( Unicode )
       ခမ်းနားသောအဆောက်အဦးကိုကျောခိုင်းခဲ့ပြီး တစုံတစ်ယောက်ရှေ့ကိုဦးတည်နေသော ဤခြေလှမ်းတစ်စုံဟာ စိတ်လှုပ်ရှားခြင်းတွေပြည့်နှက်နေသည်။ နူးညံ့စွာလှပနေသည့် တစုံတစ်ယောက်မျက်နှာကိုကြည့်ရင်း မိမိမဟုတ်သောတခြားသူလက်အား မြဲမြံစွာကိုင်ထားသည်ကိုမြင်ရသည့်တခဏ နှလုံးသွေးတွေဗြောင်းဆန်သွားသည်။ အေးစက်နေသောမျက်ဝန်းတစ်စုံက စိမ်းဖန့်ဖန့်လေးလှမ်းကြည့်နေပြီး အခြားသောလက်အားဆုပ်ကိုင်ရင်း မိမိရှေ့သို့လျှောက်လာသည်ကို ရပ်ကြည့်နေမိသည်။
      
       " လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
      
       တိုးရှရှလေးထွက်လာသော စကားသံလေးက မျက်ဝန်းတစ်စုံလိုပင် စိမ်းသက်လှသည်။ ဆစ်ကနဲနာကျင်သွားသည့် ခံစားချက်ကြောင့် မိမိနှုတ်ခမ်းလေးဟာ သိသိသာသာလွန့်သွားခဲ့သည်။
      
       " စကားတစ်ခွန်းကိုပြောလိုက်ရင် ကျေးဇူးတင်လိမ့်မယ်မထင်ဘူး "
      
       ထိုစကားကိုမိမိပြောလိုက်တော့ စိမ်းဖန့်ဖန့်မျက်ဝန်းတစ်စုံက အနည်းငယ်စိတ်လှုပ်ရှားသွားပုံရသည်။ အံ့အားသင့်စွာပွင့်ဟလာသောနှုတ်ခမ်းလေးက မပိုင်ဆိုင်ရမှန်းသေချာတော့မှ ငေးကြည့်ချင်စရာကောင်းနေသည်။ မလိုက်ဖက်သောလူနှစ်ယောက်ကိုကြည့်ပြီး မိမိမှာခေါင်းကိုမော့ကာ တစ်ချက်တော့ရယ်မောပစ်မိသည်။
      
       " မပျော်ရွှင်ဖို့မျှော်လင့်တယ် လကျာ် "
      
       မိမိနှုတ်ကနေထွက်လာသည်က လူမဆန်သောစကားတစ်ခွန်းပေ။ စိမ်းဖန့်ဖန့်မျက်ဝန်းတစ်စုံကတော့ နားနှင့်ကြားလိုက်သောစကားကို မယုံနိုင်သောဟန်ဖြင့်ပြန်ကြည့်နေသည်။
      
       " ဘာလို့လဲ "
      
       တစ်ဖက်ကထွက်လာသော အေးစက်စက်စကားသံကို အပြုံးအရယ်မရှိဘဲကြည့်လိုက်သည်။ မိမိကထိုစကားကိုပြောလျှင် ဤသို့တုံ့ပြန်ခံရမည်ကိုနားလည်ထားသည်။ ထိုကြောင့် အပြုံးအရယ်မဲ့သောအကြည့်ဖြင့် သိပ်လှနေသောသတို့သမီးအသစ်စက်စက်ကို မျက်နှာချင်းဆိုင်ကြည့်နေမိသည်။
      
       " ဘာလို့လဲ မမလေးဆူးနှင်း "
       " အဆုံးထိနာကျင်စေဦးမှာလား "
      
