ဇာတ်တက် (၁) - ဒေါက်‌ ဒေါက် ဘယ်သူလဲ

4.5K 482 137
                                    

"ထေတာ့၊ ထေတာ့။"

အမိန့်ဆန်ခြင်း အလျင်းမပါသော အသံ၊ သို့သော် ရင့်ကျက်တည်ငြိမ်ခြင်းများ ပြည့်နေသော အသံ၊ ထိုအသံကို ကြားရသည်။ တစ်ဆက်တည်းမှာပဲ ကျွန်တော့်ဘယ်ဖက်ပုခုံးမှာလည်း တရစပ်လှုပ်ခါခြင်းကို ခံနေရသည်။ မျက်လုံးထဲမှာတော့ အနက်ရောင်ဟင်းလင်းပြင်ကြီးက နေရာယူထားလျက်။

တစ်စွန်းတစ်စစီ ဝင်လာသော အလင်းရောင်ကို မျက်စိတစ်သျှူးရှိ အာရုံခံဆဲလ်တို့က အမိအရ ဖမ်းယူနေကြသည်။ ရရှိလာသော အာရုံခံစားမှုများကို ဦးနှောက်က ဘာသာပြန်ဆိုပေးတော့ အံမယ်၊ ငါ တော်တော် အိပ်ပျော်သွားတာပဲတဲ့။

လျော့လျဲစွာ ပွင့်နေသော နှုတ်ခမ်းတစ်ဝိုက်တွင် စိုစွတ်မှု ကို ခံစားနေရသည်။

အဆက်မပြတ်ကြားနေရသော "ထတော့"ဟူသည့် အသံကြောင့်လည်းကောင်း၊ ဘယ်ဖက်ပုခုံးပေါ်မှာ နေရာယူထားသော အထိအတွေ့တစ်ခုကြောင့်လည်းကောင်း မျက်လုံးပြူးမျက်ဆံပြူးနှင့် နိုးလာရသည့် ကျွန်တော်။ ခေါင်းကတော့ ညာဖက်ကို ခပ်စောင်းစောင်းရယ်ပေါ့။

ဦးခေါင်းကို ညာသို့ တစ်လှည့်၊ ဘယ်သို့ တစ်ခါ လှည့်ရင်း အညောင်းဖြေလိုက်သည်။

ဒိန်းခနဲ...
ဘယ်ဘတ်ရင်အုံက ဒိန်းခနဲ။

ကျွန်တော်...ကျွန်တော်...ညာဖက်ကို လှည့်တုန်းက မြင်လိုက်ရသည်မှာ ကျွန်တော် သိပ်ကို ရင်းနှီးနေသော မျက်နှာတစ်ခုပင် မဟုတ်ပါလား။

ဘယ်ဖက်သို့ မျက်နှာမူထားသော ဦးခေါင်းကို ညာဖက်သို့ တဖြည်းဖြည်းချင်း လှည့်ကြည့်ရသည်။ နှုတ်က "ဣတိပိ၊ သော ဘဂဝါ" မှ အစချီကာ ဂုဏ်တော်ပွားနေရသေးသည်။

"ဗုဒ္ဓေါ"

ဂုဏ်တော်က စရွတ်တုန်းက တိုးတိုးဖွဖွလေးရယ်ပါ။ ရှစ်ပါးမြောက်ဂုဏ်တော်ကျမှ အကျယ်ကြီး ထွက်သွားသည်။ အိမ်း၊ ဒါ အာမေဋိတ် ဖြစ်သွားပြီလေ။

"ဘဂဝါ"

ခပ်ဟဟ ပြုံးနေသည့် ကလေးလူကြီးလေးက နောက်ဆုံးဂုဏ်တော်ကိုပါ ဝင်ပြီး ရွတ်ပြသွားသည်။ သူ့နာမည်ကို အခုထက်ထိ မသိသေးတာကြောင့် ကျွန်တော်က ကလေးလူကြီးလို့ပဲ ခေါ်နေမိသည်။ သူ့ပုံစံက လူကြီးတစ်ယောက်လို တည်တည်ကြီးဆိုပေမည့် ကလေးလေးနှင့် တူသော နုနုဖပ်ဖပ်မျက်နှာကလေးက ဒီလိုနာမည်နှင့်ပဲ လိုက်နေသည်ကိုး။

Final Year Dear BroWhere stories live. Discover now