အခန်း ၂

Start from the beginning
                                    

သူမမျက်စိ​လေးများက တလက်လက်​တောက်ပသွားသည်။ ​ဖေ​ဖေစုန့်၏ လက်ညှိုးညွှန်ရာသို့ အလိုအ​လျောက်ပင် ​ကြည့်မိ​တော့သည်။ ဆိုင်ပိုင်ရှင်က ကျွမ်းကျွမ်းကျင်ကျင်ပဲ ဝက်အူ​ချောင်းများကို လှီးဖြတ်​နေသည်။ ပြီး​နောက် သူ့လက်တစ်ချက်မ,လိုက်သည့်အခါ ဝက်အူ​ချောင်းများက အ​ကြော်အိုးထဲသို့ ​တောင်ပံများဖြန့်ပြီး ပျံသွားသကဲ့သို့ လှလှပပကြီး ​ဝေ့ဝဲဆင်းသွား​လေ၏။

အ​ကြော်အိုးထဲမှ ဆယ်ထုတ်ခံရပြီးလျှင် အူအနားများမှာ ကြွပ်ရွ​နေပြီဖြစ်၏။ ဝါးတုတ်​ချောင်း​လေးများနှင့် သီပြီး​နောက် ​ဇီရာမှုန့်နှင့် နှမ်း​စေ့များ​ရောထားသည်ကို သုတ်လိုက်၏။ အပြင်ပန်းကကြွပ်ရွပြီး ကိုက်လိုက်လျှင် အတွင်းက နူးညံ့​နေမည်မှာ ​တွေးကြည့်ရုံနှင့် သိနိုင်​ပေသည်။

ပါးစပ်ထဲမှာ ရူး​လောက်​အောင် သွားရည်ယို​နေပြီ!

သို့သည်တိုင် စုန့်​ချောင်ရှီသည် သူမအကြည့်များကို ပြန်ရုတ်သိမ်းလိုက်ကာ ​ခေါင်းခါပြီး ငြင်းလိုက်ပါ၏။

"မစားချင်ဘူး။"

စိတ်ထဲမှာ သူမ​အ​မေက လမ်း​ဘေးဆိုင်​တွေက မသန့်သဖြင့် စားမိလျှင် အစာအိမ် နာမည်ဆိုကာ စားခွင့်မ​ပေး​လောက်ဘူးဟု ထင်မိ​သော​ကြောင့်ပင်။

​မေ​မေ့ကို စိတ်မရှုပ်​စေချင်ဘူး။

"ရှီရှီ​နေ့လယ်စာလည်း သိပ်စားထားတာ မဟုတ်ဘူး။ ညစာအထိ ဘယ်​စောင့်နိုင်မှာလဲ။ အဆာလွန်​နေ​မှာ​ပေါ့။"

​ဖေ​ဖေစုန့်က မစားချင်ဘူးဟု သူမ​ပြောလိုက်သည်ကို ကြားဟန်မတူ။ သူမအ​မေကို အသနားခံသည့် ​လေသံနှင့် လှမ်း​ပြော​နေရှာသည်။

မျက်လုံး​ထောင့်က ​စွေကြည့်​တော့ ​မေ​မေစုန့်သည် သူမ​ယောကျ်ားကို မဟန်နိုင်စွာကြည့်ပြီး ပိုက်ဆံအိတ်ထုတ်လိုက်သည်ကို ​တွေ့လိုက်ရသည်။

"ဆရာ ဝက်အူ​ချောင်း​ကြော် တစ်ပွဲ​ပေးပါ။ က​လေးစားမှာမို့ မစပ်​စေနဲ့ ဇီရာ​မှုန့်​လျှော့​ပေးပါရှင့်။"

"ရမယ်ဗျာ။ ၅၀ ကျတယ်ဗျ။"
ဆိုင်ရှင်က ပြန်​အော်​​ပြောပြီး ဓါးကိုထုတ်ကာ ဝက်အူ​ချောင်း အထုပ်သစ်တစ်ထုပ်ကို ​ဖောက်လိုက်၏။ ပိုက်ဆံ​ပေးပြီး​နောက် သူမနှင့် ​ဖေ​ဖေစုန့်ကို ​စောင့်ခိုင်းခဲ့ကာ ​ရေဝယ်ရန် အနီးအနားရှိဆိုင်သို့ထွက်သွားသည်။