       နားထဲသို့လာရိုက်ခတ်သော အသံလှိုင်းဟာ ရုတ်တရပ်ဆိုသလိုကျယ်လောင်လာသည်။ တစ်ချက်ချင်းပဲ့တင်ထပ်လာပြီး အကြိမ်ကြိမ်ရိုက်ခတ်နေသော ထိုစကားလုံးသံတွေက အေးစက်သောအကြည့်နှင့်ထပ်တူကျနေသည်။ စိမ်းဖန့်ကာလှပနေသောမျက်ဝန်းဟာ အကြည့်တစ်ချက်နှင့်ပင် လူကိုအသက်ရှုကျပ်အောင်လုပ်နိုင်လေသည်။ မဟုတ်ဘူးလို့နှုတ်ကငြင်းဆန်ရန် ကြိုးစားမိချိန်မှာတော့ မွန်းကျပ်သောမြင်ကွင်းတွေဟာ တစတစပြောင်းလဲသွားခဲ့သည်။
       မောဟိုက်သောပင့်သက်တစ်ရှိုက်နှင့် ရုန်းကန်ကာဖွင့်လိုက်သောမျက်ဝန်းဟာ လက်တွေ့နှင့်နီးစပ်ရန် မည်မျှအချိန်လိုအပ်လိုက်သည်မသိပေ။ အယောင်ယောင်အယမ်းယမ်းနှင့် လှမ်းဆုပ်မိသောဘယ်ဘက်လက်ထဲ နွေးထွေးသည့်အထိအတွေ့ကိုသိရမှ စိတ်တွေဟာငြိမ်သက်စပြုလာသည်။ နိမ့်ချည်မြင့်ချည်အသက်ရှုနှုန်း​က ခြောက်ခြားနေသည့်စိတ်ကိုဖော်ပြနေပြီး အထိတ်တလန့်ဖြစ်နေသောမျက်ဝန်းဟာ အိပ်စက်နေသောသူကိုမြင်တွေ့တော့မှ ပင့်သက်ကိုရှိုက်ထုတ်နိုင်လေသည်။
      
       ငါအိပ်မက်မက်နေတာပဲ.....
      
       ပေါ်လွင်နေသောပခုံးသားထက်မှာ အမှတ်အသားတွေထင်ရှားနေပြီး အစွန်းရောက်ပတ်သက်ခြင်းတွေကြောင့် မျက်တောင်ထက်ကမျက်ရည်စတို့ဟာ ယခုအထိစိုစွတ်ကာမခြောက်သွေ့သေးပေ။ လက်နှစ်ဖက်ကိုချည်ထားသည့်အတိုင်းလေး အိပ်ပျော်နေသော ထိုမျက်နှာလေးကိုကြည့်ပြီး လက်ကတွန့်ဆုတ်စွာတိုးကပ်လာမိသည်။
      
       ပါးပြင်လေးကိုဖွဖွလေးထိကပ်ရင်း သွေးစတွေထင်ကျန်နေသောနှုတ်ခမ်းအား လက်မဖြင့်ဖွဖွပွတ်လိုက်သည်။ အိပ်ပျော်နေသောအလှလေးကိုငေးရင်း မျက်တောင်လေးလှုပ်ရှားလာသည်ကိုတွေ့၍ ထိတွေ့နေမိသောလက်ကိုအသာရုပ်သိမ်းမိသည်။ မျက်ခုံးလေးထိလုနီးနီး တွန့်သွားသောမျက်နှာလေးက နာကျင်မှုကိုအံကြိတ်လိုက်ပုံရသည်။
      
       " နိုးပြီလား "
      
       မျက်လုံးလေးဖွင့်လာသည့်အချိန်မှာ စိမ်းဖန့်နေသောမျက်ဝန်းလေးက မိမိကိုမမြင်လိုဟန်ဖြင့် အကြည့်လွှဲသွားသည်။ မိမိစကားကိုလည်း တစ်နေရာကိုတွေဝေစွာကြည့်ပြီး ခေါင်းကိုအသာညိတ်ပြသည်။
      
       " နေလို့သက်သာလား "
      
       စိမ်းဖန့်ဖန့်မျက်ဝန်းလေးက အကြည့်ကိုသာ တစိုက်မတ်မတ်လွှဲထားသည်။
      
       " ပထမဆုံးမှန်းမသိလိုက်ဘူး နာနေလား "
      
       " လက်ကိုဖြည်ပေးပါ မမလေးဆူးနှင်း "
      
