သကြားလူသားလေးဆိုမှ လင်းရုဖေးသည်မနေ့ညကအဖြစ်အပျက်ကိုပြန်မြင်ယောင်မိပြီး မျက်နှာမှာအောင့်အည်းမထားနိုင်ဘဲမသာမယာဖြစ်လာသည်။ ရွှမ်းချင်သည် သူ၏အမူအရာကိုနားမလည်နိုင်သည့်တိုင် ထွက်ခွာတော့မည်ဖြစ်၍စိတ်မကောင်းဖြစ်နေသည်ဟုသာယူဆလိုက်သည်။ ထို့ကြောင့်သူသည် လက်နှစ်ဖက်အချင်းချင်းယှက်ကာ လင်းရုဖေးအားကိုယ်ကိုကိုင်းညွတ်လျက် ကံမကုန်သေးပါက သူတို့နှစ်ယောက်ပြန်ဆုံန်ိုင်မည့်အကြောင်းပြောကာနှုတ်ဆက်လိုက်သည်။

လင်းရုဖေးသည်ရွှမ်းချင်အား စားသောက်ဆိုင်အဝအထိလိုက်ပို့ပေးပြီးမြို့အပြင်အထိလိုက်ပို့ပေးချင်သော်ငြား ရွှမ်းချင်ကသူ၏တောင်းဆိုချက်အားငြင်းပယ်လိုက်သည်။ လင်းရုဖေးသည်နေရာတွင်သာရပ်နေလျက် တဖြည်းဖြည်းနှင့်ဝေးကွာသွားသောရွှမ်းချင်ကိုကြည့်နေမိသည်။ သူ၏ကျောပြင်သည် လင်းရုဖေးသူ့အားပထမဆုံးအကြိမ်တွေ့ဆုံစဉ်ကအတိုင်း လွတ်လပ်ပေါ့ပါးနေ၏။

လင်းရုဖေးကားတွေးလိုက်မိသည်။

' အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ဘုန်းကြီးပဲ '

လင်းရုဖေးကဖူဟွားအား မသွားခင်နေ့လယ်စာစားသွားကြမည့်အကြောင်းပြောပြလိုက်သည်။ ဖူဟွားကအချိန်ကိုအခွင့်ကောင်းယူကာခရီးထွက်ရန် လှည်းကိုအသင့်ပြင်ထားလိုက်၏။

တံခါးအပြင်မှဒုန်းဆိုင်းနှင်လာသောမြင်းခွာသံများကိုကြားရကာ ၎င်းနောက်မှရေးကြီးသုတ်ပျာဖြင့်ဗြုန်းကနဲဝင်လာသောပုံရိပ်တစ်ခုကပ်ပါလာသည်။

"ကိုယ်တော်ရွှမ်းချင်ဘယ်မှာလဲ"

ဧည့်သည်တော်ခမျာအသက်ပင်ဝအောင်မရှူနိုင်ရှာဘဲ နဖူးတွင်လည်းချွေးတလွှာစိုနေသည်။ ထိုသူမှာ မနေ့ညကလင်းရုဖေး လမ်းကြားလေးထဲတွင်တွေ့ခဲ့ရသောဇာတ်လိုက်ကျော် တာ့ကျင်းပြည်မင်းသားပိုင်ထျန်းရွေ့မှလွဲကာအခြားသူမဟုတ်ပါချေ။

"သွားပြီ"

လင်းရုဖေးကအမြန်ပြန်ဖြေပေးသည်။

"မနက်တည်းကထွက်သွားတာ"

"ထွက်သွားပြီလား"

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now