စုန့်​ချောင်ရှီသည် သူမ၏ လက်​လေးနှစ်ဖက်ကို ​ဖေ​ဖေစုန့်​ခေါင်း​​ပေါ်တင်ပြီး ထိုလက်များ​ပေါ်၌ ​မေး​ထောက်ထားကာ သူမ၏ကံ​ကောင်းခြင်းများကို ထိန်းသိမ်းရန်နှင့် စိုးရိမ်​ကြောင့်ကြခြင်းများကို ဖုံးကွယ်ထားနိုင်အလို့ငှာ ကြိုးစား​နေမိသည်။ ထိုစဉ် ရုတ်တရက် တစ်ခုခုကို မြင်လိုက်ရ၏။

မုန့်ဆိုင်နှင့် မီတာအနည်းငယ်ကွာ​ဝေး​သော လမ်းမကြီး​ဘေးတစ်​နေရာ၌ ​ဘေးတွင် လွယ်အိတ်ကြီးပိုက်လျက် အပြာ​ရောင်အစင်းကြားရှပ်အင်္ကျီဝတ်ဆင်ထား​သော ပိန်ပိန်ပါးပါး​ကောင်​လေးတစ်​ယောက်ထိုင်​နေခဲ့ပါသည်။

အမှုမှတ်တမ်း ပြုလုပ်စဥ်က ရဲ​မေသည် လာ​ရောက်တိုင်တန်း​သော ​ကောင်​လေး၏ သွင်ပြင်ကို ​ပြောပြခဲ့သည်။ ထိုသည်ကို​ထောက်၍ စုန့်​ချောင်ရှီတွေးမိသည်က တိုင်တန်း​ပေးခဲ့သူမှာ ချူကျင်းပင် ဖြစ်ရ​ပေမည်။

​မိဘများကလည်း သူမကို ကူညီ​ပေးခဲ့သည့် အစ်ကို​လေးကို ​ကျေးဇူးတင်​ကြောင်း​ပြောရမည်ဟု ​ပြောခဲ့ပါ၏။

"ချူကျင်း! ကိုကိုချူကျင်း!"

​ဖေ​ဖေစုန့်၏ ပုခုံး​ပေါ်မှ​နေ၍ စိတ်လှုပ်ရှားစွာ လက်​ဝေ့ယမ်းရင်း လှမ်း​ခေါ်လိုက်သည်။

တစ်ဖက်လူမှာ မိမိကို အ​ရေးမလုပ်သည်ကို ​တွေ့​သော် စုန့်​ချောင်ရှီမှာ အ​လောတကြီးနှင့် သူမအ​ဖေပုခုံး​​ပေါ်မှဆင်းရန် လုပ်ပြီး စိုးရိမ်စွာ​ပြောသည်။

"ရဲကို ​ခေါ်​​ပေးတဲ့ ကိုကို့ကို ​တွေ့လိုက်တယ်။"

​ဖေ​ဖေစုန့်လည်း ပုခုံး​ပေါ်မှ သူမကို အလျင်စလို ချ​ပေးလိုက်၏။ ​ခြေ​ထောက်နှစ်​ချောင်း ​မြေ​ပေါ်​ရောက်သည်နှင့် သူမလည်း ​​ခြေ​ထောက်တိုတို​လေးများကို အားပြုကာ ချူကျင်းဆီသို့ ​ခြေကုန်သုတ်​ပြေး​တော့သည်။ ​ဖေ​ဖေစုန့်က​တော့ စိတ်ပူသဖြင့် လှမ်း​အော်ရ​သေး၏။

"ရှီရှီ​ရေ ​ဖြည်းဖြည်း​ပြေး​လေ!"

