ဖိနပ်မပါဘဲ ပြေးလွှားနေခဲ့တာမို့ ငွေတိမ်စိုင်၏ခြေထောက်တို့မှာ နာကျင်ညောင်းညာနေတော့သည်။ ဖုန်တလိမ်းလိမ်းနှင့် လမ်းတွေကြောင့် ခြေဖဝါးနှစ်ဖက်စလုံး ဖုန်တွေလူးကာ ရယ်ချင်စရာကောင်းနေတော့၏။ အခုမှ စိတ်ငြိမ်စပြုလာသော ငွေတိမ်စိုင်က အိမ်ကြီးတင်မဟုတ်ဘဲ သူ့ကို ပတ်လည်ဝန်းရံကာ ဝိုင်းအုံကြည့်နေကြသည့် လူတွေကလည်း ပုံတုံးတုံး အဝတ်အစားတွေ ဆင်မြန်းထားကြောင်း သတိထားမိသွားတော့သည်။
ငွေတိမ်စိုင်၏အတွေးကတော့ရှင်းသည်။ သူ့ကိုဝိုင်းထားသည့် လူတွေရှင်းသွားသည်နှင့် အန်တီကြီးကို အချိုသပ်ကာ ဒီနေရာအကြောင်းမေးမည်။ ဖြစ်နိုင်လျှင် ကူညီပေးဖို့ ငိုယိုအကူအညီတောင်းမည်။ မရလျှင်တော့ ထွက်ပြေးမည်။ သို့သော် ယခုမူတော့ ငွေတိမ်စိုင်ခမျာ အကြံအိုက်စွာဖြင့် ကြိမ်ကုလားထိုင်ကြီးပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်မိတော့သည်။ နေရာတစ်ခုတွင် ပိတ်မိနေပါက ထွက်ပြေးလို့ လွတ်နိုင်ဦးမည်။ အခုတော့ သူ့အဖြစ်က အတိတ်ဟောင်းကာလတစ်ခုတွင် ပိတ်မိနေကြောင်း နံရံထက်ဆီမှ ဝါကျင့်ကျင့် ပြက္ခဒိန်စာရွက်က သက်သေခံလို့နေသည်။ ရိုးရိုးတန်းတန်း ထွက်ပြေးရုံနှင့်တော့ လွတ်လိမ့်မည်မထင်ပေ။
"မဖြစ်တော့ပါဘူး။ ဒီတိုင်းဆို ကလေးနေမကောင်းဖြစ်နေတာ လူတိုင်းသိကုန်တော့မယ်။ ငါပြောသလိုသာ လုပ်လိုက်ကြစမ်းပါအေ။" ငွေရယ် ဂုဏ်ရယ် ပြီးမှ မိသားစုက တတိယနေရာကလိုက်သည့် ကြီးဒေါ်ကြီးအတွက်ကတော့ ဒီကလေးအကြောင်း လူသိသွားလျှင် ရှက်စရာဖြစ်မည်ကို ပိုစိုးရွံ့ပုံရသည်။ ဆူအောင့်အောင့်အသံကြောင့် ငွေတိမ်စိုင်လည်း မျက်လုံးအသာလှန်ကြည့်မိတော့ မျက်နှာတိမျက်နှာထားတင်းတင်းနှင့် အဒေါ်ကြီးက သူမကို မတူသလိုမတန်သလို တစ်ချက်ငုံ့ကြည့်ပြီး အဝေးဆီအကြည့်လွှဲသွားသည်ကို မြင်လိုက်ရသည်။ သူများထက် တစ်လှမ်းနောက်ကျပြီးမှ အိမ်ထဲဝင်လာပြီး ဆူညံပူညံလုပ်နေသည့် အဒေါ်ကြီးက ဆံထုံးမြင့်မြင့်ထုံးထားကာ ဥစ္စာပေါမျိုးရိုးမှန်းသိသာစွာဖြင့် တောက်တောက်ပြောင်ပြောင်တွေချည်း ဝတ်ဆင်လို့ထားသည်။
YOU ARE READING
တိမ်စိုင်အိမ်
Romance"တိမ်စိုင်ကို အိမ်တိုင်အမှတ်နှင့် လေရူးမှာပျော်။" စိမ့်ရေစမ်း+ငွေတိမ်စိုင်။ ကံကိုကိုးစားပြီး ရေလိုက်ငါးလိုက်နေတတ်သူ၏ သာသာယာယာနေ့စဉ်ဘဝ။ pic crd to the original rightful owner coz I downloaded from Pinterest
part 4
Start from the beginning
