အခန်း - ၂၆
နီစွေးသောကောင်းကင်🍁
ညနေ ၆ နာရီထိုးခါနီးပြီဖြစ်သည်ကြောင့် ရေချိုးရန်တွေးနေသော သွန်းဟန်မှာ အိပ်ရာမှ မထသေးပဲ လှဲရင်းဖြင့် ဖုန်းထောင်ကြည့်ပြီး တွေးနေခြင်းဖြစ်သည်။
ပျင်းလိုက်လေခြင်း....။ကျောင်းရောက်မှ သွန်းဟန်တော်တော် ပျင်းနေခြင်းဖြစ်သည်။
ကျောင်းသွားရ စာကျက်ရနှင့် အိပ်ချိန်တောင် မမှန်ပါပေ။ ဒါ့ကြောင့် ကျောင်းမြန်မြန်ပြီးပါစေဟု ဆုတောင်းမိ၏။
ဇာတ်ကားကြည့်နေရင်းမှ ဖုန်းထဲပေါ်လာသည့် ဟိုလူ့ဆီမှ အဝင် Call ကိုကြည့်ပြီး သွန်းဟန် ထထိုင်လိုက်ပါသည်။
"ဘာလုပ်ပြန်ပြီတုန်းမသိဘူး..."
"Hello ပြော..."
"အဆောင်ရှေ့ထွက်ခဲ့"
"ဟင်..."
အေးအေးငြိမ်ငြိမ်နှင့် ပြောလိုက်သည့် သူ့စကားနောက်တွင် ဆူညံပွက်လောရိုက်နေသည့်အသံများ လွှမ်းခြုံနေလေသည်။
"ရှင်...ဘယ်လိုလုပ်...နေအုံး ရှင်ဒီရောက်နေတာတော့ မဟုတ်ဘူးမလား..."
"အဆောင်ရှေ့ထွက်လာခဲ့လို့သွန်းဟန်..."
"မဖြစ်နိုင်တာ..."
"အခု ထွက်ခဲ့"
*တီ...*
ဖုန်းကျသွားပေမယ့် သွန်းဟန်မှာ ဖုန်းလေးကိုင်ပြီး ကြောင်ကြောင်လေး ရပ်နေမိပါသည်။ ဘယ်မှလဲ ခြေလှမ်း မစမိသလို ဘာလုပ်ရမည်ကိုလဲ ခဏမျှတွေဝေစွာဖြင့် အတွေးတို့ ဗလာဖြစ်သွားခဲ့ရ၏။
"မမ...မမ"
"ဟင်..."
"မမ ရေချိုးမယ်ဆို"
"ဟုတ်သားပဲ ဟိုလူ..."
"မမ..."
အခန်းထဲမှ ပြေးထွက်သွားသည့် မမသွန်းဟန်ကိုကြည့်ပြီး ချန်ချန်ခေါင်းလေးကုပ်လိုက်ပါတော့၏။
လှေခါးအတိုင်း အောက်ထပ်သို့ဆင်းသွားသည့်အခါ သွန်းဟန်ခြေထောက်များ လွပ်လပ်ပေါ့ပါး၍နေသလို စိတ်နှလုံးမှာလဲ အဆမတန်ခုန်ပေါက်လာရသည်။ အဆောင်ရှေ့တွင် ဟိုလူ့ကို တွေ့ရတော့မည်လားဆိုသည့် စိတ်ဟာ သွန်းဟန်ကို လေပေါ်မြှောက်တတ်သည်အထိ နှိုးဆွထားတော့၏။
