This part contains mature scenes. Read at your own risks
"မောင်!"
ဆွဲငင်ပြီး သံရှည်ဆွဲယူနေသည့် အသံလည်းမဟုတ်၊ ဆောင့်ဆောင့်အောင့်အောင့် အော်ဟစ်လိုက်သည်လည်းမဟုတ်၊ တစ်လုံးတည်းသော စကားလုံးကိုမှ လေသံမှန်မှန်လေးနှင့် ခပ်ပြတ်ပြတ်ဆိုလိုက်ခြင်း။
သို့ပေမဲ့ ဘယ်သူသိမှာလဲ။ နဂို ချိုချိုရှရှဖြစ်နေပြီးသားအသံလေးနဲ့ ပေါင်းစပ်ဖြစ်တည်လာတဲ့ထိုစာလုံး၊ သူ့တစ်ဘဝလုံးမှာ ကိုယ် တစ်ယောက်တည်းသာ ကြားခွင့်ရှိတဲ့ ခေါ်ဝေါ်ခြင်းမျိုး၊ နောက်ဆုံး ထိုနာမ်စားလေး ပီပီပြင်ပြင် ပေါ်ထွက်လာစေရန် အလုပ်လုပ်လိုက်ကြရသည့် နီစွေးစွေးနှုတ်ခမ်းလေးတစ်စုံ။ထိုအချက်တို့က ထိုနာမ်စားလေး ကြားလိုက်ရသူကို ရူးအောင်ပြုစားညှို့ငင်နေသလိုပဲ ဆိုတာ။
မာနရင်ဘတ်ထဲတွင်သံစုံတီးဝိုင်းပေါင်းစုံ တီးခတ်သက်ဝင်သွားသည်ကဲ့သို့ သံစဉ်မျိုးစုံ မြည်ဟည်းသွားသလို စည်းချက်မညီညာ ဝုန်းဒိုင်းကြဲရင်ခုန်သံတွေကလည်း ရပ်တန့်မည့်သဘောမှာမရှိတော့။
ခေါင်းထဲမှာ ဗလာနတ္ထိ၊ခြေလှမ်းတို့က အတိငြိမ်သက်၊လှုပ်ရှားမှုအားလုံး ချုပ်ငြိမ်းသွားတဲ့ တစ်ခဏ နားစည်ထံ ကြိမ်ဖန်များစွာ ပဲ့တင်ထပ်လာသည်က တောင့်တနေမိပါသော စကားလုံးလေးတစ်လုံး။
မလိမ်တမ်းဝန်ခံရရင် မျှော်လင့်နေခဲ့တာ။
ဒီလူသားကို ထိခွင့်ကိုင်ခွင့်မရှိစဉ်အဆင့်တုန်းက ဒီလူရဲ့စိတ်အာရုံတွေအားလုံး ကိုယ့်အပေါ်ပဲ သက်ဝင်ခံစားစေဖို့ ၊ ပိုင်ဆိုင်ခွင့်မရှိစဉ်တုန်းက တစ်ဘဝလုံးစာ ပိုင်ဆိုင်ရဖို့ ၊ ပိုင်ဆိုင်ခွင့်ရခဲ့ပြန်တော့လည်း အသွေးအသားကအစ စိတ်ခန္ဓာ အကုန်လုံး ကိုယ်နဲ့သာ အခြေတည်ပြီး သူ့ကို ကိုယ်တစ်ယောက်တည်းသာ ထိခွင့် မြင်ခွင့် ရှိစေဖို့။ထိုမျှမကသေး ကိုယ့်အပေါ် မှာ သူတစ်ယောက်တည်းသာခေါ်ခွင့်ရှိတဲ့ နာမ်စားဖြစ်သလို၊သူ့ဘဝမှာ လည်း ကိုယ့်ကိုသာ ခေါ်ဖူးခဲ့တဲ့ နာမ်စားတစ်ခု ဖြစ်တည်လာဖို့အထိ။
အတ္တတွေပဲဆိုဆို ၊ လွှမ်းမိုးခြယ်လှယ်လိုစိတ်ပဲဆိုဆို တစ်ကယ်ကို နှစ်ဦးစလုံးအတွက် သီးသန့်ဖြစ်တည်မှုတွေပဲ လိုချင်သည်အထိ ကိုယ်က ရူးသွပ် ခဲ့မိတာ။