       စောင်ပေါ်ကနေထိတွေ့မိသော ဗိုက်သားချပ်ချပ်လေးကို လက်ဖြင့်ဖွဖွထိတင်ရင်း ဂရုတစိုက်မေးလိုက်တော့ မေ့လျော့နေသောအရာကို သတိပေးလာသည်။ ညကဖြစ်ပျက်သမျှမှာ တသက်တာစောင့်ထိန်းထားသောအရာအား ဖျက်ဆီးလုယူမိထား၍ မိမိကိုနာကျည်းနေဟန်ရှိသည်။ အခြားသူပိုင်နက်ထဲမှာ ပြုသမျှခံလိုက်ရသည့်အပေါ် အကြည့်လွှဲခြင်းဖြင့်တုံ့ပြန်နေသူအား ဆူးနှင်းမှာအပြစ်မမြင်နိုင်ပေ။
       ထိုမျက်ဝန်းစိမ်းလေးပြောသည့်အတိုင်း ခါးစည်းကြိုးဖြင့်ချည်ထားမိသော လက်ကောက်ဝတ်လှလှလေးကို လွတ်မြောက်ခွင့်ပေးလိုက်ပြီး ဖွဖွလေးလက်ကိုကိုင်ကာနမ်းမိသည်။ စောင်တစ်ထည်တည်းအောက်မှာ မရုန်းထွက်နိုင်သေးဘဲ မတရားပိုင်ဆိုင်ထားမိသော ခန္ဓာကိုယ်လေးအား ညင်သာစွာပွေ့ဖက်ထားရင်း ဆူးနှင်းသဘောကျစွာပြုံးလိုက်သည်။ တဆက်တည်း အိပ်မက်အကြောင်းတွေးမိပြီးနောက် လက်တွေဟာအလိုလိုတင်းကျပ်သွားသည်။
      
       " လကျာ် "
      
       ငြိမ်သက်နေမိသောလူနှစ်ယောက်ကြား လေတိုးသံသာသာခေါ်သံက မပီမပြင်ထွက်ပေါ်လာသည်။ စိမ်းဖန့်ဖန့်မျက်ဝန်းတစ်စုံဟာ အကြောင်းအရင်းမရှိစွာ နံရံကိုစိုက်ကြည့်ရင်း တိတ်ဆိတ်နေခဲ့သည်။
      
       " အစ်မကိုမုန်းနေပြီလား "
      
       ထိုအချိန် စိမ်းဖန့်ဖန့်မျက်ဝန်းဟာလှုပ်ရှားသွားပြီး တစ်ဖက်ကိုလှည့်ကြည့်လာခဲ့သည်။ ခန္ဓာကိုယ်ကိုပွေ့ဖက်ထားသောသူထံ မျက်ဝန်းစိမ်းတွေရွေ့လျားကာ အဓိပ္ပါယ်မဲ့ကြည့်မိသည်။ အရက်အတူသောက်ရာကနေ အိမ်ပြန်ပို့ပေးရင်း မှားယွင်းမိသွားသောကိစ္စကို မျက်ဝန်းစိမ်းဟာလက်ခံနိုင်ရန်ခက်နေသည်။
      
       " မုန်းနေလား လကျာ် "
      
       မျက်ဝန်းစိမ်းလေးဟာ ဘာမှမဖြေဘဲ နှုတ်ခမ်းလေးစေ့ပိတ်ထားသည်။
      
       " မုန်းနေရင်လည်း ဒီတိုင်းခဏနေပေးလို့ရမလား "
      
       မျက်ဝန်းကိုမှိတ်ချလိုက်ပြီး မျက်ဝန်းစိမ်းကိုဖက်ထားရင်း ဆူးနှင်းငြိမ်သက်လိုက်သည်။ မှားယွင်းစွာဖြစ်ပျက်သွားခြင်းမဟုတ်ဘဲ လိုလားစွာပတ်သက်ခဲ့မိသည်ကိုတော့ ဝန်မခံဘဲထိမ်ချန်ထားချင်သည်။ ငေးကြည့်နေသော စိမ်းဖန့်ဖန့်မျက်ဝန်းသည်လည်း တွေဝေခြင်းများစွာဖြင့်ပင်။
       ...........................................................
       တစ်လှမ်းချင်းရောက်လာပြီး ထွေးပွေ့ခံလိုက်ရသောအခိုက်မှာ စိမ်းဖန့်ဖန့်မျက်ဝန်းတစ်စုံဟာ အံ့အားသင့်စွာဝိုင်းစက်သွားခဲ့သည်။ နွေးထွေးသောအထိအတွေ့ကြောင့် ပွေ့ဖက်ရန်မဝံ့သောလက်တို့ဟာ လေထဲတွင်ချီတုံချတုံတွေဝေနေသည်။
      
       " မမလေးဆူးနှင်း ! "
      
       " ထပ်မတွန်းထုတ်နဲ့တော့ လကျာ် "
      
