"မပြန်တတ်ဘူးလို့။ ဒါကြီးက ဘယ်နေရာကြီးလဲ။ ကူပါဦး။" လက်ရှိ ငွေတိမ်စိုင်၏အခြေအနေက ကူကယ်ရာမဲ့သည်ဆိုတာထက်ကို ပို၏။ ဘယ်နေရာရောက်နေမှန်း မသိရသည့်အပြင် ဒီကလူတွေ၏စကားဝဲပုံကလည်း တစ်မျိုးဆန်းကာ ဘယ်လူမျိုးစုမှန်း သူ မခန့်မှန်းတတ်တော့ပေ။ အဆိုးဆုံးကတော့ လူတိုင်းက သူ့ကို အဖက်မလုပ်ဘဲ အရူးတစ်ယောက်လိုမျိုး ဘေးမဲ့ပေး လစ်လျူရှုထားကြတာပင်။
စိတ်ပျက်အားလျော့ကာ မျက်ရည်လည်ရွဲဖြစ်နေသော ငွေတိမ်စိုင်ကြောင့် မိခင်ဖြစ်သူမှာ ရင်အစုံပူလောင်လာပြီး ဆက်မကြည့်ရက်တော့ပေ။ သူများတွေ ဘယ်လိုတွေးမလဲလည်း ဂရုမစိုက်နိုင်တော့ဘဲ ဒေါ်နွေအေးတစ်ယောက် လူကြားထဲကနေ ခွဲထွက်ကာ ငွေတိမ်စိုင်လေးအား ထွေးဖက်လိုက်၏။ သူမ၏ပွေ့ဖက်မှုဆီမှ ကြောက်အားလန့်အားနှင့် ရုန်းကန်နေသည့် သမီးဖြစ်သူကြောင့် ဒီအတောအတွင်း သူမတို့ဘက်က ဘယ်လောက်တောင် မေတ္တာတရားကင်းမဲ့ပြီး ဂရုစိုက်မှုပေးရန် လစ်ဟင်းခဲ့ကြမှန်း ဒေါ်နွေအေးတစ်ယောက် နားလည်သွားတော့သည်။ လူတွေ၏နှုတ်ဖျားတွင် အတင်းအဖျင်းပြောခံရတာထက် ကိုယ့်သွေးသားက ကိုယ့်ရင်ငွေ့ကိုတောင် မမှတ်မိဘဲ စိမ်းသက်နေသည်က ပိုပြီးကြောက်စရာကောင်းလှသည်။
ရုတ်တရက်ကြီးအဖက်ခံလိုက်ရတာကြောင့် ငွေတိမ်စိုင်လည်း ထခုန်မိမတတ် လန့်သွားကာ ထွက်ပြေးရန် ကြိုးစားတော့သည်။ အမျိုးသမီးကြီးက သူမအား ဖက်ထားရင်း ငိုသံသဲ့သဲ့နှင့်အတူ သားချော့တေးတစ်ပုဒ်ကို ခပ်တိုးတိုးညည်းလို့နေ၏။ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်သူမကို နှစ်သိမ့်လိုသောကြောင့်ဖြစ်မည်။ သားချော့တေးနှင့်အညီ စည်းချက်ကျကျဖြင့် သူမပုခုံးထက်ကို အသာအယာပုတ်ကာ ချော့မြှူလို့နေသေးသည်။ လူစိမ်းတစ်ယောက်နှင့် အခုလိုမျိုး နီးနီးကပ်ကပ် လက်ပွန်းတတီးမနေလိုတာကြောင့် အမျိုးသမီးကြီး၏လက်အတွင်းမှ ရုန်းကန်ချင်သည့်တိုင် ငွေတိမ်စိုင်ခမျာ မည်သို့မည်ပုံရုန်းထွက်ရမှန်းမသိဘဲ အကြပ်ရိုက်လို့နေ၏။
အမျိုးသမီးကြီး၏ရုပ်ရည်သွင်ပြင်က ပြေပြစ်လှပကာ အေးချမ်းသည့်အဆင်းရှိသော်လည်း လက်ရှိအချိန်တွင်တော့ အနည်းငယ် ပင်ပန်းနွမ်းလျနေပုံပေါ်သည်။ ဘာမဆိုင်ညာမဆိုင် ငွေတိမ်စိုင်လည်း သူမ အိမ်ခန်းထဲရှိ ပြတင်းဘောင်ပေါ်က စံပယ်ပန်းအိုးကို ပြေးမြင်မိသွားသည်။ သူ့ခမျာ လှပါရက် ဝေဝေဆာဆာပွင့်ချင်ပါရက်နှင့် ငွေတိမ်စိုင်တစ်ယောက် ရေပုံမှန်လောင်းပေးဖို့ အမြဲမေ့တာကြောင့် နွမ်းလျညှိုးလျော်နေရသည်ကများ၏။ ပြတင်းတစ်ဖက်က နေအရှိန်ပြင်းလွန်းတာကြောင့်လည်း ပါလိမ့်မည်။
YOU ARE READING
တိမ်စိုင်အိမ်
Romance"တိမ်စိုင်ကို အိမ်တိုင်အမှတ်နှင့် လေရူးမှာပျော်။" စိမ့်ရေစမ်း+ငွေတိမ်စိုင်။ ကံကိုကိုးစားပြီး ရေလိုက်ငါးလိုက်နေတတ်သူ၏ သာသာယာယာနေ့စဉ်ဘဝ။ pic crd to the original rightful owner coz I downloaded from Pinterest
