Chapter 4: Add on WeChat?

1.1K 125 0
                                        

ထန်ဟန်သည် "လမ်းလျှောက်ထွက်ရုံဘဲ" ဟုပြောခဲ့ပြီး လီယွဲ့ချီမှာ တစ်ကယ်ပင်သူ့ကို လမ်းပတ်လျှောက်ဖို့ ခေါ်သွားလေသည်။ အဆောက်အအုံကို တစ်ပတ်ပတ်လိုက်ပြီး စက်ရုံကို ဝန်းရံထားသော နံရံများဆီသို့ရောက်ရှိသွားကာ နံရံတစ်လျှောက် ဆက်လျှောက်နေကြသည်။

လီယွဲ့ချီသည် ထန်ဟန်ရှေ့တွင် လျှောက်လှမ်းနေပြီး သူတို့ကြားတွင် တစ်ချိန်လုံး ခြေလှမ်းတစ်ဝက်စာ ချန်ထား၏။ ထန်ဟန်က တစ်စုံတစ်ခုပြောရန် ရှာကြံနေစဉ် ထိုသူက ရုတ်တရက်ပြောလိုက်သည်။ "မင်းတို့ ဒီမှာဘယ်လောက်ကြာအောင် နေမှာလဲ?"

ထန်ဟန်: "၁၀ရက်ဝန်းကျင်လောက်"

လီယွဲ့ချီ ခေါင်းညိတ်လိုက်ပြီး တစ်ခြားဘာမှထပ်မပြောတော့ပေ။ သူသည် ထန်ဟန်ကို ကျောပေးထားရာ စကားပြောရန် ငြင်းဆန်နေသည့် အေးစက်မှုမျိုးဖြင့် ပြည့်လျှံနေလေသည်။

ထန်ဟန်က အခြားခေါင်းစဉ်တစ်ခုကို ရှာကြံပြောချင်ခဲ့သည်၊ ဘယ်ဟာဘဲဖြစ်ဖြစ်၊ စက်ရုံ၏ အကျိုးအမြတ်အကြောင်း စကားစမြည်ပြောခြင်းပင် ဖြစ်လင့်ကစား- သို့သော်လည်း သူသည် သူ့ကိုယ်သူ ခပ်တုံးတုံးလူတစ်ယောက်ဖြစ်‌နေသည်ဟု ခံစားလိုက်ရ၏။ သူနှင့် လီယွဲ့ချီမှာ ဤနေရာတွင် မတော်တဆ ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး၊ လီယွဲ့ချီမှာမူ စက်ရုံအကြီးပိုင်းများက သူနှင့်ရင်းနှီးမှုရယူရန် ခေါ်ထားခြင်းဖြစ်ပေသည်။ သူလည်း ဆန္ဒရှိလောက်မည်မဟုတ်။ အဆုံးမှာတော့ သူကသာ လီယွဲ့ချီကို ပါဝင်ပတ်သတ်စေခြင်းပင်။

"ဘာဘဲဖြစ်ဖြစ်" ထန်ဟန်က အနိမ့်သံဖြင့် ပြောလိုက်သည်။ "ပြန်သွားကြရအောင်.. သူတို့ မကြာခင် စားလို့ပြီးလောက်ပြီ"

"အင်း"

နောက်ဆုံးတော့ လီယွဲ့ချီတစ်ယောက် ပြန်လှည့်လာပြီး သူ့မျက်နှာထားမှာ တင်းမာနေကာ ခံစားမှုမပါပေ။ မကြာခင် နှစ်ယောက်သားမှာ ကန်တင်းအပေါက်ဝသို့ ရောက်ရှိသွားသည်။ အပြင်ကနေတောင် လောင်ဟွမ်နှင့် စွင်းကျီဟောင်တို့ တစ်ယောက်နှင့်တစ်ယောက် အလွန်ခင်မင်ရင်းနှီးသလို ဟန်ဆောင်နေကြသည်ကို အတိုင်းသားကြားနေရ၏။ ထန်ဟန်မှာ မတတ်နိုင်စွာရပ်ပြီး မေးလိုက်သည်။ "အဲ့ ခေါင်းကပ်ပလာစတာတစ်ဘူးက ဘယ်လောက်ပေးရလဲ?"

တိမ်ကင်းစင်သောကောင်းကင်အောက်ဝယ် || ဘာသာပြန်Where stories live. Discover now