လစ်ဟာမူ
Comincia dall'inizio
" ဒါက ဟန်နီနဲ့ လယ်လ်ယာ ပထမဆုံးတွေ့တဲ့ အချိန်ကို အမှတ်တရ ဆွဲထားတာ။ "
ကျွန်တော် ရောင်းရန်မဟုတ်ပါ ဆိုသည့် ပန်းချီကားအောက်တွင်ရေးထားသော စာတမ်းလေးကို ဖတ်ကာ အဓိပ္ပာယ်မဲ့ ပြုံးလိုက်သည်။
" အရမ်း မိန်းမဆန်တဲ့လို့ ရှင်ထင်သွားတာလား။ "
ကျွန်တော့် အပြုံးကို သူမ အဓိပ္ပာယ်မည်ကဲ့သို့ ကောက်ယူလိုက်သည် မသိပါ။ သူမက ပြုံးကာပင် ပန်းချီကားပေါ်မှ ကောင်လေးကို စိုက်ကြည့်နေသည်။ ပန်းချီကားထဲမှ မိန်းကလေးရဲ့ မျက်ဝန်းများနှင့်ပေါ့။
" အဲဒီနေ့က သူ့ရဲ့ မျက်ဝန်းတွေကို စပြီးချစ်မိသွားတာ။ ပထမဆုံး ဟန်နီ လယ်လ်ယာကို စပြောတဲ့ စကားကိုလည်း အခုထိ အမှတ်ရမိတယ်။ "
"............"
" မင်း အချစ်ကို တွေ့ရင် ဘာလုပ်မလဲတဲ့"
ကျွန်တော် ရင်ဘတ်ထဲမှ နာနာကျင်ကျင် တစ်ချက်ခံစားလိုက်မိသည်။ ဘာဖြေလိုက်လဲလို့ ကျွန်တော် မေးသင့်သည်ဟု တွေးမိပေမယ့် ကျွန်တော့် ပါးစပ်မှ ဘာမေးခွန်းမှ ထွက်မလာခဲ့ပဲ ပန်းချီကားထဲမှ ကောင်လေးရဲ့ မျက်ဝန်းကိုသာ ငေးကြည့်နေမိသည်။
" မလွတ်တမ်း ဆွဲထားမှာပေါ့လို့ ကျွန်မ ဖြေလိုက်တယ်။ "
ကျွန်တော် သူမ အဖြေ စကားလုံးအဆုံး ခေါင်းကို ငုံ့ကာ ရီမောလိုက်မိသည်။ မင်းက သိပ်ကို သတ္တိရှိတာပဲ ကလယ်လ်ယာ။
" ကျွန်မတို့ တွေ့ဆုံပုံက ကြောင်တောင်တောင်ကြီးနော်။ "
ခဏအကြာတော့ သူမက ဧည့်သည်များနှင့် ဧည့်ခံရန် ကျွန်တော့် အနားမှ ထွက်သွားသည်။ ကျွန်တော် ဝိတ်တာများ သယ်လာသော လှည်းမှ ဝိုင်တစ်ခွက်ကို လှမ်းယူကာ သောက်လိုက်သည်။ ခန်းမကြီးရဲ့ ချောင်ကျကျ ထောင့်နေရာမှာ ကျွန်တော် နံရံကို ပုခုံးနှင့် မှီကာ ဧည့်သည်များကြားမှ လှမ်းမြင်နေရသော အရိပ်တစ်ခုကို ငေးကြည့်နေမိသည်။ ကလယ်လ်ယာရဲ့ ပုခုံးကို ဆုပ်ကိုင်ရင်း ဧည့်သည်များနှင့် ပြုံးရွှင်စွာ စကားပြောနေသော သူ့ အပြုံးက အရင်အတိုင်းပင်။ ပြီးတော့ သူ့ရဲ့ ထိုအပြုံးမှာ ပြီးပြည့်စုံခြင်းနှင့် ကျေနပ်ခြင်းတွေ မပါဝင်ပါစေနဲ့ဟု ကျွန်တော် တိတ်တဆိတ်ဆုတောင်းနေမိသည်။ မင်းနဲ့ ပတ်သက်ပြီး အရာရာတိုင်းကို ဖြည့်ဆည်းပေးတဲ့ ငါ့ထက် မင်းအတွက် တစ်နေရာစာသာ ဖြည့်ဆည်းနိုင်တဲ့ မိန်းမကို မင်း ပိုပြီး မငြိတွယ်ပါနဲ့ ချန်ယောရာ။ ငါတို့ ကြိုးစား ရုန်းကန်ခဲ့တဲ့ အချစ်ဆိုတဲ့အရာကို အဓိပ္ပာယ်မဲ့အောင် မင်း မလုပ်ချင်စမ်းပါနဲ့။ ကျွန်တော် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။