ကျွမ်းချင်က သူ့လက်ကောက်ဝတ်ကို စိုက်ကြည့်နေသည်။ သူ့နှလုံးသားထဲတွင် တစ်ယောက်ယောက်က ဒရမ်တီးနေသည်ဟု ခံစားရရုံသာမက လက်ကောက်ဝတ်နေရာကိုပါ မီးနှင့်ရှို့လိုက်သကဲ့သို့ ပူလောင်လာသည်။

ဒါ တော်တော်လေးကို မူမမှန်တာပဲ...

ဘော့စ်..."

နဉ်ရွှမ်က အလျင်စလိုပြေးလာသည်။ ဖူလီက ကျွမ်းချင်၏လက်ကောက်ဝတ်ကို ကိုင်ထားသည်အား မြင်လိုက်ရသောအခါ သူ ရုတ်ချည်းရပ်တန့်သွားပြီး တစ်ဖက်သို့လှည့်ကာ ပြန်ထွက်သွားရန် ပြင်လိုက်သည်။ သူက ဓားတစ်ချောင်းဖြစ်သော်လည်း မျက်လုံးမပါသည့် ဓားတစ်ချောင်း မဟုတ်ပေ။

" နျဉ်ရွှမ်..."

ဖူလီက များများစားစား တွေးတောမနေတော့ပေ။ ကျွမ်းချင်၏ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ရာ မှားယွင်းအနေကြောင်း အတည်ပြုပြီးသည့်အခါ ကျွမ်းချင်ကို လွှတ်ပေးလိုက်ပြီး နျဉ်ရွှမ်ကို အော်ခေါ်လိုက်သည်။

" ဘာလို့ အလောတကြီးပြေးလာတာလဲ တစ်ခုခုဖြစ်လို့လား..."

နျဉ်ရွှမ်က ကျွမ်းချင်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ ကံဆိုးသည်မှာ ကျွမ်းချင်က ခေါင်းငုံ့ထားခြင်းဖြစ်၍ သူ ဘာကိုမှ မမြင်လိုက်ရပေ။ သို့ဖြစ်၍ ခြောက်ကပ်ကပ်ဖြင့်ရယ်ပြီး ဖူလီ့ကိုသာ မျက်နှာချင်းဆိုင်လိုက်သည်။

" အရေးတကြီးကိစ္စတော့ မဟုတ်ပါဘူး... လူသားတွေရဲ့ စီးပွားရေး အဖွဲ့အစည်းတစ်ခုက ဘော့စ်ကို ပရဟိတပွဲတစ်ခုကိုလာဖို့ ဖိတ်လို့ပါ... အဲဒီ ပရဟိတပွဲက အများအမြင်မှာ တော်တော်လေး အဆင့်မြင့်တယ်... နိုင်ငံကတောင် အဲဒါကို တော်တော်လေး အရေးကြီးတယ်လို့ သတ်မှတ်ထားလို့ ကျွန်တော်တို့ ကုမ္ပဏီက နှစ်တိုင်းတော့ ဖိတ်စာတစ်စောင်ရတယ်... ဘော့စ်က ဒီနှစ်ပွဲကိုများ တက်နိုင်မလားလို့ ကျွန်တော်လာမေးတာပါ..."

စီမံခန့်ခွဲရေး‌ဗျူရိုမှ ဝန်ထမ်းအများစုက ဝင်ထွက်သွားလာလျက် လှုပ်ရှားမှုများစွာတွင် ပါဝင်ကြပေသည်။ အကယ်၍ သူတို့အားလုံးက အဖွဲ့အစည်းတစ်ခုခု၏ လက်အောက်မှ မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ အကင်းပါးသော လူသားများ၏ ရှာတွေ့ခြင်း ခံရနိုင်ပေသည်။ သို့ဖြစ်၍  သူတို့အားလုံးက အပြင်လောကတွင်မူ ချန်လုံဇီဝနည်းပညာကုမ္ပဏီ၏ ဝန်ထမ်းအဖြစ် ရပ်တည်နေရခြင်းဖြစ်သည်။ လူသားလောကတွင် သူတို့ကိုယ်ကို ဖုံးကွယ်၍ နေမည်ဆိုပါက အထောက်အထား တစ်ခုခုရှိခြင်းက ပိုပြီး အားသာချက် ရှိပေသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းUnde poveștirile trăiesc. Descoperă acum