       နေရောင်တွေတိုက်ရိုက်ကျရောက်နေသော ထိုနေရာကြောင့်များ နွေးထွေးမှုတွေရှိနေခဲ့တာလား။ လကျာ်တွေဝေစွာငြိမ်သက်ရင်း ပွေ့ဖက်လိုသောစိတ်ကို လက်သီးဆုပ်ကာငြင်းဆန်မိသည်။ အသက်ရှုသံတိုးတိုးနှင့် လာရောက်ရိုက်ခတ်နေသောလေငွေ့တို့က လည်တိုင်နားတွင်တဝဲလည်လည်သာ။
       ပြောစရာစကားတွေပျောက်ရှနေပေမဲ့ သူမခေါ်ရာနောက်ကိုမငြင်းဆန်ဘဲ ကားတစ်စီးတည်းဖြင့်လိုက်လာမိသည်က လွယ်ကူလွန်းရာရောက်နေမည်လားမသိချေ။ နူးညံ့ညင်သာစွာဆုပ်ကိုင်ထားသော လက်လှလှလေးကိုငုံ့ကြည့်ရင်း လကျာ်မျက်ဝန်းတစ်စုံက သူမမျက်နှာကိုလှမ်းကြည့်ဖြစ်သည်။ ပြုံးပြနေသောအကြည့်တို့ကို မြင်လျှင်မြင်ချင်းမှာ မဝံ့ရဲစွာအကြည့်လွှဲမိသည်။
      
       " လကျာ် "
      
       လေသံသာသာခေါ်သံကြောင့် တွေဝေတုံ့ဆိုင်းစွာ လှည့်ကြည့်လိုက်သည်။ လက်တစ်ဖက်တည်းဖြင့် ကားကိုမောင်းနှင်နေသောသူမက လကျာ်ကိုကြည့်ရင်းပြုံးပြနေသည်။ လှပသောသူမမျက်နှာထက်မှာ နေရောင်ဖျော့ဖျော့လေး ကျရောက်လျက်ပင်။
      
       " ဟုတ် မမလေးဆူးနှင်း "
      
       လကျာ်ထံကတိုးရှရှအသံကို မျက်တောင်မခတ်ကြည့်ရင်း သူမတစ်ချက်ပြုံးသွားသည်။ နားလည်ရန်ခဲယဥ်းသောအပြုံးနှင့် ကားကိုလမ်းဘေးနေရာတွင်ရပ်ကာ လကျာ်လက်ကိုသူမလွှတ်လိုက်သည်။ နှုတ်ခမ်းစွန်းကအပြုံးဖျော့ဖျော့ရယ် နားလည်ရန်ခက်သောအကြည့်တွေက လကျာ်စိတ်ကိုရှုပ်ထွေးစေလေသည်။
      
       " ကားပေါ်ကဆင်းရအောင် "
      
       လုံခြုံရေးခါးပတ်ကိုဖြုတ်ပြီး လကျာ်ဘေးကထွက်သွားသောသူမကို နားမလည်နိုင်စွာကြည့်နေသည်။ ကားတံခါးကိုဖွင့်လျက်အတိုင်းလေး အပြင်ကနေကိုယ်လေးကိုင်းကာ လကျာ်ကိုကြည့်နေပြီး လှပစွာပြုံးပြသည်။ လကျာ်တို့ရောက်နေသောနေရာက အဖွဲ့တွေကြားကပဋိပက္ခဖြစ်ပွားနေကျ နာမည်ကြီးလမ်းမပေါ်တွင်ဖြစ်သည်။
      
       ခါးကြားတွင်သေနတ်တစ်လက်သာပါသော လကျာ်ထံမှာ ခုခံစရာလက်နက်ဟူ၍ များများစားစားမရှိပေမဲ့ သူမအပြုံးလေးကိုတွေတွေလေးငေးရင်း ကားပေါ်ကဆင်းလာခဲ့သည်။ လမ်းမဘေးတစ်ဖက်တစ်ချက်မှာ ခြုံခိုနိုင်စရာအပင်ကြီးတွေပေါက်ရောက်နေပြီး လမ်းမပေါ်ကိုနေပြောက်လေးတွေသာကျရောက်စေသည်။ မှောင်ရီပျိုးစလမ်းမပေါ်မှာ ကားတံခါးပိတ်ကာ အေးဆေးစွာလမ်းလျှောက်နေသောသူမကို လကျာ်ရပ်ကြည့်နေမိသည်။
      
       " မမလေးဆူးနှင်း "
      
