"နင်ကလည်း။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲနော် "

"မလိုဘူး။ ဒါပဲ ။ မနက်ဖြန်တွေ့မယ်"

ခပ်ပြတ်ပြတ်ပြောရင်းဖုန်းချသွားသောထိုသူငယ်ချင်းမလေးသည် အမှန်ပဲ အားကိုးခင်မင်စရာသူငယ်ချင်းကောင်းလေးတစ်ယောက်ပါပဲ။

#ဂွီ#

မနက်ကတည်းကအစာမရှိလေသောဗိုက်က အခုတော့ဆန္ဒပြနေလေပြီ။ မဆီမဆိုင် နှိုင်းတစ်ယောက်ထမင်းရောစားရဲ့လားဟု စိုးရိမ်ပေးနေသော ကိုယ့်ကိုယ်ကိုယ် ဆူဆဲရင်း ထမင်းစားရန် အောက်ထပ်သို့ဆင်းလာခဲ့လိုက်တော့သည်။

တီလေးလည်းမတွေ့သည်မို့မီးဖိုချောင်ထဲ ဟိုလှန်သည်လှန်လုပ်ရင်းစားစရာတစ်ခုခုရှိမလားဟုသာရှာနေမိရုံမှအပ။

"သား... ဘာရှာနေတာလဲ"

နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်တတ်သောတီလေးက ဆူဆူညံညံအသံတွေကြောင့်ထင့်။ တစ်ဝါးဝါးသန်းရင်းအခန်းထဲက ထွက်လာလေသည်။

"တီလေး...စားစရာတစ်ခုခုမရှိဘူးလား"

"အင်း။ ခဏနေချက်တော့မှာ ညနေစာက။ ဘာလို့တုန်း"

"ကျွန်တော် ထမင်းမစားရသေးဘူး"

တီလေးကနာရီကိုလှမ်းကြည့်သည်။

"ဟဲ့ ၃ နာရီတောင်ခွဲတော့မယ်။ ခုထိမစားရသေးဘူးလား"

အစားစားချိန်မမှန်လျှင် ဒေါပွလေ့ရှိသည့်တီလေးကတော့ ထုံးစံအတိုင်းပွစိ ပွစိလုပ်နေလေပြီ။

"မင်း အပြင်ကပြန်လာတာမဟုတ်ဘူးလားသားရယ်။ စားလာမှပေါ့။ နေဦး ။ တီလေးချက်ပေးမယ်။ ၄၅ မိနစ်လောက်ပဲစောင့်"

အစာအိမ်က ၄၅ မိနစ်မပြောနဲ့ ၄/၅ မိနစ်တောင် သည်းမခံနိုင်တော့မှန်းကျွန်တော် အသိဆုံးပေမို့။

"မစောင့်တော့ဘူး တီလေးရာ။ အပြင်မှာပဲ တစ်ခုခုသွားစားတော့မယ်"

"ဟဲ့ နေပူကြီးထဲကို။ ဖယောင်းဦး ဟဲ့"

အနောက်က အော်ဟစ်ကာကျန်နေခဲ့သော တီလေးရဲ့အသံကို လျစ်လျူရှုပြီးစက်ဘီးခြင်းထဲ ယံယံလေးကိုထည့်ကာ အသားကုန်နင်းရင်းဖြင့် ဦးထွန်းလင်းခြံလမ်းဘက်သို့ထွက်လာခဲ့လိုက်တော့သည်။

What if  we're strangersWhere stories live. Discover now