အပိုင်း ၅

Start from the beginning
                                        

တစ်နေ့ကို မနက်အတွက်တစ်ခါ နေ့လည်အတွက် တစ်ခါလှူတာမို့ အတန်းထဲကလူတွေပျော်နေကြသည်။ သူလှူသမျှက အာဟာရရှိသလို အရသာလည်းရှိပြီး ဗိုက်ဝစေသည့်အစားအစာမျိုးတွေဖြစ်သည်။

ဘယ်သူလှူမှန်းတော့ တစ်ယောက်မှမသိကြပါ ။ဆရာမကိုတောင်းဆိုပြီး လျှို့ဝှက်ခိုင်းထားတာဖြစ်သည်။

ဟွမ်းရှင်းတစ်ယောက် နေ့တိုင်း သူ့စားပွဲအပါအဝင် သူတို့တစ်တန်းလုံးရဲ့စားပွဲတွေအပေါ်ရောက်နေသည့် အစားအစာလေးတွေကို တိတ်တဆိတ်စားသုံးတာ အလေ့အကျင့်ဖြစ်နေပြီ ။ သူ့ကိုဒီတိုင်းလာပေးရင်တော့ဘယ်တော့မှစားဖြစ်မှာမဟုတ်။ တစ်တန်းလုံး ရပြီး စားနေကြတာမို့လို့သာ သူလည်းစားဖြစ်သည်။အရင်ဘဝကတော့ဒါမျိုးမရှိခဲ့ဖူးပေ။ ရှိခဲ့ရင် သူလည်း အမြဲတမ်းဗိုက်ဆာနေခဲ့မှာမဟုတ် ။

အမြဲ ‌‌ပိုက်ဆံချွေတာရတာမို့ အစားစားတာကိုအတော်လျှော့ချထားရသည်မှာ သူ့အတွက်မဆန်းတော့။ ဒါပေမယ့် ဒီမုန့်လေးတွေက သူ့အတွက်အတော်အထောက်အကူဖြစ်စေသည်။ ဗိုက်ဝတာမို့ အရင်ကလောက်အမြဲ မပင်ပန်းနေတော့ချေ။ အားလည်းပိုရှိလာသလိုပင်။

သို့ပေမယ့် သူ့ကိုတစ်ခုအတွေးများစေတာက ဒီမုန့်တွေရဲ့ အလှူရှင်က သူထင်နေတဲ့သူများလား‌ဆိုတာပင် ။ ဒီဘဝမှာဖြစ်ပျက်သမျှ အဖြစ်အပျက်အသစ်တွေက ထိုသူနဲ့သာ အမြဲဆက်စပ်နေပြီး အဲ့ဒါတွေကလည်း ဘယ်တော့မှ သူ့ကိုမထိခိုက်စေပဲ ကူညီပေးတာချည်းပင်။

လက်ထဲက ကြက်သားအစာသွပ်ထားသည့် ထမင်းလုံးလေးကို ပိုဖိဆုပ်ကိုင်ရင်း သူ့ခပ်လှမ်းလှမ်းက ခုံမှာ မှောက်ကာ ကာတွန်းစာအုပ်ဖတ်နေသည့် ခေါင်းလုံးလုံးလေးကို လှမ်းကြည့်လိုက်မိသည်။ အပြင်ကကျရောက်နေတဲ့ နေရောင်က ထိုခေါင်းလုံးလုံးအပေါ်ဖြာကျနေသည်မှာ မျက်စိထဲ ပန်းချီကားတစ်ချပ်ပမာ။

သူ့ရဲ့ဆံပင်တွေဟာ နူးညံ့နေပြီး သူ့ဘာသူ ဆော့လိုက် ဖွလိုက်အမြဲလုပ်‌တာ‌ကြောင့်ရှုပ်ပွနေပေမယ့်လည်း ကြည့်ရမဆိုးပဲ ဟွမ်းရှင်း တစ်ခါဆုံဖူးတဲ့ Golden retriever ခွေးလေးရဲ့ခေါင်းလေးလို တစ်ဖက်သားကို တဖွဖွပွတ်သပ်ပေးချင်စိတ်ပေါက်စေသည်။

Main Character Shou Always Trying To Devour Me Where stories live. Discover now