       တုံ့ဆိုင်းနေသောခြေထောက်တစ်စုံက ဖြည်းနှေးစွာစတင်လှမ်းရင်း တိုးရှရှခေါ်သံကြောင့် လှမ်းကြည့်လာသောသူမကို တွေဝေစွာကြည့်လိုက်သည်။ ပတ်ဝန်းကျင်ဟာ နေပြောက်ထိုးရုံမှအပ အမှောင်အတိလို့ဆိုနိုင်အောင် မှောင်ရိပ်သန်းနေလေသည်။
      
       " ဒီနေရာက အန္တရာယ်များပါတယ် "
      
       ထိုအချိန် လေရူးတစ်ချက်ဟာ အပင်တွေလှုပ်ခါသွားအောင် တိုက်ခတ်သွားသည်။ မျက်ဝန်းနက်နက်လေးနှင့် မျက်ဝန်းစိမ်းလေးဟာ အချိန်အတော်ကြာကြည့်ဖြစ်ကြသည်။
      
       " ပြန်ကြရအောင်ပါ "
      
       သူမ နှုတ်ခမ်းလေးလွန့်ရုံပြုံးပြသည်။
      
       " ဒီကိုလာခဲ့ "
      
       လကျာ်စကားကိုမကြားလိုက်သည့်အလား သူမဘက်ကလက်ကမ်းပေးရင်း ခေါင်းလေးစောင်းကာလှမ်းခေါ်နေသည်။ သစ်ပင်ရိပ်တွေကျနေသောလမ်းမပေါ်မှာ နေ့အလင်းရောင်ဟာ ပျောက်လုမတက်အနေအထားဖြစ်လေပြီ။ အေးစိမ့်သောလေရူးတွေလည်း အဝေးကနေအရောက်လာကာ တိုးဝေ့တိုက်ခတ်လာသည်။
      
       " အစ်မတို့ လမ်းအတူလျှောက်ရအောင် "
      
       အမိန့်ဖီဆန်သောခြေထောက်တစ်စုံက သူမအရှေ့ကိုနှေးကန်စွာလျှောက်လာမိပြီး ညင်သာစွာဆုပ်ကိုင်လိုက်သောအထိအတွေ့နောက်ကို လကျာ်မသိလိုက်ဘဲလိုက်မိသွားသည်။ တစ်လှမ်းချင်းနောက်ပြန်လျှောက်ပြီး လကျာ်ကိုကြည့်နေသော သူမ၏မျက်ဝန်းလေးကိုငေးကြည့်ရင်း ခြေလှမ်းတွေဟာ သူမဆွဲခေါ်ရာနောက်ကိုပါလာသည်။
      
       အကြောင်းအရင်းမရှိဘဲ လမ်းမထက်မှာပြေးလွှားနေမိပြီး တစ်ချက်တစ်ချက်လှည့်ကြည့်လာသော သူမမျက်နှာလေးထက်က အပြုံးလှလှတွေကိုငေးမောမိသည်။ လေရူးတွေတိုက်ခတ်နေသည့်ကြားကနေ သူမမျက်နှာလေးကိုလှမ်းကြည့်ရင်း အလင်းရောင်ဖျော့ဖျော့အောက်က မျက်ဝန်းစိမ်းလေးဟာ မှေးဖျော့စွာပြုံးခဲ့သည်။ လက်ကျန်အလင်းရောင်အောက်မှာ လူနှစ်ယောက်ဟာ စိတ်လွတ်ကိုယ်လွတ်ပြေးဖြစ်ကြသည်။
      
       " လကျာ် "
      
       " ဟင် ? "
      
       ခေါ်သံလေးနှင့်အတူ ပြေးလွှားနေသောခြေလှမ်းတွေကိုရပ်လိုက်ချိန်မှာ နှုတ်ခမ်းလေးပူနွေးကာစိုစွတ်သွားသည်။ နူးညံ့သောအထိအတွေ့ကြောင့် စိမ်းဖန့်သောမျက်ဝန်းလေးက အံ့သြဝိုင်းစက်ကာကြည့်လိုက်သည်။
      
       " အစ်မတို့ အတော်လေးပြေးလာမိကြတာပဲ "
      
       အဝေးတစ်နေရာကိုလည်ပြန်ကြည့်ပြီး ​​လက်ကိုဆုပ်ကိုင်လာသောသူမကို လကျာ်တွေတွေငေးငေးလေးကြည့်မိသည်။ အဆင်ပြေသလိုနမ်းသွားပြီး ပုံမှန်အတိုင်းပြောဆိုနေသောပုံစံလေးက လကျာ်ကိုသိမ်ငယ်စိတ်ဝင်လာစေသည်။ သဘောကျမိသောစိတ်ကို သော့ခတ်ထားနိုင်ဖို့ မည်မျှကြိုးစားရဦးမည်မသိပေ။
      
