ရင်းနှီးသည်ဟု ခံစားလိုက်ရသောကြောင့်ဖြစ်မည်။ ငွေတိမ်စိုင်လည်း အရင်လောက် ခပ်ခွာခွာမနေတော့ဘဲ အန်တီကြီးအနားကို ပိုတိုးသွားလိုက်သည်။ ထို့နောက်မှာတော့ ဒေါ်နွေအေးလည်း စိတ်ငြိမ်သွားသော သမီးဖြစ်သူကို ထူမဖြောင်းဖျကာ ‌အိမ်သို့ ပြန်ခေါ်လာတော့သည်။ ရွာသားတွေကလည်း သူတို့သားအမိနောက်မှ တသီတတန်းကြီး လိုက်ပါလို့လာ၏။ အမှန်ဆို ကုန်သည်ကြီး ဦးမင်းစိုင်ထံတွင် စိတ်မနှံ့သည့်သမီးတစ်ယောက်ရှိကြောင်း တစ်ရွာလုံးက သေချာနေသည့်တိုင် ကာယကံရှင်တွေက ဝန်မခံကြတာကြောင့် တူမလိုလို ဆွေမျိုးနီးစပ်လိုလိုသာ လက်ခံထားကြတာဖြစ်သည်။ ဒီတစ်ခေါက်တော့ မအေဖြစ်သည့် ဒေါ်နွေအေးကိုယ်တိုင် ငိုကြီးချက်မနှင့် သမီးပူမိနေပုံကိုထောက်ရင်တော့ ထပ်ပြီး ဖုံးကွယ်လို့ မရတော့ပုံပင်။

     ကျွန်းတွေနှင့်ဆောက်ထားသည့်အိမ်ကြီးမို့ လူတိုင်း၏အမြင်တွင် ထည်ဝါလို့နေသည့်တိုင် ဇိမ်ခံပစ္စည်းတွေနှင့် နေသားကျနေပါသော ငွေတိမ်စိုင်ကတော့ အံ့ဩတကြီး ဖြစ်မသွားခဲ့ပေ။ ထိုအစား အနည်းငယ်ဗလာကျင်းနေသည်ဟုပင် တွေးမိသေးသည်။ ကြွေထည်ပစ္စည်းများ၊ လက်နှင့်ရက်ထားမှန်းသိသာနေသည့် အသုံးအဆောင်များ အိမ်ကြီးအတွင်းရှိအရာအားလုံးက ခေတ်နောက်ကျလွန်းနေသည်။ ထိုအချိန်မှာပဲ နံရံကပ် နာရီအိုကြီးဆီမှ တဒင်ဒင် တဒေါင်ဒေါင် အသံများ ထွက်ပေါ်လို့လာ၏။ အချိန်အားဖြင့် ညနေ 5 နာရီပင် ရှိပြီဖြစ်သည်။ နေကျချိန်မို့ ခုနကလောက် ရာသီဥတုပူပြင်းမနေတော့ပေ။

    "ထိုင်လေ သမီးရဲ့။" သမီးဖြစ်သူကိုကြည့်ရင်း ဒေါ်နွေအေး၏ရင်ထဲ ဝမ်းနည်းအပြစ်ရှိစိတ်တို့ စို့နင့်လာတော့သည်။ နှစ်ယောက်မရှိသည့် သူ့ကလေးလေးမှာမှ အခုလိုတွေ ဖြစ်ရသည်။ အရပ်ကတော့ ပြုစားခံရတယ်ဆိုကြပေမယ့် သူကတော့ ကလေးနေမကောင်းဖြစ်တာဟာ မိခင်ဖြစ်သည့်သူ ကောင်းကောင်းမစောင့်ရှောက်နိုင်လို့ဟုသာထင်သည်။ အရင်ကတော့ နွေမှာတောင် အေးအေးချမ်းချမ်းနေနိုင်သည့် ဒေါ်နွေအေးပေမယ့်လို့ အခုတော့ သမီးဇောနှင့် ရင်ထဲ အမြဲလောင်မြိုက်နေတော့သည်။

တိမ်စိုင်အိမ်Tempat cerita menjadi hidup. Temukan sekarang