အပိုင်း(၃.၁)

121 4 0
                                    

[Unicode]

အပိုင်း - ၃ (တောင်းဆိုသော်လည်း မရနိုင်)

လတစ်ဝက်ခန့်ကြာပြီးနောက် အရင်ဟန့်လင်ပျန်းရှို့ဖြစ်သူ ရွှီရှစ်ရှန်သည် အကျဥ်းခန်းထဲတွင် ကြောက်စိတ်ဖြင့် ကိုယ့်ကိုယ်ကိုသတ်သေခဲ့ကြောင်း သာ့လီဘုရားကျောင်းမှ သတင်းပို့လာခဲ့သည်။ ၎င်းကြောင့် ဧကရာဇ်ကျောက်ယန်သည် အမျက်ထွက်ကာ သူ၏ အလောင်းကို မြို့ပြင်ရှိ အမှတ်အသားမရှိသောသင်္ချိုင်း၌ လွှင့်ပစ်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် အတိတ်မှ အံ့သြစရာကောင်းလောက်အောင် ထက်မြက်ပြီး ဥာဏ်ကောင်း သော လူငယ်လေးထန်ဟွားမှာ ဂုဏ်ကျက်သရေမှ ကျဆင်းသွားလေတော့သည်။

နောက်နှစ်ရက်အကြာတွင် ကျင်းကျိုးအုပ်ချုပ်ရေးမှူး သုထင်ကျုံး၏ ဆန့်ကျင်ရေးကဗျာကိစ္စအား တရားသူကြီးသုံးဦးပါ ခုံရုံးတင်စစ်ဆေးရာမှ ထွက်ပေါ်လာသော ရလဒ်များကို ရာဇဝတ်မှုဆိုင်ရာတရားရေးဝန်ကြီးဌာန၊ သာ့လီဘုရားကျောင်းနှင့် နန်းမြို့တော်စောင့်ကြပ်ရေးဌာနတို့မတိုင်ခင် အကျဥ်းထောင်သို့ ဦးစွာ တင်ပြခဲ့သည်။ လူသက်သေထွက်ဆိုမှုနှင့် သက်သေပစ္စည်းများအားလုံးမှာ ခိုင်လုံလှပေသည်။ သုထင်ကျုံးမှာ သေဒဏ်ချမှတ်ခံခဲ့ရပြီး သူ၏မိသားစုတစ်စုလုံး ပတ်သတ်ပါဝင်ခဲ့ရသည်။ စီရင်စုအုပ်ချုပ်‌ရေးမှူးဟောင်းသည် ကျင်းကျိုးဇာတိဖြစ်ပြီး မြို့တော်တွင် အဆက်အသွယ်အနည်းငယ်သာရှိပေသည်။ ထိုစီရင်မှုသည် သမုဒ္ဒရာထဲသို့ပစ်ချလိုက်သော ကျောက်ခဲတစ်လုံးကဲ့သို့ပင်။ တိတ်တဆိတ်သက်ပြင်းချမိသော လူအနည်းငယ်မှလွဲ၍ ဂယက်ရိုက်သွားခြင်းမျိုး မရှိချေ။

မြို့တော်၏ ဆင်ခြေဖုံး၊ ဖီးနစ်တောင်တန်း ကိုယ်ပိုင်ခြံဝန်းတွင်။

ဖီးနစ်တောင်တန်းသည် မြို့တော်၏ အနောက်ဘက်ဆင်ခြေဖုံးများတွင် နာမည်ကြီးသော တောင်တန်းဖြစ်သည်။ ၎င်းကို တည်ထောင်သူမိဖုရားအား ဤနေရာ၌ ဖွားမြင်ခဲ့ခြင်းကို အစွဲပြု၍ ခေါ်ဆိုခဲ့ကြခြင်းဖြစ်၏။ တောင်တန်းပေါ်တွင် ဂျင်ဂိုပင်များဖြင့် ပြည့်နှက်နေသည်။ ဆောင်းဦးနှောင်းပိုင်းရောက်သည့်အချိန်တိုင်း ရွှေဝါရောင်ရှုခင်းမှာ ရင်သက်ရှုမောဖွယ်ရာလှပပေသည်။ ထိုနေရာသည် မြို့တော်ရှိ ဂုဏ်သရေရှိသူများ ရှုခင်းများကြည့်ပြီး လာရောက်လည်ပတ်ရန်အတွက် ရေပန်းစားသော နေရာလည်းဖြစ်သည်။ တောင်ခြေမှ တောင်ထိပ်အထိ မြို့တော်၏ မြင့်မြတ်သူများ ပိုင်ဆိုင်သောကိုယ်ပိုင်အိမ်ခြံဝင်းများရှိပေသည်။ ကျုယွင်ကျင်၏ ခြံဝင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်၏။

နန်းမြို့တော်မှအကြင်နာသစ္စာ[BL]Where stories live. Discover now