97-ညလုံးပေါက်တဲ့ လက်ရေးလှစာပန်းချီ၊ လက်ဖျားစနီရောယှက်လိုက်တဲ့ မွှေးရနံ့ချိုရီ

4 1 0
                                    

|| ညလုံးပေါက် မေးမြန်းတဲ့ လက်ရေးလှစာပန်းချီ ၊ လက်ဖျားစနီနီ ရောယှက်လိုက်တဲ့မွှေးရနံ့ချိုရီ ||

ရှဲ့လျန်က အမှန်တော့ ဒီမေးခွန်းရဲ့ အဖြေကို စိတ်ထဲ သိနှင့်နေပြီးသားပဲ ။ ဒါပေမဲ့ ဟွားချန်ရဲ့ တုန့်ပြန်မှုဟာ သူထင်ထားတာနဲ့ အတော်ကြီးကို ကွာခြားနေခဲ့တယ် ။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးတဲ့ နောက်မှာ ဟွားချန်ဟာ ရုတ်တရက် ပြောလာတယ် ။

" ကျွန်တော်တောင်းပန်ပါတယ်"

"ဘာကို?" ရှဲ့လျန် ရှုပ်ထွေးသွားတယ် ။

အစက သူတွေးမိတာက " ချန်းသန်း နတ်ကွန်း" ဆိုတာ ကိုယ့်ဂိုးကိုယ် သွင်းမိသလိုမျိုး နောက်ပြောင်မှုတစ်ခုသာမဟုတ်ခဲ့ရင် ဒါနဲ့ ဆက်နွယ်မှု အရှိနိုင်ဆုံး သူတစ်ယောက်ဟာ ဟွားချန်ပဲ ဖြစ်ရမယ် ။ ဒါပေမဲ့ သူ့မှန်းဆချက်က ဘယ်လိုပဲ လွဲချော်သွားသွား ဟွားချန်က တောင်းပန်လာစရာ အကြောင်းမရှိဘူး ။ ဟွားချန်က ပြန်မဖြေပေမဲ့ သူနဲ့ နောက်ကို လိုက်ခဲ့ဖို့ ဟန်အမူအရာ ပြသတာကြောင့် သူဦးဆောင်ရာဆီ ရှဲ့လျန် လိုက်လာခဲ့တယ် ။ သူတို့ နှစ်ယောက်သား အတန်ကြာ လျှောက်လာကြပြီးနောက် တစ်ဖက်ကို ချိုးကွေ့လိုက်တဲ့အခါ ကျယ်ပြန့်တဲ့ မိုးကုတ်စက်ဝိုင်းထိ သူမြင်နိုင်တဲ့ မြင်ကွင်းတဆုံး ရုတ်ခြည်း ပွင့်လန်းသာယာသွားကာ ပြာဝေသွားလောက်အောင် တလက်လက်တောက်ပနေတဲ့ ရောင်ဝါနဲ့ ထူးကဲသာလွန်လှတဲ့ နတ်ကွန်းတစ်ခုကို ရှဲ့လျန်ရဲ့ မျက်စိရှေ့မှောက်မှာ အေးချမ်းတည်ငြိမ်စွာ မြင်လိုက်ရတယ် ။

အဲဒီတဒင်္ဂမှာ သူ့အသက်ရှုသံတွေ ရပ်တန့်သွားခဲ့တယ် ။

ပတ်ဝန်းကျင်တခွင်ဟာ မှုန်မှိုင်းမှိုင်း အနက်ရောင် အခိုးအငွေ့တွေနဲ့ ကြက်သွေးနီရောင် တောက်တောက်ဖုံးလွှမ်းထားတဲ့ တစ္ဆေလောကရဲ့ မြင်ကွင်းဖြစ်ပြီး နမိတ်မကောင်းဟန် နောက်ခံမျိုး ဝန်းရံခံထားရတာတောင် ဒီ နတ်ကွန်းဟာ စာဖွဲ့မမှီ တုယှဉ်မရ လှပလွန်းပြီး ထောင်ပေါင်းများစွာသော မီးပုံးတွေရဲ့ အလင်းရောင်တွေဟာ ရွှန်းတင့်စွာနဲ့ ကောင်းကင်ဘုံအလား နှစ်သက်ကြည်နူးဖွယ် စိတ်နှလုံးကို ယူကျုံး ဆွဲဆောင်နိုင်စွမ်းတယ် ။

ထျန်းကွမ်းစစ်ဖူ (volume 3 Zawgyi)Where stories live. Discover now