{ 𝓉𝒽𝑒 𝓁𝒶𝓈𝓉 𝒸𝒽𝒶𝓅𝓉𝑒𝓇 }

120 14 8
                                        

နှင်းကျသော ညတစ်ညတွင် တစ်လုံးအိမ်လေး၏ ရှေ့အဖီ၌ ထိုင်ကာ အန်တီမော်လီနှင့်အတူ ကြယ်တွေကို ငေးဖူးသည့် အချိန်တစ်ခု ရှိခဲ့သည်။ နှစ်ဦးလုံး၏ လက်ထဲတွင် ခြူးနာရာ ဖျော်ထားသော ချောကလက်ပူ ခွက်ကလေးတွေ ကိုယ်စီ။ ဂိထ်ဟွန်သည် ဆောင်းရာသီ ရှိသော်လည်း နှင်းကျသည့် ကာလဟာဖြင့် တိုတောင်းတတ်သောကြောင့် နှင်းကျလာကြောင်း သိရလျှင် ခြူးနာရာနှင့် အန်တီမော်လီသည် တကူးတကပင် ဝရန်တာသို့ ထွက်၊ ကြယ်နှင့် နှင်းများ ရောနေသော ကောင်းကင်အား ဤကဲ့သို့ တမေ့တမော ရှူစားကြလေ့ ရှိ၏။

" အဲဒီ မတော်တဆမှာ ဆုံးရှုံးလိုက်ရတာ ခြေထောက်တစ်ဖက်တည်း မဟုတ်ဘူး။ နှလုံးသားတစ်ခုလုံးလည်း ပါသွားတာပေါ့ကွယ် "

ခြူးနာရာ ဤရွာတွင် ရှိခဲ့သည့် ကိုးနှစ်တာကာလအတွင်း အန်တီမော်လီ၏ အရေပြားများသည် ဇရာကို မလွန်ဆန်နိုင်စွာ တဖြည်းဖြည်း လျော့ရဲလာသည်ကို မြင်ရသည်။ သို့သော် အန်တီမော်လီဟာ ယခုထိ သိပ်ကို လှနေဆဲ။ ပြုံးလိုက်လျှင်လည်း ရေတံခွန်အေးအေးလေးတစ်စင်းကို ငေးရသဖွယ် ငြိမ့်ညောင်းသည့် ခံစားချက်အား ပေးဆဲ ဖြစ်သည်။

" ဘယ်လောက်တောင်မှ ကူကယ်ရာ မဲ့နေခဲ့လဲ ဆိုရင်လေ။ ဒီလို ကိစ္စတွေကို အယုံအကြည် မရှိပါဘဲနဲ့။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ကို ပြန်တွေ့ရအောင် ဆိုပြီး ဝိညာဉ်တွေနဲ့ ဆက်သွယ်ပေးနိုင်တယ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဆီတောင် ရောက်သွားခဲ့တာလေ "

ယခင်ကထက် ပို၍ တင်းတိပ်ညိုတို့ များပြားလာသော အန်တီမော်လီ၏ လက်ကလေးသည် မတ်ခွက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ အန်တီမော်လီဟာ အငွေ့တထောင်းထောင်း ထနေသည့် ချောကလက်ပူပူကို တစ်ငုံပင် သောက်ရသေးသည်။ ထိုနောက်ပိုင်း ဆက်တိုက် မိုးပေါ်သို့သာ မော့ကြည့်ရင်း နှင်းနှင့် ကြယ် မဟုတ်ပါသော အခြား တစ်စုံတစ်ခုအား ရှာဖွေနေခဲ့ဟန် တူသည်။

" အဲဒီ အမျိုးသမီး ကျေးဇူးနဲ့ ခင်ပွန်းရဲ့ အငွေ့အသက်တွေကို တစ်ခါ ပြန်ရခဲ့တယ်။ အများကြီး နာကျင်ခဲ့ရတယ်တဲ့လေ။ ဒါပေမဲ့ အခု နာကျင်စရာတွေ ရပ်သွားပြီလို့ ပြောတယ်။ အဲဒါကြောင့် နာကျင်မှုတွေ ထပ်မရှိတော့မဲ့ နေရာကို အပြီး သွားတော့မယ်တဲ့။ အဲဒီ အချိန်လေးက နောက်ဆုံး ဆိုတာကို အရမ်းပဲ သေသေချာချာ သိလိုက်တယ်။ ထပ်ပြီး လာရှာခဲ့ရင်တောင် သူ ဒီလိုမျိုး စကား လာမပြောပေးတော့မှန်း၊ အခု တကယ်ကို အပြီးသတ် နှုတ်ဆက်လိုက်ရတော့မယ်မှန်း သိလိုက်ပေမဲ့လေ၊ ထူးဆန်းတာက ဒီလို နှုတ်ဆက်ခွင့်လေး ရောက်လာတာကိုပဲ ကျေးဇူးတင်နေမိတာ။ သိလား ခြူး "

THE AZURE IN YOU | 그 시절, 내가 사랑했던 소년 (Completed)Where stories live. Discover now