       ညအမှောင်နက်နက်အောက်မှာ နှစ်ယောက်အတူဘေးချင်းယှဥ်လျှောက်ခွင့်ရသည်က လကျာ်အတွက် အကြီးဆုံးဆုလာဘ်တစ်ခုလိုပင်။ တိတ်ဆိတ်ကာလူသူကင်းမဲ့သောနေရာမှာ နှုတ်ဆိတ်စွာလမ်းလျှောက်နေသော မဝံ့မရဲငမိုက်သားဟာ လက်လေးကိုင်ရဖို့ကိုတွန့်ဆုတ်နေသည်။ မထိုက်တန်သောအရာကို လကျာ်တုံးခုလို့မလှမ်းချင်ပေ။ သူမအနားမှာ အသုံးချခံလေးအဖြစ်သာ ဆက်လို့ရှိနေချင်သေးသည်။
      
       " မမလေးဆူးနှင်း "
      
       အတွေးတွေများစွာနှင့် ခေါင်းငုံ့ထားမိသောအချိန်မှာ အဖွဲ့တစ်ဖွဲ့ဆီမှအနက်ရောင်ကားနှစ်စီးဟာ လကျာ်တို့ဘေးကနေဖြတ်တက်သွားကြသည်။ လေ့ကျင့်သားပြည့်ဝခဲ့သောသူအဖို့ ချက်ချင်းပင်ခေါင်းထောင်မိကာ သူမကိုလကျာ်ကိုယ်ဖြင့်ကွယ်လိုက်မိသည်။ အနက်ရောင်ကားနှစ်စီးက ခပ်လှမ်းလှမ်းမှာရပ်တန့်သွားပြီး ရှေ့ဆုံးကား၏အနောက်ခန်းမှန်ပွင့်လာသည်။
      
       " ဆွေးနွေးပွဲကအဖွဲ့တွေပဲ စိတ်မပူနဲ့လကျာ် "
      
       ရှေ့ဆုံးကား၏အနောက်ခန်းမှာ အကြီးအကဲမိန်းကလေးနှစ်ယောက်ရှိနေပြီး လကျာ်တို့ကိုကားမှန်ချကာကြည့်လာသော အကြီးအကဲမိန်းကလေးက ညာဘက်ခြမ်းတွင်ထိုင်နေသည်။ တစ်ချက်သာအကဲခတ်သွားပြီး မကြာခင်မှာ ထိုအနက်ရောင်ကားနှစ်စီးသည်လည်း လကျာ်တို့လာခဲ့သောနေရာသို့ထွက်ခွာသွားကြသည်။
       ထိုတော့မှသက်ပြင်းချမိသောလကျာ်မှာ နောက်ကျောကရယ်သံတိုးတိုးလေးကြောင့် ပိုင်စိုးပိုင်နင်းလုပ်မိသောအဖြစ်ကို သတိရလိုက်တော့သည်။ အားနာစွာနောက်လှည့်ကြည့်ပြီး တောင်းပန်ရန်မဝံ့မရဲကြည့်လိုက်ရင်း လက်ချောင်းလေးတွေကို အချင်းချင်းကုတ်နေမိသည်။ မရည်ရွယ်ဘဲလုပ်မိသွားသော အပြုအမူတစ်ခုဖြစ်ပေမဲ့ လကျာ်ဘက်ကစည်းကျော်မိခဲ့သည်မဟုတ်လား။
      
       " တောင်းပန်ပါတယ် မမလေးဆူးနှင်း "
      
       မဝံ့မရဲစကားသံက လည်ချောင်းထဲမှခဲယဥ်းစွာထွက်လာပြီး ခပ်စူးစူးကြည့်နေသောအကြည့်ကို မျက်လွှာချကာရှောင်ဖယ်မိသည်။
      
       " ဘာကိုတောင်းပန်တာလဲ "
      
       " ခဏက မမလေးဆူးနှင်းလက်ကို "
      
       လကျာ်အသံကတိုးသထက်တိုးလာသလိုပင်။
      
       " အလျင်စလိုဆွဲမိသွားတယ် "
      
