[၅]

725 102 1
                                    

ထိုည၊ ညတွင်းချင်း သူတို့ မင်းရိခရိုင်နယ်နိမိတ်တွင်းမှ ထွက်ပြေးလာခဲ့သည်။ သူတို့ လေးယောက် မီးပုံကို ဝိုင်းပတ်ထိုင်နေခဲ့သည်။ မတူညီသော မျက်နှာထားများ ကိုယ်စီနှင့်။ ချင်းကျွယ့်မှာတော့ ခံစားချက်မဲ့သော မျက်နှာသေနှင့်၊ သူ မီးပုံထဲကို ရံဖန်ရံခါ ထင်းထည့်ပေးနေသည်။ ထျန်ရှောင်ကတော့ မီးစာရသဖြင့် ထ ထ တောက်လာသော မီးပုံကို ကြည့်လျက် အသစ်အဆန်းတွေ့ရသကဲ့သို့ ပင့်သက်ရှိုက်လျက် အံ့အားသင့်နေသော မျက်နှာထားနှင့်။ ယုယောင်မှာတော့ ထျန်ရှောင့်အပြုအမူကို သည်းခံနေရလွန်း၍ နဖူးကြောများပင် ထောင်ထနေသည်။ စူးဝန် မျက်နှာတွင်တော့ မကျေနပ်မှုများအပြည့်၊ ထျန်ရှောင်ကို မကြာမကြာ မျက်စောင်းထိုးနေလေသည်။ "ဆိုတော့ကာ... နင် သူ့ကို ဘယ်လိုလုပ်မှာလဲ..."

ချင်းကျွယ့်က ဝင်ပြောသည်။ "ထားခဲ့လိုက်..." သူ မော့ကြည့်လာတော့ သူ့မျက်ဝန်းများက ယုယောင်ကို အမိန့်ပေးနေဟန်ရှိသည်။ "သူ့ကို ကယ်ထုတ်လာတာတောင် အတော်များနေပြီ... ငါတို့နဲ့ တစ်ပါတည်း ခေါ်သွားလို့ မဖြစ်တော့ဘူး..."

"အင်း... ငါ သိတယ်..." ယုယောင် ခေါင်းငိုက်စိုက်ချထားမိသည်။ "ဒါပေမယ့် မနက်ဖြန် ငါ နင်တို့နဲ့ ပြန်မလိုက်ဘူး... ငါ တောင်ပိုင်း အရင်ဆင်းမယ်..."

ယခင်မင်းဆက် နန်းသိမ်းခံရပြီးနောက်ပိုင်း အသစ်တက်လာသော မင်းဆက်က အရင်မင်းဆက်၏ အိမ်ရှေ့မင်းသားကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ထွက်ပြေးလွတ်မြောက်သွားသော ယခင်မင်းဆက် မင်းမျိုးမင်းနွယ်များက တောင်ပိုင်းနယ်၌ တစ်ပြည်တစ်ရွာထောင်၍ မင်းမူအုပ်ချုပ်နေသေးသည်။ ထိုနေရာတွင်တော့ ဖူတိုင်းနယ်၏ အာဏာစက်မှ ကင်းလွတ်နေခဲ့သည်။

သူတို့နှစ်ဦး ယုယောင်၏ အဖြေစကားကို ကြားတော့ အနည်းငယ်တော့ အံ့အားသင့်မှင်သက်သွားမိကြသည်။ ချင်းကျွယ့်က သူမကို စိတ်ပျက်အားမရဟန်ကြည့်သည်။ စူးဝန်က ဆိုသည်။ "နင်က သူ့ကို တောင်ပိုင်းနယ် နန်းတွင်းထိ ပို့ပေးချင်တာလား... သူ ဟိုရောက်တော့မှ နင့်ကို အဆိပ်တွေ ဘာတွေခတ်ပြီး လုပ်ကြံရင် ဘယ်လိုလုပ်မလဲ... နင် သူ့အပေါ် ဒီလောက်ကောင်းစရာလိုလို့လား..."

မိုးသောက်ချိန်Where stories live. Discover now