အပိုင်း တစ်ဆယ် (ဇာတ်သိမ်းပိုင်း)

31.4K 2.3K 119
                                    

" ဖေဖေတို့က ကျွန်တော့်ကို သားအဖြစ်က စွန့်လွှတ်လိုက်ပြီတဲ့ "

ဒီစကားကို မြတ်သားပြောလာလိမ့်မယ်ဆိုတာ လွန်းနှောင်ကြိုသိနှင့်ပြီးသား ။ ဒီလိုဖြစ်အောင်လည်း သူ ဖန်တီးယူခဲ့တာကိုး ။ အလှဲအလှယ်အနေနဲ့ ပေးဆပ်လိုက်ရတာက သူ့ရဲ့လက်စားချေလိုတဲ့စိတ်တွေ ။ မီးကိုတိုးတဲ့ ပိုးဖလံမျိုးထဲမှာ သူပါနေသည် ။ နာကျင်ရမယ်ဆိုတာကို သိနှင့်နေခဲ့ပေမယ့် သူ မြတ်သားအတွက် အရာအားလုံးကိုစွန့်လွှတ်ရဲသည်အထိ ဆုံးဖြတ်ချချက်ခဲ့သည် ။ သူဟာ သားကောင်းတစ်ယောက်မဖြစ်နိုင်တော့ ။

မြတ်သားကို သူ့ရင်ခွင်ထဲဝှက်လျှက် လွန်းနှောင်နှစ်သိမ့်ပေးဖို့ ကြိုးစားမိသည် ။

" ဒါပေမယ့် ကိုကို ရှိနေတယ်လေ ။ ငယ့်အတွက် ကိုကိုတစ်ယောက်လုံး ရှိနေတာမလို့ ဘယ်သူကပဲ စွန့်ပစ် စွန့်ပစ် ၀မ်းမနည်းရဘူးနော် "

" မတူဘူးလေဗျာ ........... ကိုယ်ချင်းမစာမနာလို့ ပြောတာမဟုတ်ဘူး ။ ကျွန်တော်လေ ကျွန်တော့်မိသားစုနဲ့ ခုလို စွန့်ပစ်ခံရလိမ့်မယ်လို့ မတွေးခဲ့ဖူးသလို အခုထိလည်း လက်မခံနိုင်သေးဘူး ။ ကျွန်တော်က သူတို့ရဲ့ သားပါဗျာ ....... ကျွန်တော့်မှာ ဘာအမှားရှိနေလို့ ခုလို လက်လွတ်စပယ် စွန့်ပစ်ရတာလဲ "

လွန်းနှောင်၏ ရင်ခွင်ထဲက ရုန်းထွက်လျှက် မြတ်သား မကျေမနပ်ရေရွတ်မိသည် ။ သူ့ပုံစံကြည့်ရတာ အခုထိလက်မလျော့ချင်သေး ။

" ကျွန်တော် မေမေ့ကို သွားရှာမယ် ။ အနည်းဆုံး မေမေတော့ ကျွန်တော့်ဖက်ရှိနေမှာပဲ "

" ငယ် ကိုကို့ကို ချစ်ကော ချစ်ရဲ့လား "

ဆိုင်းမဆင့်ဗုံမဆင့်မေးလာသည့် လွန်းနှောင်အမေးကြောင့် မြတ်သား ရုတ်တရက်ကြောင်သွားသည် ။ သူအခုပြောနေတာ သူ့မိသားစုအကြောင်းလေ ၊ဒါက ဒီလူကြီးကို ချစ်၏ မချစ်၏ နဲ့မှ မဆိုင်ဘဲ ။

" ချစ်တယ်လေ ....... ချစ်လို့လည်း လိုက်လာတာပေါ့ "

ဒါဆို ငယ့်ရဲ့မိသားစု ဒါမှမဟုတ် ကိုကို့ကို ရွေးချယ်ရမယ်ဆို ငယ် ဘယ်သူ့ကိုရွေးချယ်မလဲ ဆိုတဲ့ မေးခွန်းကို မေးလိုက်ချင်ပေမယ့် မြတ်သား ရွေးချယ်တာ သူမဟုတ်ခဲ့ရင်ဆိုတဲ့ အသိစိတ်ကြောင့် လွန်းနှောင် တခဏတိတ်သွားပြီး ထိုင်နေရာမှ ထရပ်လိုက်သည် ။ ထို့နောက် ရေခဲသေတ္တာထဲကနေ အရက်နည်းနည်းထည့်လာပြီး အရသာခံသောက်ကာ ပြင်ပဆီကိုသာ ငေးကြည့်လိုက်သည် ။ မြတ်သားကတော့ လွန်းနှောင်၏ ခပ်ကြောင်ကြောင် မေးခွန်းတွေကို နားမလည်သလိုဖြစ်မိပေမယ့် ပြန်လည်မေးခွန်းမထုတ်ခဲ့မိ ။

30 days with Mr.Kidnapper (Z+U) ( Completed )Where stories live. Discover now