ဘက်ကိုသေချာကြည့်ပြီးမေးတော့သည်။

'ဪ...ဦးနောင်က လက်ရွေးစင်ရွက်တိုက်လှေအသင်းခေါင်းဆောင်ဖြစ်ခဲ့တာလား...'

'အင်း...ငယ်ရွယ်တုန်းကပေါ့ကွာ၊
အခုတော့မင်းမြင်တဲ့အတိုင်းပဲ လူကမရတော့ဘူးလေ၊
ငါက အရင်ကတည်းကပင်လယ်ပြင်ကြီးကိုသိပ်ချစ်ခဲ့တာ၊
ဒီမှာပဲမွေးပြီးဒီမှာပဲကြီးပြင်းခဲ့လို့လည်းပါတယ်
ပင်လယ်ပြင်နဲ့ငါကတသားထဲလိုပဲ'

တည်တည်ငြိမ်ငြိမ်နဲ့အေးဆေးလေးပြောနေပေမယ့်ဦးနောင်နောင်ရဲ့မျက်ဝန်းတို့မှာဆွေးရိပ်တွေအထင်းသား။

'လွန်ခဲ့တဲ့ဆယ်နှစ်လောက်မှာ...
အက်စီးဒင့်တစ်ခုဖြစ်ပြီးငါဒဏ်ရာရတယ်၊
ရွက်တိုက်လှေနဲ့ရွက်မလွင့်နိုင်တော့အောင်ခြေတဖက်ကပျက်စီးသွားတော့..တကယ်စိတ်ဓါတ်ကျခဲ့တာ၊
ဒီပင်လယ်ပြင်ကြီးနဲ့ငါတူတူရှိမနေရတော့ဘူးဆိုပြီးတွေးမိတယ်၊
အဲလိုတွေးမိတော့ဝမ်းနည်းခဲ့ရတယ်..
ကိုယ်လုပ်ချင်တာကိုလုပ်ခွင့်မရတော့ပိုပြီးခံစားရတယ်၊
ဒါပေမယ့်ဒီနေရာမှာတည်းခိုအိမ်လေးဖွင့်ခဲ့တော့ပင်လယ်ကြီးကိုနေ့တိုင်းတွေ့ခွင့်ရသွားတယ်...
ပင်လယ်ပြင်ကြီးကိုလည်းနေ့တိုင်းတွေ့ရတော့၊
ဒါကပဲငါ့ပျော်ရွှင်မှုဖြစ်ခဲ့တယ်လေ...'

ဦးနောင်နောင်၏စကားလုံးများကိုကြားပြီး စည်း'တွေးစရာရသွားသည်။
ပျော်ရွှင်မှုတဲ့၊
ကိုယ်ဝါသနာပါရာ၊ လုပ်ချင်ရာတဲ့၊
ဖြစ်ချင်တဲ့စိတ်၊ တခုခုလုပ်ချင်တယ်ဆိုတဲ့စိတ်မျိုးသူ့မှာရှိခဲ့ဖူးလားအခုမှတွေးနေမိသည်။
သူ့မှာဝါသနာဆိုတာဘာရှိလို့လဲ။
ပြင်းပြင်းထန်ထန်ဘဝမှာတပ်မက်ဖူးတာဘာရှိလို့လဲ။
ကိုယ်ဖြစ်ချင်လို့ရွေးချယ်ခဲ့တာမျိုးရှိဖူးသလားမမှတ်မိ။
သူ့ဘဝတစ်လျှောက်လုံးပုံစံခွက်လိုဖြစ်ခဲ့ရတာ၊
ဒီလိုနေ၊ ဒီလိုစား၊ ဒီကိုသွား။
ဦးလေးရဲ့လမ်းညွှန်မှုအောက်မှာသူ့ဘဝဟာတသမတ်တည်းဖြစ်တည်လာခဲ့တာပါ။

ပရိဘောဂဒီဇိုင်နာဖြစ်သည့်ဦးလေးကပဲသူ့ဘဝမို့...
ဟိုးကလေးဘဝကတည်းကအရွယ်ရောက်တဲ့အထိဘာမဆိုဦးလေးသဘောကျ၊
ကျောင်းစာကိုလေ့လာမှတ်သားတဲ့အရွယ်ကစပြီး
အလုပ်ကိစ္စတွေကိုလေ့လာသင်ယူရတဲ့အရွယ်အထိ
ဦးနိုင်လျှောက်လာတဲ့လမ်းကိုပဲမြင်ပြီးနောက်ကနေလျှောက်ခဲ့တာ။
ဘယ်လိုစိတ်ခံစားမှု၊ ရည်မှန်းချက်ဘာညာ၊
ဘာတစ်ခုမှရေရေရာရာရှိမနေခဲ့ဘဲ...
ယခုလက်ရှိသူ့ရဲ့ဘဝဟာအဓိပ္ပါယ်အထူးတလည်ရှိမနေကြောင်းအခုတော့တွေးလာမိပါပြီ။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now