Chapter-48(Unicode)

40.5K 2.7K 552
                                    


"ကိုယ့်ကို လက်ထပ်မယ်မလား မြူ!"

အိမ်ကိုပြန်ရောက်လာပြီးတည်းက မြူမှိုင်း စိတ်ထဲမှာ အတွေးပေါင်းစုံနှင့်။ ကားပေါ်မှာ သူပြောတဲ့စကားတွေကိုသာ နားထဲမှာ ပြန်ကြားနေရတယ်။ ရုတ်တရက်ကြီးထပြီး ရည်းစားစကားတွေပြော၊ ပရိုပိုစ့်ထလုပ်တဲ့သူကြောင့် မြူမှိုင်း အနည်းငယ်ပင် လန့်သွားရတယ်။ ဟင့်အင်း..လန့်တာထက် ကျောချမ်းသွားတာဆို ပိုမှန်လိမ့်မယ်။

ဘယ်သူက မြှောက်ပေးလိုက်လို့များ ဒီလိုစကားလုံးမျိုးတွေ မြူမှိုင်းကို လာပြောနေတာလဲတော့ မသိပါဘူး။ ပြောရရင် ဟိုရက်လေးကတင် နှစ်ယောက်က ကွဲမယ်၊ပြဲမယ်ဆိုပြီး ဖြစ်ထားကြတာမဟုတ်ဘူးလား။ ပေါင်ပေါင်းကို မခွဲနိုင်လို့များ မြူမှိုင်းကို ဒီလိုမျိုးစကားတွေနဲ့ ချွေးသိပ်ဖို့လုပ်နေလားမသိဘူး။ အဲ့တာကြောင့်လည်း သူပရိုပိုစ့်လုပ်တာကို လောလောဆယ်မှာ ငြင်းထားတယ်။သူလိုလူမျိုးက သိပ်ယုံကြည်လို့ရတဲ့သူမှ မဟုတ်တာ....။စောင့်ကြည့်ရဦးမှာ။

အဝတ်လဲခန်းထဲမှာ သံသယပေါင်းစုံနှင့်သာ မြူမှိုင်း တွေးလိုက်၊စဉ်းစားလိုက်နှင့်။လက်ကလည်း အိမ်ပေါ်ကဆင်းတုန်းက သယ်သွားတဲ့ Luggage ထဲက အဝတ်အစားတွေကိုထုတ်ပြီး သူ့နေရာသူ နေရာပြန်ချနေမိသည်။ ခဏကြာတော့ အခန်းထဲမှာ ခြေသံကြားလိုက်ရတာကြောင့် သူပြန်ရောက်လာပြီဆိုတာ သိလိုက်တယ်။

မြူမှိုင်းကို အိမ်ပြန်ခေါ်လာပြီးတည်းက ရုံးချုပ်မှာ အလုပ်မပြတ်သေးလို့ဆိုပြီး ပြန်ပျောက်သွားတဲ့သူ။ တစ်နေ့ခင်းလုံးပျောက်သွားပြီး အခုလိုညမိုးချုပ်ခါနီးမှသာ အခန်းထဲပြန်ရောက်လာတာကြောင့် အဝတ်လဲခန်းထဲကို ဝင်လာသူကို မြူမှိုင်း မကြည်သလိုသာ တစ်ချက်လှည့်ကြည့်လိုက်မိတယ်။ ပြီးတော့ ကိုယ့်အလုပ်ကိုယ်သာ ပြန်လုပ်နေလိုက်တယ်။

လူကို တမင်သက်သက် ရှောင်နေတာဖြစ်မှာ။ သူ့ပရိုပိုစ့်လုပ်တာ အငြင်းခံလိုက်ရလို့ အမ်းတမ်းတမ်း ဖြစ်နေပုံလည်းရပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ သူ့နည်းတူ မြူမှိုင်းလည်း အတော်လေးကို နေရခက်တယ်။ ကိုယ်ဝန်ကြီးနဲ့မှ ရည်းစားစကား ပြောခံထားရတဲ့ ခံစားချက်ကြီးမျိုး ဖြစ်နေရတယ်။

My Sponsor (ကျွန်တော့်စပွန်ဆာ) Where stories live. Discover now