အခန်း (၁)

1K 111 9
                                    

မတ်လနှောင်းပိုင်းထဲသို့ ချည်းကပ်လာပြီဖြစ်သော ၂၀၁၃ခုနှစ်။ မိုးဦးက စောစောကျသည်။ မြေသင်းနံ့ကိုရသည်။ မခံစားရတာကြာပြီဖြစ်သော အေးစက်စက်လေထုကို ပြန်လည်ထိတွေ့မိသည်။ အေးစက်သောထိုလေထုက စိတ်ကိုလည်း ကြည်လင်စေသည်။

“အခုမှပဲ ပြင်ဦးလွင်က တောင်ပေါ်မြို့နဲ့တူတော့တယ်။”

သူမ၏စားပွဲတွင်ထိုင်ရင်း တီးတိုးရေရွတ်နေစဉ် လူနာကုသသည့်အခန်းဘက်မှ သူနာပြုညီမကလေးထွက်လာသည်။ စောစောကလူနာအပြီး instrument များကို သန့်ရှင်းရေးလုပ်ပြီးပြီထင်၏။ သူမ ဖုန်းမှနာရီကို တစ်ချက်ကြည့်လိုက်သည်။ ည၇နာရီ ဆယ်မိနစ်။ ရွာနေသောမိုးကလည်း စဲလုပြီဖြစ်သည်။

“သက်သက် ပြန်တော့လေ နောက်ကျနေပြီ။”

လက်တွဲလုပ်လာခဲ့သမျှ သက်သက်က အဆင်အပြေဆုံးဟုပင်ဆိုရမည်။ လူနာများနှင့်လည်း အဆင်ပြေပြေဆက်ဆံတတ်သည်။ သူမလူနာကိုင်ချိန်တွင်လည်း ဖျက်လတ်စွာ ကူညီတတ်သည်။ ဘယ်အချိန် ဘယ်instrementလိုသည်ကိုလည်း သက်သက်က နောကြေသည်။

“ဟုတ်ကဲ့ အစ်မ။ မနက်ဖြန် မန္တလေးကdenture(အံကပ်)တွေရောက်မယ်ပြောတယ်။ အဲ့ဒါ denture patientတွေကို ဖုန်းဆက်အကြောင်းကြားထားတယ်။”

သက်သက်ကို ယုံကြည်ကိုးစားရသည်မှာ သူမ အပြောပိုခြင်းမဟုတ်။ သက်သက်က ထိုသို့အကွက်စေ့သည်။

“ဟုတ်ပါပြီ သက်သက်။ဂရုစိုက်ပြန်အုံး။”

သူမ၏အပြောကို သက်သက်က ဟုတ်ကဲ့ဟုဆိုပြီး သူ့ပစ္စည်းများကိုသိမ်းနေသည်။ ခနကြာ ဆိုင်ကယ်လေးမောင်းလျက် သက်သက် ဆေးခန်းရှေ့မှ ပျောက်ကွယ်သွားသည်။ သက်သက်ကို ညစဉ် ၇နာရီတွင် ပြန်လွှတ်ရသော်လည်း ဆေးခန်းကိုတော့ ၉နာရီထိုးမှ ပိတ်မြဲဖြစ်သည်။ register စာအုပ်ကိုယူ၍ မနက်ဖြန် follow up လာရမည့်လူနာ ရှိမရှိ စစ်ကြည့်မိသည်။ စောစောက သက်သက်ပြောတဲ့ denture နှစ်ဦး၊ လွန်ခဲ့သည့်၅ရက်က အံဆုံးခွဲစိတ်ထားရသောလူနာတစ်ဦး၊RCT ဒုတိယအပတ် ၃ဦး။ လူနာဟောင်း၆ဦးနှင့် အသစ်လာမည့်လူနာပေါင်းလိုက်လျှင် မနက်ဖြန်လည်း လက်လည်လိမ့်မည်မဟုတ်။ RCTလူနာများကိုပင် အချိန်တော်တော်ပေးယူရမည်။ လူနာများအကြောင်းတွေးနေခိုက် ခေါင်းထဲ ဖျတ်ခနဲသတိရမိသည်က ဆေးခန်းအတွက် stoneကုန်နေသည်။ သွားစိုက်မည့်လူနာများအတွက် moldယူပြီး ပုံလောင်းရန် လိုအပ်သည့်အမှုန့်တစ်မျိုးဖြစ်သည်။ မနက်က မှာလိုက်သောပစ္စည်းများထဲတွင်လည်း ရေးမပေးလိုက်မိ။ ထို့ကြောင့် အချိန်မီသေးသလားမသေချာသော်လည်း ဖုန်းခေါ်လိုက်သည်။

May Oo Moe (Completed)Where stories live. Discover now