Part.30. 🚨🚨🚨

Start from the beginning
                                        

အခုလိုပုံစံက မာနရင်ကို ဓားနဲ့ အစိမ်းလိုက်ခွဲနေသလိုပင်။မာန တကယ်ကို မှားခဲ့ပါသည်။မပြောခဲ့သင့်ဘူး ၊ သံသယတစ်စက်ကလေးတောင် မဝင်ခဲ့သင့်ဘူး။ဒီလူကို…..ဒီလူကိုမှလေ။မာနတံကွန်ဆိုတဲ့ကောင်က အဓိပ္ပာယ်မဲ့ စကားတွေနဲ့ စွပ်စွဲခဲ့မိတာ။

"မောင်အရမ်း စိတ်လောသွားတာ၊ မင်းကို အဲဒီသဘောနဲ့ပြောခဲ့တာ လုံးဝမဟုတ်ဘူး တေး။ အဲဒီနာမ်စားကို မင်းကိုယ်တိုင် လိုလိုလားလားခေါ်လာ တော့ မောင့်စိတ်တွေ မငြိမ်မသက်ဖြစ်သွားမိတာ"

တေးပခုံးလေးတွေဆီသို့ တစ်လှည့်၊ လက်မောင်းလေးတွေဆီသို့တစ်လှည့် မာန လက်တွေက ယောက်ယက်ခတ် စုံချည်ဆန်ချည်ကူး၍ ပါးစပ်ကလည်း တရစပ်ဖြေရှင်းချက်တွေ ပေးနေပါလျက် တေးကတော့ မလှုပ်မယှက်။ထို့အတူ ဘေးကိုလွှဲထားတဲ့ မျက်နှာလေးကလည်း မာန ဘယ်လိုပဲ လိုက်ကြည့်ကြည့် အကြည့်မခံ။စိုစွတ်စွတ် မျက်တောင်ဖျားလေးများကို လက်မဖြင့် ခပ်ဖွဖွပွတ်သပ်ကာ သုတ်ပေးမည်ဆိုတာကိုတောင် မာနလက်အား ပစ်ပစ်ခါခါ ပုတ်ထုတ်လိုက်သေးသည်။

"တေး!မင်း ဒီလိုလုပ်နေရင် မောင်ရူးသွားလိမ့်မယ်"

ထိုအခါ မာနရဲ့ မျက်လုံးတွေကို ခပ်စူးစူးပြန်ကြည့်လာတဲ့အကြည့်လေးတွေက စိမ်းကားမှုတွေအပြည့်။တစပ်တည်း သူ့ကိုယ်ပေါ်ရှိ မာနလက်တွေကို အကုန်ဖယ်ချကာ ခြေလှမ်းတို့ဦးတည်သွားသည်က တံခါးဝဆီသို့။မဖြစ်… လွှတ်ပေးလိုက်လို့မဖြစ်။

"မောင် မှားတယ်ကွာ ဟုတ်ပြီလား၊ မောင်တောင်းပန်မယ်၊ မင်းကျေနပ်တဲ့အထိ တောင်းပန်မယ်။ ဒါပေမဲ့ မောင့်ကို လျစ်လျူမရှုနဲ့"

တံခါးလက်ကိုင်ပေါ် တင်လုဆဲဆဲ လက်ဖဝါးလေးတစ်ဖက်ကို မာန လှမ်းဆွဲယူကာ ရင်ဘတ်မှကပ်လိုက်တော့ ကျောပေးနေတဲ့ တေးကိုယ်လေးက မာနနဲ့မျက်နှာချင်းဆိုင်ဖြစ်လာသည်။ထိုအချိန် မာနကိုကြည့်လာတဲ့ စိမ်းစိမ်းကားကားအကြည့်လေးတွေက အခဲမကျေသေးကြောင်းသက်သေ။

ကျစ်ဟာကွာ…….ဘယ်လိုလုပ်မှကျေနပ်မှာလဲ!

တေးခံစားနေရတာ တေးအသိဆုံးပါ။လုပ်ကြံယူတာမဟုတ်ပါဘဲ စိတ်အလိုအလျောက် ထွက်ကျလာတဲ့ စကားတစ်ခွန်းကို ကိုယ်တိုင်တောင် ရင်ဖို နေရတာကို သူမို့လို့ အဲလိုထင်ရက်တယ်။ရှက်တယ် တကယ်ရှက်မိတာ။သူ့ကိုမို့လို့... သူမို့လို့ ဒီပါးစပ်က ထိန်းချုပ်နိုင်ချိန်တောင် မရလိုက်ဘဲ လွှတ်ခနဲ ထွက်သွားမိတာလေ။ပြန်ရလိုက်တဲ့ တုံ့ပြန်မှုက အဲ့ဒီလိုမျိုး စွပ်စွပ်စွဲစွဲစကားတွေတဲ့လား။ဒေါသစိတ်တွေ ခံပြင်းစိတ်တွေထက် ရှက်စိတ်က ပိုဆိုးပါ၏။

KONWhere stories live. Discover now