ထိန်ချန်တယ် (ထိန်ချန်တယ်)

3.7K 658 124
                                    

"မင်္ဂလာမဆောင်ခင်ညက သူငယ်ချင်းတွေအားလုံး အပျော်သဘောနဲ့ ဖဲကစားတယ်၊ ထက်ဖြိုးဝေရှုံးလို့ သူ့လက်စွပ်ကို ကျုပ်ဆီပေါင်ပြီးဆက်ဆော့တယ်၊ ထက်ဖြိုးဝေမှာ ဒီအကျင့်ရှိမှန်းသိသားနဲ့ မီးမီး နင်ဘာလို့ အထူးအဆန်းလုပ် မလိုအပ်တာတွေ သွားပြောရတာလဲ"

မှူးတို့ရှေ့ မှာပဲ ကျော်ရဲဝင်းက မီးမီးကို ဆူသည်။ မီးမီးစကားတစ်ခွန်းကြောင့် မောကြီးပန်းကြီးရောက်လာသော မှူးတို့ကိုမှအားမနာ မီးမီးကမဆိုင်သလို မျက်နှာလွှဲနေသည်။ ခွန်းတစ်ယောက်တည်းသွားပါမယ်ဆိုတာကို စိတ်မချပါဘူးပြော၍ ရုံးကိုမသွားဘဲ လိုက်လာခဲ့သောမှူးက ခွန်းပခုံးပေါ်ခေါင်းကြီးထိုးတင်ကာ မီးမီးကို တစ်ခုခုလုပ်ပစ်ချင်နေသော သူ့စိတ်ကိုသူချုပ်တည်း၏။

"ကိုကြီးက မီးကို မုန့်ဖိုးမှမပေးတာ၊ မိန်းမယူပြီးခါမှ အချိုးတွေပြောင်းနေတယ်၊ အာ့ကြောင့် ကိုကြီးကိုတမင်ခြောက်ချင်လို့ ဒီအာဂျုးရှီးတွေကို ဖုန်းဆက်ခေါ်တာ ဘာဖြစ်လဲ"

မှူးလုပ်ချင်ရင်လည်းလုပ်ချင်စရာ။ မီးမီးစကားတစ်ခွန်းကို ခွန်းတို့ကမျှော်လင့်တကြီးထားကာ အလုပ်ပျက်အကိုင်ပျက် ရောက်လာသည်။ ရောက်လာတော့လည်း ဘာမှမဟုတ်။ သူတို့မောင်နှမနှစ်ယောက်အချင်းချင်း အဝေမတည့်ဖြစ်တာနဲ့ ခွန်းတို့ကို အနှောက်အယှက်ပေးသည်။

"ဟ ... ငါမပေးတာက နင်ကနင့်အတွက်သုံးမှာမှမဟုတ်တာ၊ ကိုးရီးယားက နင့်အကောင်တွေရဲ့  နားမလည်တဲ့ဘာသာနဲ့ဆိုထားတဲ့ အခွေကို ဈေးကြီးပေးပြီးဝယ်ဖို့လေ၊ ငါ့ချွေးငါ့သွေးနဲ့ရင်းပြီး ရှာထားရတဲ့ပိုက်ဆံကို ပေးစရာလား"

"ကိုကြီးနော် ... အကောင်အကောင်လို့ မပြောနဲ့ မသကာ နင့်လင်ဆိုတော်သေး"

"တယ်လေ ဒီကောင်မလေး ပြောလေကဲလေ"

"တော်ကြစမ်း"

မောင်နှမနှစ်ယောက်ထသတ်တော့မည့်ဆဲဆဲ မှူးထအော်သည်။

"ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် ခြောက်လှန့်ဖို့အတွက် အလုပ်ရှုပ်နေတဲ့ငါတို့ကို အသုံးချရအောင် ရပ်ကွက်ထဲက ကလေးအမေတွေ သူတို့ကလေးကိုခြောက်တဲ့ ဒေဝေါထင်နေသလား မီးမီး"

P I E C E SWhere stories live. Discover now