       လက်မကိုလက်မဖြင့်ပြန်ကုတ်ရင်း ​ကွန်ကရစ်လမ်းမကိုသာ လကျာ်တွေတွေလေးငုံ့ကြည့်နေသည်။ သူမထံက အကြည့်စူးစူးတွေလက်ခံရရှိပေမဲ့ မော့ကြည့်ဖို့မဝံ့ရဲနေပေ။ နူးညံ့သောအထိအတွေ့က မျက်နှာကိုလာရောက်ထိတွေ့သည်အထိ ခေါင်းကိုငုံ့ထားမိဆဲဖြစ်သည်။ ရယ်သံတိုးတိုးလေးကလည်း နားထဲသို့လာရောက်ရိုက်ခတ်လျက်ပင်။
      
       " အရက်သောက်ကြရအောင် လကျာ် "
       ..........................................................
       မျက်နှာသစ်ဘေစင်မှာ လက်ကိုထောက်ရင်းတွေဝေနေပြီး မှန်ထဲကစိမ်းဖန့်ဖန့်မျက်ဝန်းကို လကျာ်ရှင်ကြည့်နေသည်။ ထင်သာမြင်သာသောနေရာတွေသာမက ဖုံးကွယ်ထားသောနေရာတွေ၌ပါမကျန် အမှတ်အသားတွေရရှိထားပြီး လည်တိုင်ကအမှတ်အသားကတော့ အထင်ရှားဆုံးဖြစ်လေသည်။ မှိန်ဖျော့နေသောမျက်ဝန်းတစ်စုံဟာ မနေ့ညကဖြစ်ရပ်တွေကိုတွေးရင်း ဝမ်းဗိုက်ကိုဖြည်းဖြည်းချင်းဖိလိုက်သည်။
      
       အိပ်ရာအောက်မှာပြန့်ကြဲခဲ့သော အဝတ်အစားတွေကို ဖြစ်သလိုပြန်ဝတ်ထားသည့်ပုံစံက ကိုယ့်ကိုကိုယ်ပြန်ကြည့်လျှင်ပင် အဆင်မပြေနေချေ။ အမှတ်အသားတွေထင်းနေသော လည်တိုင်တဝိုက်ကလည်း ညကအဖြစ်အပျက်များကို မီးမောင်းထိုးပြနေသည်။ မလွန်ဆန်နိုင်သောမှားယွင်းမှုက လကျာ်ကိုအပြစ်ရှိသလိုခံစားရစေပြီး သိမ်ငယ်စိတ်တွေပိုလို့ဝင်လာခဲ့သည်။
      
       " လကျာ် "
      
       ရေချိုးခန်းထဲဝင်လာသောသူမကို လကျာ်မြင်နေရပေမဲ့ ဝေဝါးနေလေသည်။ ခါးတဝိုက်ကိုချယ်လှယ်လာသမျှ တွေဝေစွာရပ်ကြည့်ရင်း မှန်ထဲကသူမမျက်နှာလေးကို ဝေဝေဝါးဝါးကြည့်မိသည်။ သူမကတော့ လကျာ်ကိုအနောက်ကနေဖက်ရင်း ငြိမ်သက်စွာရပ်နေသည်။
      
       " ညကကိစ္စကို မေ့ပေးပါမယ် "
      
       တိုးရှရှထွက်လာသည့်စကားသံဟာ စိုစွတ်နေသောရေစက်နှင့်အပြိုင် မျက်ရည်စက်ကိုကျလာစေသည်။ စိတ်ထဲကသိမ်ငယ်မှုကို သူမမသိနိုင်ပေမဲ့ ယခုအချိန်မှာလကျာ်အလွန်ဝမ်းနည်းနေသည်။ နှစ်များစွာကောင်းကောင်းမြိုသိပ်ပြီး လောဘမကြီးခဲ့ပေမဲ့လည်း မထင်မှတ်ဘဲလွန်ကျူးမိခဲ့ကြပြီ။
      
       " မရှိခဲ့သလို ဘာမှမဖြစ်ခဲ့သလိုနေပေးပါမယ် မမလေးဆူးနှင်း "
      
       ထိုစကားလုံးတွေပြောနေချိန်မှာ ခါးတဝိုက်ကပိုမိုတင်းကျပ်လာသယောင် မှားယွင်းစွာလကျာ်ခံစားမိသည်။ သူမမျက်နှာကိုကြည့်တော့လည်း ပုံမှန်အတိုင်းသာ အပြုံးလှလှလေးပြုံးပြနေခဲ့သည်။
      