ချူကျင်း မတ်တပ်ထရပ်သည်ကို မြင်သည်နှင့် ဒီလူထပ်ပြီး ထွက်​ပြေးသွားမည်ကို စိုးရိမ်သဖြင့် သူမ အရှိန်တင်​ပြေးလိုက်သည်။

ချူကျင်းနားသို့ ​ရောက်သည့်အခါ တစ်ဖက်လူက ​ကျောပိုးအိတ်ကို လွယ်ပြီးဖြစ်ကာ ထွက်ခွာဖို့အသင့်ပင်။ စုန့်​ချောင်ရှီက ကျောပိုးအိတ်မှကြိုးစကို အလျင်စလို ဆွဲထားလိုက်သည်က လွန်ဆွဲပွဲဖြစ်​နေသလိုပင်။

"ချူ.. ကိုကို ချူကျင်း။ ဟုတ်တယ်။ ရဲကို​ခေါ်​ပေးခဲ့တာ ကိုကိုမဟုတ်လား။ ​ကျေးဇူးမတင်ရ​သေးလို့။"

ချူကျင်းက မျက်​မှောင်ကျုံ့လိုက်ပြီး သူမကို ငုံ့ကြည့်သည်။ သူမကလည်း မျက်နှာ​လေးကို​မော့ကာ သူ့ကို ပြန်ကြည့်လိုက်သည်။

'ဒီအစ်ကို​လေးက ပိန်လိုက်တာ။ ငါဆွဲထားလိုက်ရင် ငါ့ကိုတွန်းပြီး ထွက်​ပြေးဖို့ အား​တောင် မရှိ​တော့ဘူး မဟုတ်လား?'

မထင်မှတ်ထားစွာပင် ချူကျင်းက ​ကျောပိုးအိတ်ကို ချွတ်ချလိုက်ရာ စုန့်​ချောင်ရှီမှာ ​ကျောပိုးအိတ်ကြီးကို ​ရေဘဝဲတစ်​ကောင်လို ဖက်တွယ်ထားလျက် ​မြေကြီး​ပေါ် ဖင်ထိုင်လျက် ပြုတ်ကျသွားရ​လေ​တော့၏။

​ဖေ​ဖေစုန့်က အလျင်အမြန်​ရောက်လာတာ ချူကျင်းကိုလည်း ဆွဲထားရင်း သူမကိုပါ ဆွဲထူလိုက်သည်။

သူမ ဒဏ်ရာရ၊မရ စစ်​ဆေးပြီး အဆင်​ပြေတာ ​သေချာပြီဆိုမှ ​ဖေ​ဖေစုန့်က ​​ကျောပိုးအိတ်ကို ယူလိုက်သည်။ သူမအ​ဖေ၏ ​နောက်​ကျောတွင် ပုန်း​နေရင်း အင်္ကျီ​စ​ကိုဆွဲလျက် ​ခေါင်း​လေးပြူကာ ချူကျင်းကို ခိုးကြည့်​နေသည့် ရှီရှီပင်။

သူမအ​ဖေက ခါးကိုကိုင်းကာ ချူကျင်းကို ငုံ့ကြည့်ရင်း ​ကျောပိုးအိတ်ကို ပြန်​ပေးသည်။

"သား​လေးက ရဲတိုင်​ပေးတဲ့က​လေးလား။"

စကားပြန်မ​ပြောဘဲ ​ခေါင်းသာပြန်ငြိမ့်ပြကာ ချူကျင်းက ​ကျောပိုးအိတ်ကို ပြန်ယူလိုက်သည်။ လက်​ဆန့်လိုက်သည့်အခါ သူ့ပုခုံးများ၌ အရှိုးရာများကလည်း အထင်းသား​ပေါ်ထွက်လာပါ​သေး၏။

မျက်တွင်းများက ​​မည်းနက်​နေကာ မျက်နှာမှာ ဖြူ​ဖျော့​နေသည်။ ​ကော်လာက ​ချောင်​နေသဖြင့် ပိန်​​သေး​သော လည်ပင်းရိုးများကိုလည်း မြင်​နေရပါသည်။

အစ်ကို​သေး​သေး​လေး၏ ဖြူ​လျော့သွယ်လျ​သော လက်​ချောင်းရှည်များမှာ အလွန်လှပပါ၏။ စန္ဒယားပညာရှင်တစ်ဦး၏ လက်များလိုပင်။ အိမ်ရာဝန်းထဲ၌ စန္ဒယားသံချိုချိုကို လွန်ခဲ့သည့် တစ်နှစ်မက​သောအချိန်က ကြားဖူးခဲ့သည်ကို သတိရမိသွားသည်။

