“ဒီနားက ဖြတ်သွားလို့ ရပါ့မလား” လင်ဝူယွီက နောက်မှ ‌လှမ်းမေးသည်။

“ရတာပေါ့”

တင်းကျိသည် လူအုပ်ကြီးကြားထဲ ကျွမ်းကျင်ပိုင်နိုင်စွာ ဟိုဝေ့သည်ရှောင်နှင့် ဖြတ်လာခဲ့၏။

“ငါ မျက်လုံးမှိတ်ပြီးတော့တောင် ဖြတ်လို့ရတယ်။ အေးဆေးကလေးမွေး”

“မင်း”

လင်ဝူယွီက ဖရဲသီးဆိုင်ဘက်သို့ နောက်လှည့်ကြည့်လိုက်သည်။

“အရင်တစ်ခါက ငါက အချစ်ရေးကိစ္စ* ဖြစ်စရာလား၊ ဖရဲသီး* ပဲ ဖြစ်မှာပေါ့ ဆိုပြီး ပါးစပ်က လွှတ်ခနဲပြောထွက်သွားတာ မထူးဆန်းတော့ပါဘူး”
[TN - အပိုင်း ၄ မှာ တုန်းက ပါသွားတဲ့စကားပါ။ 桃花 [táo huā] = မက်မွန်ပွင့် ဆိုတာက အချစ်ရေးကိစ္စနဲ့ ပတ်သတ်တာကို ဗန်းစကား(?) အနေနဲ့ သုံးတာ။ 西瓜 [xī guā] = ဖရဲသီး ဆိုတာကကျ 桃花 [táo huā] က ဟွား နဲ့ ကွား ဆိုပြီး အဆုံးသတ်ကာရန်တူပါတယ်။ ရည်ရွယ်ချက်တိတိကျကျအဓိပ္ပါယ်မျိုးမရှိပါ။]

“ဘာ?” တင်းကျိက ဘေးသို့ လှည့်ကြည့်လိုက်သည်။

“မင်း အမြဲတမ်း ဒီမှာ ဖရဲသီးရောင်းတာလား” လင်ဝူယွီက မေးသည်။

တကယ်ပါပဲဟေး

တင်းကျိမှာ သက်ပြင်းချလိုက်မိသည်။

“အဲဒါ ငါ့ဆိုင်မဟုတ်ဘူး”

သူ့မှာလည်း မည်သို့ဆိုလိုက်ရမည်မှန်း မသိလိုက်တော့သကဲ့သို့ လင်ဝူယွီ ယုံ၊ မယုံလည်း မသိလိုက်တော့ပါချေ။

“အဲဒါ ဖန်ဖန့်ဖရဲသီး”

“ဪ… မင်းက အကူပေါ့” လင်ဝူယွီက ဆို၏။

“အဲကားတစ်စီးလုံး ရောင်းရင်တောင် အများကြီးရမှာ မဟုတ်ဘူးမလား။ မင်းတို့နှစ်ယောက် ခွဲယူကြသေးတာလား”

“ငါ မကူဘူး” တင်းကျိက ပြောလိုက်သည်။

“ငါက အဲမှာ ဒီတိုင်း ဖရဲသီးထိုင်စားနေတာ!”

“သိပါပြီ” လင်ဝူယွီက ဆိုသည်။

တင်းကျိသည် ရှင်းပြလေလေ လိုက်ဖုံးနေသကဲ့သို့ ဖြစ်လေလေဟု ခံစားလာရသဖြင့် စကားလမ်းကြောင်းသာ ပြောင်းလိုက်တော့၏။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now