       " မာကင်ရာတွေက စကားပြောနေတယ်နော်လကျာ် "
      
       ရယ်သံနှောကာပြောလာသော သူမစကားသံတွေက လည်တိုင်ကိုနှုတ်ခမ်းဖြင့်ထိကပ်ရင်း အက်ရှရှပြောလာကာ ခါးတဝိုက်ကိုပိုတင်းကျပ်လာစေသည်။
      
       " တကယ်ဘာမှမဖြစ်ခဲ့တာပဲလား "
      
       လကျာ်တိတ်ဆိတ်စွာပင် လက်သီးလေးဆုပ်မိသည်။
      
       " ဟုတ် "
      
       " လကျာ် အစ်မကိုနောက်နေတာလား "
      
       တောင့်တောင့်လေးရပ်နေသောလကျာ်ရှင်ကို ဖက်ထားရာကနေလူချင်းခွာပြီး ရွှေဆူးနှင်းအံ့သြသလိုမေးလိုက်သည်။ မှန်ထဲကနေကြည့်နေရသည်ထက် မျက်နှာချင်းဆိုင်ဖြစ်နေတာက ပို၍မှန်နေမလားပင်။
      
       " အစ်မကိုကြည့် "
      
       လိမ်ညာလို့ရနိုင်မည့်ရေစက်တွေလည်း မျက်နှာပေါ်မှာခြောက်သွေ့သွားခဲ့ပြီး မရပ်တန့်နေသောရေစက်တို့က တစက်စက်ဖြင့်ကျလို့နေသည်။
      
       " အစ်မကိုကြည့် လကျာ် "
      
       အတင်းငုံ့ထားသောမျက်နှာကို ဆွဲယူမော့စေလိုက်ပြီး ရွှေဆူးနှင်းစိတ်မရှည်စွာပြောလိုက်သည်။ မျက်လုံးလေးတွေရဲတက်ကာ တွေတွေလေးကြည့်နေသောသူကို မျက်ခုံးတွန့်ချိုးစွာကြည့်မိသည်။ စိတ်ထဲတွင်အလိုမကျခြင်းကလည်း အချိန်အခါမကျစွာရောက်လာလေသည်။
      
       " အခုမှားခဲ့ပြီးတာကို ဘာလို့လက်မခံတာလဲ "
       " နစ်နာသွားတာက လကျာ်ဖြစ်နေတာတောင် ဘာလို့ဒီစကားပြောနိုင်တာလဲ "
      
       လကျာ်ရှင်နှုတ်ဆိတ်လျက်သာရှိနေသည်။
      
       " အစ်မကို တာဝန်မယူနိုင်တဲ့သူထင်လို့လား ဟုတ်လားလကျာ် "
      
       ထိုမေးခွန်းကို လကျာ်ရှင်ခေါင်းခါကာ တိတ်တိတ်လေးငြင်းဆိုသည်။
      
       " မထုံတတ်သေးပုံစံနဲ့ ဘာဖြစ်ချင်နေတာလဲလကျာ် "
      
       " အိမ်ပြန်ချင်တယ် "
      
       အတင်းအကျပ်လုပ်ယူထားရသလို အခြေအနေကြောင့် မျက်နှာကိုဖိကိုင်ထားသောလက်ကို ရွှေဆူးနှင်းလွှတ်ချမိသည်။ သက်ပြင်းကိုလှောင်ရယ်ကာချရင်း တဖက်သတ်ဖြစ်နေသော မိမိကိုယ်ကိုစိတ်ပျက်သွားသည်။
      
       " ဖြစ်ပြီးခဲ့တာကို မရှိသလိုလုပ်လို့မရတော့ဘူးလကျာ် ဒီကိစ္စကိုလင်္ကာသိသွားပြီ "
      
       ထိုစကားကိုကြားလျှင်ကြားချင်း လကျာ်ရှင်ခေါင်းထောင်မိသွားပြီး ရွှေဆူးနှင်းကိုထိတ်လန့်စွာကြည့်လာသည်။ စိမ်းဖန့်ဖန့်အကြည့်တွေထဲမှာ မည်သည့်အဓိပ္ပါယ်သက်ရောက်သည်မသိသော အရိပ်အယောင်တွေမြင်တွေ့နေရသည်။
      
       " အစ်မကိုယ်တိုင် အသိပေးလိုက်တာ "
      
       " မမလေးဆူးနှင်း "
       ..........................................................

Until The End Where stories live. Discover now