​ဖေ​ဖေစုန့်က ချူကျင်းကို ​ကျေးဇူးတင်စကား​ပြော​နေသည်ကို နား​ထောင်ရင်း သူမမျက်လုံးများက မရည်ရွယ်ပါဘဲ ​ကြောက်စရာ​ကောင်း​လောက်​​​အောင် အမာရွတ်များရှိ​နေသည့် ချူကျင်း၏ ​​ခြေ​ထောက်များကို ကြည့်မိသွားသည်။

စုန့်​ချောင်ရှီ၏ စိတ်ထဲ ထိတ်လန့်သွားရသည်။

'ချူကျင်းမှာ ဘာဖြစ်​နေတာလဲ?'

ဝတ္ထုထဲမှ ချူကျင်း၏ ငယ်ဘဝအ​ကြောင်း ​ရေးသားထားမှုများကို ပြန်​တွေးကြည့်လိုက်သည်။

မူလစာအုပ်ထဲတွင် သူ့မိဘများ ​ဆုံးပါးသွားပြီး​နောက် ချူကျင်းကို သူ့ဦး​လေးက ​မွေးစားခဲ့သည်။ သို့​သော်ငြား များမကြာမီမှာပင် သူ့ဦး​လေးက သူတို့မိသားစု၏ ပိုင်ဆိုင်မှုများကို သုံးဖြုန်းပစ်လိုက်သည်မှာ အ​ငွေ့ပျံသွားသည့်နှယ်။ ချူကျင်းထံတွင် ခြူးတစ်ပြားမှ မရှိ​တော့သဖြင့် အခြား​ဆွေမျိုးများကလည်း သူ့ကို ပြုစု​စောင့်​ရှောက်ရန် အ​​ကြောက်အကန်ကို ငြင်းပယ်ကြ​တော့တာပင်။ နောက်ဆုံး သူ့မှာ လမ်း​ပေါ်တွင် ​သေလုနီးပါးပင် ဖြစ်ခဲ့ရရှာ​လေရဲ့။

ကယ်တင်ခံရ​သော်လည်း ထို့​နောက်တွင် ချူကျင်းသည် လူငယ်ထိန်းသိမ်း​ရေး​ကျောင်းသို့ ပြုပြင်ခံရရန် ဆိုးသွမ်းလူငယ်အ​နေနှင့် အပို့ခံလိုက်ရ​တော့သည်။ သည်မှစ၍ ချူကျင်းမှာ လူ့အသိုင်းအဝိုင်းကို မနှစ်မြို့​သော စရိုက်စွဲကပ်လာခြင်းပင်။

စက်မှု​တော်လှန်​ရေး ​ခေတ်​ပြောင်းအပြီး သူ ​အောင်မြင်​ကျော်ကြားလာချိန်၌​တောင်မှ သူ့ထံတွင် အစွန်း​​ရောက်တဲ့စရိုက်၊ အငြိုးအ​တေးထားတဲ့လူ၊ အကြင်အနာမဲ့တဲ့လူ စသည့်ဂုဏ်ပုဒ်များသာ ရှိ​လေသည်။

ချူကျင်းသည် တစ်ချိန်တွင် တစ်​လောကလုံး၏ ကိုးကွယ်ခြင်းကို ခံရမည့်လူဖြစ်​သော်လည်း ယခုအခါမှာ​တော့ သူဟာ ဘာမှမဟုတ်​သေး​ပေ။

စုန့်​ချောင်ရှီသည် မျက်လုံးဝိုင်းများနှင့် ချူကျင်းကို ကြည့်​နေမိသည်။ ​အေးစက်ပုံ​ပေါ်​သော်ငြား ​ဖေ​ဖေစုန့်၏ စကားများကို ယဥ်​ကျေးစွာ ပြန်​​ဖြေ​နေပါ၏။

သူမအ​ရှေ့မှ သနားညှာတာချင့်စဖွယ် ​ကောင်​လေးနှင့် အနာဂတ်၏ ​ကြောက်မက်ဖွယ်ဗီလိန်အကြီးစားကို မည်သို့မျှဆက်စပ်၍ ​တွေးလို့မရပါ​ချေ။

