ဂျူးလိယက် ထံသို့ (၃)
Start from the beginning
" ဖေဖေရော စားပြီးပြီလား "
ဖန်ကြွေအိုးထဲမှ ကော်ဖီကို ခွက်ထဲသို့ ငှဲ့ရင်း ကျွန်တော် လှမ်းမေးလိုက်သည် ။
" အင်း ။ အလုပ်သွားပြီ "
စောစောကအတိုင်းပင် မေမေသည် ကျွန်တော့်အား ကျောပေးလျှက် ပြောလာသည် ။
" ညီလေးရော "
" ကျောင်းသွားတယ် "
ကျွန်တော် ကော်ဖီကို တစ်ငုံသောက်လျှက် မသက်မသာ ပြုံးလိုက်မိသည်ထင်သည် ။ မနေ့ညကတည်းက ကျွန်တော် ညီလေးအား တွေ့ပြီး မျက်နာချင်းဆိုင် စကားပြောဖို့ ကြိုးစားမိကေမယ့် ပိတ်ထားသည့် ညီလေး၏ အခန်းတခါးက ကျွန်တော့်အား စိတ်ကူးပြောင်းစေသည် ။ ကျွန်တော် ညီလေးအား အချိန်အတိုင်းတာ တစ်ခု ပေးသင့်သည်ဟု ထင်သည် ။ ငယ်ငယ်က ကျွန်တော့်ဘာပဲလုပ်လုပ် လေးစားပြီး အားကိုးခဲ့သူ ညီလေးအတွက် ကျွန်တော့် လုပ်ရပ်အချို့က လွယ်လွယ်မပျောက်နိုင်သည့် စိတ်ဒဏ်ရာအချို့ကို ဖြစ်စေသည် ။
" ဟိုတစ်ယောက်က ဘာလုပ်နေတာလဲ "
မေမေ့၏ လှည့်မကြည့်လာသော စကားသံထဲ အနည်းငယ် စိတ်အလိုမကျမူတွေ ပါနေသော်လည်း အရေးတယူမေမေ့နှုတ်မှ မေးလာသည့်အတွက် ကျွန်တော် ကျေနပ်မိသည် ။
" အိပ်နေတုန်း ။ "
မေမေက တည်ထားသော ဟင်းအိုးကို မီးဖိုပေါ်မှ မယူပြီး စားပွဲပေါ်ရှိ အပူခံအပြားပေါ် တင်လိုက်သည် ။ ရုတ်တရက် မေမေ့ မျက်နာက အလိုမကျသလို ဖြစ်သွားတော့ ။
" ညက သူ တော်တော်နဲ့ အိပ်မပျော်လို့ပါ ။ ဒါကြောင့် "
" ငါ မေးနေလို့လား "
ပက်ခနဲ ပြန်ပြောလိုက်သည့် မေမေ့စကားကြောင့် ကျွန်တော် လက်ထဲရှိ စားလက်စဆန်ပြုတ်ဇွန်းကို ကိုက်ရင်း မေမေ့အား ပြုံးပြနေမိသည် ။ မေမေ သက်ပြင်းတစ်ချက်ချကာ ကျွန်တော့်အား မျက်စောင်းထိုးကာ ကြည့်လာသည် ။ မေမေက ဟင်းကို ကြွေပန်းကန်လုံးတစ်ခုထဲ လှယ်ထည့်နေတော့ ကျွန်တော်လည်း ပန်းကန်လုံးထဲမှ ဆန်ပြုတ်ကို ခပ်မြန်မြန်ကုန်အောင် စားလိုက်သည် ။ ပြီးတော့ ဆန်ပြုတ်ပန်းကန်လုံးကို ကိုင်ပြီး မေမေ့လက်ထဲမှ ဟင်းအိုးအလွတ်ကို ထကာ ဆွဲယူလိုက်သည် ။ 