ယုယောင်လည်း အတွေးရေယဉ်ထဲ နစ်မျောသွားမိတော့သည်။ သို့သော်လည်း ခြေသံတို့ ပိုနီးကပ်လာသည်ကို သူမ ကြားသောအခါ အံကို ကြိတ်ကာ ခုန်ထွက်သွားတော့သည်။

သို့သော်လည်း သူမ ခုန်ထွက်လာလျင် ထွက်လာချင်း မျှားတစ်စင်းက လေအလျင်ကို ခွင်းလာသည်။ ယုယောင် လေထဲမှာပင် ခုန်ရှောင်လိုက်သည်။ မျှားကို သီသီလေး ရှောင်လိုက်နိုင်သည်။ ဒုတိယမျှားက ဆက်တိုက်ဆိုသလို လိုက်လာပြန်သည်။ ယုယောင်မှာ ခြေကုပ်မရသေးချိန်ဖြစ်သောကြောင့် ဤမျှားကိုတော့ သူမ မနည်းရှောင်ခဲ့ရသည်။ သို့ပေလျက် သူမ ပါးပြင်ပေါ်၌ အနီရောင်စင်းကြောင်းရာတစ်ချက် ထင်ကျန်သွားလေသည်။ ထျန်ရှောင့်မျက်နှာ ဖြူရော်သွားတော့သည်။ မျှားရှပ်ထိသွားသူမှာ သူ ကိုယ်တိုင်ပင်ဖြစ်နေသည့်အလား။ သူ ခုန်ထွက်ကာ ယုယောင် နံဘေး အပြေးလာမိသည်။

တတိယမြောက် မျှားက ယုယောင် နောက်ကျောကို ဦးတည်လာသည်။ ထျန်ရှောင် သူမ အနောက်ကို ပြေးဝင်လာသည်ကို ယုယောင် သိလိုက်ချိန်မှာ မျှားတစ်စင်းအရိုးထိ ထိုးဖောက်သွားသံကို ကြားလိုက်ရတော့သည်။ ထျန်ရှောင် စကားတစ်ခွန်းမျှ မဆိုဘဲ မြေပေါ်၌သာ လှဲနေလိုက်သည်။ သူ့ရင်ဝမှ မျှားက ထုတ်ချင်းပေါက်လုနီးနီး။ ယုယောင် သူမနောက်ကို လှည့်ကြည့်လိုက်သည်နှင့် သူမ နှလုံးသားတစ်ခုလုံးအေးစိမ့်သွားသည်ကိုသာ ခံစားရတော့သည်။

ဘာ့ကြောင့်လဲ. . .

သူ ငါ့အပေါ် ဒီလိုမျိုး ဆက်ဆံရအောင် ငါ သူ့ကို ဘယ်တုန်းက ကောင်းကောင်းမွန်မွန်ဆက်ဆံဖူးလို့လဲ... သူ့ကြင်နာမှု ငါနဲ့ ထိုက်လို့လား. . .

ငါ သူ့ကို ပစ်ပယ်ထားချင်ခဲ့တာ... ငါ သူ့အပေါ် တစ်ခါမှ မကောင်းခဲ့ဘူး... ဒါနဲ့များ... ဘာလို့ . . .

ယုယောင် ထိုင်ချလိုက်ပြီး ထျန်ရှောင့်ဒဏ်ရာကို ကြည့်လိုက်သည်။ သူ ဒဏ်ရာက အတော်နက်သည်။ သူ ချက်ချင်း ဆေးကုသရမှဖြစ်မည်။ ဒါပေမယ့် . . .

တောနက်အလယ်က သူတို့ပတ်ပတ်လည်မှာ ခြေသံတွေ  မညီမညာ ဆူညံလို့ ပဲ့တင်ထပ်လာသည်။ သူမ ထွက်ပြေးလို့ မလွတ်နိုင်လျင် ဖြစ်လာမည့်နောက်ဆက်တွဲကို ယုယောင်၏ နှလုံးသားတွင်းက ချိန်ဆနေမိသည်။ သူမ ရင်တွင်းက တိုက်ပွဲအကြား ရုတ်တရက် လေချွန်သံတစ်သံကို ကြားလိုက်ရပြီးနောက် ရုန်းရင်းဆန်ခတ်သံတို့ကိုပါ သူမ ကြားလာရသည်။