သူသည် အနာဂတ်တွင် အင်မတန်ဆိုးသွမ်းသည့် လူတစ်​ယောက်ဖြစ်လာမည်မှာ မှန်​ပေသည်။ သို့​သော်ငြားလည်း သူဟာ စုန့်​ချောင်ရှီ၏ အသက်ကို ကယ်တင်မည့်လူလည်း ဖြစ်လာမည် မဟုတ်ပါလား။ တစ်ခုခုလုပ်သင့်သည်ဟု မသိစိတ်ထဲ၌ ခံစား​​နေရသည်။

'ဒါ​ပေမဲ့ တအားစိတ်ရှုပ်​နေပြီ။ ငါက ဘာလုပ်ရမှာလဲ?'

​ဖေ​ဖေစုန့်က ချူကျင်းကို အိမ်နီးနားချင်းက​လေးအ​နေနှင့် မှတ်မိသည်ကို ကြား​ရ​တော့ သူ့အ​နေနှင့် သူ၏ မိဘများသည် လုပ်​ဖော်ကိုင်ဖက်များ၊ အိမ်နီနားချင်းများနှင့် ဆက်ဆံ​ရေး​ကောင်း​ကြောင်း ​ပြောဖို့ အနည်းငယ်ရွံ့​နေမိသည်။

​ဖေ​ဖေစုန့်က သူ့လက်ကြီးများဖြင့် ချူကျင်း၏ လက်​မောင်း​လေးများကို ဆုပ်ကိုင်ရင်း စိတ်မ​ကောင်းစွာ ​မေး​လေ၏။

"သားအပြင်မှာ ဒီလိုတစ်​​ယောက်တည်း ဖြစ်​နေတာ ဘယ်​​လောက်ကြာပြီလဲ။"

သူဘယ်​လောက်​တွေ့ကြုံ ခံစားရပြီးပြီလဲဆိုတာကို အကြမ်းဖျင်းမှန်းဆပြီးဖြစ်၍ သည်လို​မေးခြင်းပင်။

အ​ဖြေတစ်စွန်းတစ်စ​လေးပင် ထွက်သွားမှာစိုးသည့်အလား ချူကျင်းသည် သူ့နှုတ်ခမ်းများကို ​သွေးထွက်လုနီးပါးဖြစ်သည်အထိ ဖိကိုက်ထားရင်း ​ဖြည်းညှင်းစွာ ​ခေါင်းခါယမ်းပြသည်။

"ဘာလို့ လမ်းကူးသွားလိုက်တာလဲ။ ကျွန်မရှင့်ကို ရှီရှီနဲ့အတူ အဲမှာပဲ​​စောင့်​နေဖို့ မ​ပြောခဲ့ဘူးလား.... ဟင် ​သားက ​​လောင်ချူတို့အိမ်က က​လေးမဟုတ်လား။ "

​မေ​မေစုန့်၏ အသံသည် ပု​လွေသံအလားနှယ်။ လက်တစ်ဖက်က ဝက်အူ​ချောင်းပါသည့် ပလတ်စတစ်အိတ်ကို ကိုင်ထားရင်း ​ပြောလာသည်။ ချူကျင်းကိုလည်း မှတ်မိပုံပင်။

"မင်းကို​နောက်မှ​ပြောပြမယ်။"

​ဖေ​ဖေစုန့်က သူ့အမျိုးသမီးကို မျက်စိမှိတ်ပြလိုက်ပြီး သူမလက်ထဲမှ မုန့်အိတ်ကို လှမ်းယူပြီး ​ရှီရှီ့လက်ထဲသို့ ထိုးထည့်​ပေးလိုက်သည်။

က​လေးများကို ​လျှောက်မ​ပြေးရန် ​ပြောပြီး​နောက် သူ့မိန်းမကို စကား​ပြောရန်​ခေါ်ကာ မီတာအနည်းငယ်​ဝေးသည့်​​နေရာသို့ အတူထွက်သွားခဲ့သည်။

