(၁) ပထမဆုံးကူးပြောင်းခြင်း

269 54 13
                                    

Unicode

ပထမဆုံး ကူးပြောင်းခြင်းက မယုံကြည်နိုင်စရာ ကောင်းအောင် အိမ်မက်ဆန်ပေမယ့် ဇွဲပြည့်အတွက်တော့ လက်မခံနိုင်လောက်သည်အထိ ထိတ်ပျာမသွားခဲ့ရပေ။ သူ စိတ်လှုပ်ရှားပြီး နည်းနည်းတောင် ပျော်နေမိသလိုပင်။ ထိုသို့ဖြစ်ရခြင်း အကြောင်းအရင်းက သူက စိတ်ကူးယဉ်ဖန်တီးမှုစာပေများစွာနှင့် ရင်းနှီးကျွမ်းဝင်နေပြီးသူမို့လည်း ဖြစ်နိုင်သည်။

ဇွဲပြည့်က Wattpad စာရေးသူ တစ်ယောက်ဖြစ်သည်။ အပိုင်းလေးဆယ်မျှသာရှိသော ဝတ္တုတစ်ပုဒ်ကို လေးနှစ်လောက် ဆွဲပြီးရေးနေသည့် ငပျင်းစာရေးသူ တစ်ယောက်ဆိုလည်း မမှားပေ။ ငပျင်းဆိုပေမယ့် လျှော့တွက်လို့တော့ မရပေ။ သူက ယနေ့ခေတ်တွင် ရှားပါးလှသော ရည်းစားရှိလူတန်းစား တစ်ရပ်သို့ ဝင်ဆံ့နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ သူ့ရည်းစားကောင်လေး ဒီပါကလည်း သူ့လိုပဲ စာရေးသူ တစ်ယောက် ဖြစ်ပြီး၊ သူ့လိုပဲ ဝတ္တုတွေကို အဆုံးမသတ်နိုင်သည့် နောက်ထပ်ငပျင်းတစ်ယောက် ဖြစ်၏။

နေကြတ်ခြင်း ဖြစ်ပွားခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ မတိုင်ခင် ညဘက်တွင် ဇွဲပြည့်နှင့် ဒီပါတို့နှစ်ယောက် နေကြတ်ချိန်၌ အခြားခေတ်ကာလတစ်ခုသို့ ကူးပြောင်းသွားတတ်သည့် ဇာတ်လမ်းများအကြောင်းကို ပြောဆိုဖြစ်ခဲ့ကြသေးသည်။ ဇာတ်လမ်းတွေထဲကလို ကူးပြောင်းသွားရမည်ဆိုလျှင်လည်း နှစ်ယောက်အတူတူသာ ကူးပြောင်းချင်ကြောင်း ပြောခဲ့ကြ၏။

နောက်တစ်နေ့ နေကျတ်သည့်နေ့ရဲ့ မနက်ခင်းမှာ ဖုန်းထဲကနေ ချစ်သူလေးနှင့် Morning Kiss ပေးနေကြချိန်မှာပင် တကယ်ကြီး နှစ်ယောက် အတူတူ ကူးပြောင်းသွားခဲ့ခြင်း ဖြစ်သည်။ ဒါပေမယ့် ပထမဆုံးကူးပြောင်းချိန်မှာတော့ သူ့ချစ်သူနှင့် အတူတူ ကူးပြောင်းခဲ့ကြကြောင်း ဇွဲပြည့်မသိသေး။

သူအရင်ဆုံး တွေးမိတာက သူ အခုလို ကူးပြောင်းလာကြောင်းကို ဒီပါသိရင် သူ့ကို မနာလိုအားကျ ဖြစ်သွားမှာပဲ ဟုသာ။

မျက်လုံးထဲ ရွှေရောင်ပြောင်ပြောင် တိုင်လုံးကြီးများ ဝင်ရောက်လာစဉ်မှာပဲ သူကူးပြောင်းလာခဲ့သည့် ကာလက ကုန်းဘောင်ခေတ် ဖြစ်နိုင်သည်ဟု ဇွဲပြည့် မှန်းဆမိလိုက်သည်။ လိုင်းပေါ်ကလူတွေ ပြောသလို မင်းတုန်းမင်းခေတ်ကို တကယ်ကြီး ရောက်လာပြီဟု သူသိလိုက်၏။

သောက်တလွဲကူးပြောင်းခြင်းWhere stories live. Discover now