သိပ်မကြာလိုက် အချင်းချင်းတုတ်တစ်ပြတ် ဓားတစ်ပြတ်တိုက်ခိုက်နေကြသံများကပါ ပျံလွင့်လာတော့သည်။ ယုယောင် သတိလစ်နေသော ထျန်ရှောင်ကိုသာ ထွေးပိုက်ထားရင်း တိုက်ပွဲရလဒ်ကို စောင့်စားနေမိသည်။ ဘာ့ကြောင့်ဆို ယခုအချိန်မှာ စောင့်နေရုံကလွဲ၍ သူမ ဘာမျှ မတတ်နိုင်တော့ပြီဖြစ်သောကြောင့်. . .။

ခဏနေတော့ လူတစ်စုရောက်လာကြပြန်သည်။ သူတို့က သည်နေရာနှင့် ပို၍ ရင်းနီးကျွမ်းဝင်နေဟန်ရှိသည်။ အနီးကပ်တိုက်ကြခိုက်ကြသံများ ခေတ္တမျှသာ ကြာလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ တိုက်ပွဲပြီးသွားတော့ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော လူတစ်ယောက် သူမတို့ထံလျှောက်လာသည်။ နောက်တော့ သူ့နောက်မှ လူတစ်ယောက်က ပြောလိုက်သည်။ "မြန်မြန်... ခေါင်းဆောင်ကို လာကြည့်စေလိုက်..."

သစ်တောအုပ်အတွင်း ခြေသံတို့ သုတ်သီးသုတ်ပျာ ရောယှက်ထွေးကာ ပေါ်လာပြန်သည်။ သံချပ်ဝတ်များဝတ်ဆင်ထားသော လူရာကျော်ခန့် သူမတို့ နှစ်ဦးကို ဝန်းရံထားသည်။ တစ်စုံတစ်ဦးက ဟစ်အော်ခဲ့သည်။ "ခေါင်းဆောင်ရောက်လာပြီ...!" အားလုံး ဘေးသို့ ရွှေ့ကာ ထိုပုဂ္ဂိုလ်အတွက် လမ်းဖယ်ပေးလိုက်ကြလေသည်။ ပညာအမြော်အမြင်ကြီးပုံရသော အဘိုးအိုတစ်ဦး စိတ်မရှည် အလျင်စလို ထော့နင်းလျှောက်လာသည်။ ယုယောင် ရင်ခွင်တွင်းမှ ထျန်ရှောင့်ကို သူတွေ့သောအခါ အဘိုးအိုမျက်ဝန်းမှ မျက်ရည်တို့ လျှံကာကျလာတော့သည်။ "အိမ်ရှေ့မင်းသား...! ဝူတိုင်းနယ်ရဲ့ အိမ်ရှေ့မင်းသား...!" သူ ဒူးထောက်ကျသွားကာ အကြိမ်ကြိမ်ဦးတိုက်ဂါရဝပြုနေတော့သည်။ "မိုးနတ်မင်းရဲ့ အလိုတော်အရ အိမ်ရှေ့မင်းသား ပြန်လာခဲ့ပြီ...! ဒါဟာ ကံကြမ္မာရဲ့ စောင်မမှုကြီးပဲ...! တို့တိုင်းပြည်အတွက် ကလဲ့စားချေဖို့ မျှော်လင့်ချက်တွေ ရှိလာပြီ...! ငါတို့မှာ မျှော်လင့်ချက်ရှိနေပြီ...!" သူ့အော်သံက ရာထောင်ချီသော လက်နက်ကိုင်စွဲရဲမက်တို့ကို ဒူးထောက်ကျသွားစေသည်။ ဦးညွတ်ကာ သူတို့ သံပြိုင်အော်သည်။ "ကျွန်တော်မျိုးတို့ အိမ်ရှေ့မင်းသားကို ကြိုလင့်အပ်ပါတယ်... အကျွန်တို့ အောင်မြင်စေကြောင်း. . .!" 

ယုယောင်ကတော့ ပတ်ပတ်လည်ကို တွေဝေငေးငိုင်ကာ ကြည့်နေမိရင်း သူမ အကြည့်တို့က ထျန်ရှောင့်မျက်နှာပေါ် ရောက်မိသွားပြန်သည်။ သူမ သိလိုက်ရသည်။ သည်လူသည်  ကလေးငယ်သဖွယ် အပူပင်ကင်း ဖြူစင်သူ တစ်ချိန်တစ်ခါကလို မဟုတ်တော့မည်ကို. . .။

10 June, 2018

မိုးသောက်ချိန်Where stories live. Discover now