သူမလက်ထဲရှိ ဝက်အူ​ချောင်းမှာ အလွန်​မွှေးကြိုင်လှသည်။ စားပစ်ချင်သည့် ​လောဘကို သွားရည်နှင့်အတူ မျိုချကာ ထိုမုန့်ကို ချူကျင်းဆီ ကမ်း​ပေးလိုက်သည်။

"ကိုကို့အတွက်"

ချူကျင်းက အ​ဝေးတစ်​နေရာသို့ မျက်နှာလွှဲကာ ​ငေး​နေလိုက်သည်။ လည်​စေ့​လေးကလည်း အနည်းငယ်လှုပ်ရှားသွားသည်။ သူမထံမှ ခပ်ခွာခွာ​နေလိုသည့်အလား ​ခြေလှမ်းများကို ​နောက်သို့အနည်းငယ် ဆုတ်လိုက်​သေး၏။

"စားလို့အရမ်း​ကောင်းတာပါဆို စားကြည့်လို့။"

ချူကျင်းက တစ်လှမ်းဆုတ်လျှင် ​ချောင်ရှီက တစ်လှမ်းတိုးပြီး သူ့လက်များကို ဖမ်းဆွဲကာ လက်ထဲသို့ ထည့်​ပေးပြီး ထပ်​ပြောပြန်သည်။ ချူကျင်းက မသိလိုက်ပါဘဲ အလိုအ​လျောက် ရုန်းပြီး တုန့်ပြန်မိသည့်အခါ မုန့်မှာ ​အောက်သို့ပြုတ်​ကျသွား​တော့၏။

ဝက်အူ​ချောင်းမှာ တလှိမ့်တလှိမ့်​ ​မြေပြင်​ပေါ်လူးသွားရာ ဖုန်​တွေသဲ​တွေကပ်ကုန်ပြီး စားဖို့ရာ မဖြစ်နိုင်​တော့။ သူစိုးရိမ်စွာဖြင့် စုန့်​ချောင်ရှီကို လှမ်းကြည့်လိုက်မိသည်။

​ကောက်ညှင်းဖက်ထုပ်​လေး၏ မျက်ဝန်းဝိုင်းများထဲတွင် နှ​မြောတဿမှုများ ပြည့်နှက်လာကာ စိုစွတ်လာပါ​တော့သည်။

ချူကျင်းသည် သူ့ဦး​လေး၏ သမီးလိုပင် ​ချောင်ရှီသည်လည်း ငိုပြီးရင်း ငို​ကာ လူကြီးတစ်​ယောက်​ယောက်ဆီ​ပြေးသွားပြီး သူ့ကို ရိုက်နှက်ဆုံးမ​ပေးရန် တိုင်​တော​တော့မည်ဟု ​တွေးလိုက်မိသည်။

ချူကျင်းကို သူ့အ​ဒေါ်က အိမ်က​နေ နှင်ချလိုက်ခြင်းမှာ သူက ဝါးဟားဟားအ​အေးကို ခိုး​သောက်သည်ဟု သူ့ဝမ်းကွဲက လိမ်လည်တိုင်​ပြောခဲ့ခြင်း​​ကြောင့်​ပေ။

ဒါ​ပေမဲ့ အဲဒီအ​အေးဘူးကို သူ​သောက်ဖို့ဆိုပြီး ထိုတိုင်​ပြောသည့်လူကိုယ်တိုင်က ထည့်​ပေးခဲ့တာ။

လူတိုင်းက သူ့ကိုဆို ဝန်ထုပ်ဝန်ပိုး တစ်ခုလို သ​ဘောထားကြပြီး ပုပ်သိုး​နေတဲ့ ​​သုံးစားမရတဲ့အမှိုက်တစ်ခုလိုမျိုး အ​ဝေးကို ကန်ထုတ်ချင်​နေကြတာချည်းပဲ။ ​ကောင်းကင်ဘုံမှ မိဘ​တွေကလွဲရင် သူ့ကို ချစ်​ပေးမယ့်လူမရှိဘူး။ ဒီ ရှီရှီလို့​ခေါ်တဲ့ ​ကောင်မ​လေးလည်း ထိုနည်းလည်း​ကောင်းပဲ​ပေါ့။

၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေးWhere stories live. Discover now