#Unicode
သင်္ကြန်နေ့ရက်များ၏တတိယမြောက်ရက်၊
အကြတ်နေ့။"သားရေ..ဒီမှာ သားအစ်ကိုရောက်နေပြီနော်..၊ စောင့်နေရတာ အားနာစရာကောင်းနေပြီ..မပြီးသေးဘူးလား?"
အခန်းတံခါးရှေ့မှ ရုတ်ခြည်းထွက်ပေါ်လာသော မေမေ၏အသံကြောင့် ဆံပင်ကို အာရုံစူးစိုက်ကာ ပုံသွင်းနေသည့် ရှိန်းမင်းထက်ယံ၏ ဘီးကိုင်ထားသောလက်မှာ ချော်ထွက်သွားရလေသည်။
"ခဏနေရင်ပြီးတော့မှာ..မေမေ"
"အေးအေး..မြန်မြန်လေးတော့လုပ်နော်..လည်ဦးပတ်ဦးမှာနဲ့..အချိန်ကလင့်နေပြီ"
"ဟုတ်ဟုတ်..မေမေ"လို့ ပြန်ဖြေလိုက်ပြီးနောက် ဆံပင်ပုံသွင်းသည့်အလုပ်ကို ရှိန်းမင်းထက်ယံ ပြန်လည်စတင်လိုက်သည်။အင်္ကျီမှာ အကုန်ပြင်ဆင်ပြီးပြီဖြစ်တာကြောင့် ယခုဆံပင်ပြင်ပြီးသည်နှင့် အကုန်အဆင်သင့်ဖြစ်ပြီဖြစ်သည်။
ရေစိုမှာဖြစ်တာကြောင့် ဂျယ်တွေ၊ဖြန်းဆေးတွေဖြင့် အချိန်ကုန်ခံပြီး မလုပ်တော့ဘဲ dryerဖြင့်သာ ရှိန်းမင်းထက်ယံ ပုံသွင်းလိုက်၏။လိုချင်သည့်ဆံပင်ပုံစံ ရသွားပြီဆိုခါမှ ရှိန်းမင်းထက်ယံ ခပ်မြန်မြန် အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်သည်။
အောက်ထပ်သို့ရောက်သော် စကားလက်ဆုံကျနေကြသော မေမေနှင့်ကိုအဏ္ဏဝါကို ရှိန်းမင်းထက်ယံ တွေ့လိုက်ရလေသည်။နှစ်ယောက်သားမှာ ငြိမ်းချမ်းလှသည့် အရှိန်အဝါကို ကိုယ်စီပိုင်ဆိုင်ထားကြပြီး ကြည့်ရသူကို မျက်စိအေးစေသည့် အသွင်အပြင်ရှိကြသည်။ကြည်နူးဖွယ် အပြုံးကိုယ်စီနှင့် ထိုလူသားနှစ်ယောက်မှာ အလွန်ပင် ရှုချင်စဖွယ်ကောင်းလှ၏။
"သားရောက်လာပြီပဲ..၊ဒါဆို သားအဏ္ဏဝါ..၊ တီတီတို့ နောက်မှဆက်ဆွေးနွေးကြတာပေါ့.."
"ဟုတ်ကဲ့..တီတီ..၊ ကျွန်တော် အချက်အလက်တွေလဲ..ဆက်ရှာလာပါဦးမယ်"
တစ်ယောက်နှင့်တစ်ယောက် အခေါ်အဝေါ်တွေရော ပြောဆိုပုံတွေကပါ ပြောင်းလဲသွားကြကာ မနေ့ကမှ တွေ့ခဲ့ကြသည့် လူနှစ်ယောက်လို့ပြောလျှင်ပင် မည်သူကမှ ယုံကြည်ကြလောက်မည် မဟုတ်ပေ။
YOU ARE READING
ဤသင်္ကြန်မှစ၍ {Completed}
Short Story"ကိုယ်..ထက်ယံကို မြတ်နိုးမိတယ်" "ကိုအဏ္ဏဝါ ဘာ..ဘာပြောလိုက်တာလဲ?.." "အခု ကိုယ့်အရှေ့တည့်တည့်မှာရှိနေပြီး ကိုယ် မြတ်မြတ်နိုးနိုး ကြည့်နေမိတဲ့..ထက်ယံကို ကိုယ် မြတ်နိုးတယ်.." Thingyan {SHORT FICTION} 17-April-2024...