ဇာတ်ပျိုး-အကြည့်

10.5K 571 76
                                    

မြန်မာစာ မြန်မာစာ မြန်မာစာ...
က
စာမေးပွဲနီးမှကျက်လည်း ရတာပဲဆိုပြီး အေးဆေးနေခဲ့မိခြင်း။ အခုမှ နောင်တတို့က ဘတ်စ်ကားပေါ်အထိ တသီတတန်းကြီး လိုက်လာကြသည်။

YBS 70 သည် သန်လျင်နည်းပညာကျောင်းရှေ့တွင် ဂိတ်ဆုံး၏။ ထို့ကြောင့် နည်းပညာကျောင်းသားများနှင့် စည်ကားနေတတ်သော ယာဉ်လိုင်းတစ်ခုသာ။

သာကေတအဝိုင်းကနေ ကားပေါ်ကို စတက်ကတည်းက မတ်တပ်ရပ်စရာ နေရာကိုပင် အလုအယက် ယူရသည်။ ဪ နောက်ဆုံးတန်းတွေမှာလည်း ထိုင်နေကြသည်မှာ ကျောင်းသားကျောင်းသူတွေချည်း။

အနောက်ဆုံးမှ ရေလျှင် သုံးတန်းမြောက်ရှိ နှစ်ယောက်ခုံမှ အစ်ကိုကြီး တစ်ယောက်ကို မြင်မိသည်။ သူ့ကို မြင်သည့်ခဏတွင် နိုင်အောင်သွင် သတိလွတ်သွားသည်။ ဘာဆိုဘာမျှ မသိတော့သလိုမျိုး။ ကားပေါ်မှာလည်း လူအပြည့်၊ ကျပ်ညပ်လို့ စကားသံတို့နှင့် ဆူညံနေဆဲ။ူလူအင်အားကို အဲယားကွန်းက မနိုင်။ သို့သော် သူ့မျက်နာမြင်တော့ ရင်ထဲမှာ ပကတိ အေးချမ်းမှုကို ခံစားလိုက်ရသည်။

နေစမ်းပါဦး၊ ယောက်ျားချင်းကြီး။ ယောက်ျားချင်းဟု အသိစိတ်က လှမ်းဟန့်သော်လည်း သူ့နှာတံဖြောင့်ဖြောင့်၊ သူ့နှုတ်ခမ်းပန်းနုအသွေး၊ သူ့မျက်ဝန်းအနွေးဓာတ် စသည့်စသည့် မှော်တို့က တရစပ် ညှို့ယူခြင်းကို ခံနေရတော့သည်။

ဒိန်းခနဲ...
ဘယ်ဘတ်ရင်အုံက ဒိန်းခနဲ။

ကျွန်တော် သူ့ကို ကြည့်နေခိုက်မှာ သူကလည်း ကျွန်တော့်ကို တည့်တည့်ပြန်ကြည့်သည့် အခိုက်နှင့် ပက်ပင်းတိုးလေပြီ။

"ထိန်းချုပ်မရတော့ပါ...
ငါ့ဘဝ...
မျှော်လင့်ချက်မဲ့ပြီဟေ့..."

ခရီးသည်တစ်ဦးထံသို့ ဖုန်းဝင်လာခြင်း ဖြစ်၏။ ဖုန်းမြည်သံမှ စကားလုံးတစ်လုံးချင်းစီသည် ရင်ဘတ်ထဲသို့ အစီအရီ ဝင်သွားပြီးဖြစ်သည်။ ထို့အတူ ငေးကြည့်နေသည်ကိုလည်း သူမြင်သွားပြီး ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဟန်ကိုယ့်ဖို့က ပိုအရေးကြီးသည်မဟုတ်လား။ ထို့ကြောင့် သူ့ဘေးပတ်ဝန်းကျင်ကိုရော၊ ကားအတွင်းပိုင်း ဘယ်ညာကိုရော အကုန်အစုံ လိုက်ကြည့်ပေးနေလိုက်သည်။ သူ့ကို ငေးနေခြင်း မဟုတ်ဘဲ ကားထဲရှိ အရာရာကို လိုက်စူးစမ်းနေသယောင်ယောင် အိုက်တင်လုပ်ပြီး အရူးကွက်ကို ခပ်ဂေါ်ဂေါ်ပဲ နင်းနေရပါတော့သည်။

Final Year Dear BroWhere stories live. Discover now