အခန်း (၂၀)

267 8 4
                                    

" မင်းမျက်နှာက ဘာလို့မှုန်ကုတ်နေရတာလဲ "

နောက်ဆုံးခုံမှာ တစ်‌ယောက်ထဲထိုင်နေတဲ့ညီမင်းကို ခန့်ဇော်ကမေးရင်း ညီမင်းနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လေသည်။

" မင်းအပူဘာပါလို့တုန်း "

လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်လိုက်ရင်း ညီမင်းက ပြန်ဖြေ၏။ ခန့်ဇော်ကျေးဇူးနဲ့ သူလည်း သင်ခန်းစာတွေအကုန်လိုက်မှီပြီး အဆင့်တွေလည်းတက်လာတာမို့ ဆရာမတွေတောင် ချီးကျူးရသည်အထိ။ ရန်ဖြစ်တာလည်းရှားသွားသည်။ မုန့်စားကျောင်းဆင်းရင်လည်း အပေါ့အပါးသွားရုံသာထပြီး ကျန်တဲ့အချိန်တွေ စာပြီးရင်းစာ လုပ်နေတာကြောင့် ခန့်ဇော်ကပါ သူ့ကိုနားခိုင်းရသည်အထိ။

အရင်က ပေတေနေခဲ့သည့်ညီမင်းမှာ ယခုတော့ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုရှိလာသည်။ အဲ့ဒါကတော့ ခန့်ဇော်နဲ့အတူ တက္ကသိုလ်တက်ချင်တာပင်။ ဒီလိုဖြစ်ဖို့အတွက် သူ ကိုးတန်းကတည်းက စာကြိုးစားမှရမည်လေ။ ကိုးတန်းမှာ အမှတ်ကောင်းမှ ဆယ်တန်းတွင်လည်း ခန့်ဇော်နဲ့အခန်းတူတူနေရမှာဖြစ်ပြီး ဆယ်တန်းမှာထပ်ကြိုးစားရင်တော့ တက္ကသိုလ်တူတူတက်နိုင်လောက်သည်။

ကျောင်းစရိတ် ဘာညာအတွက်ကတော့ သူအချိန်ပိုင်းအလုပ်လုပ်တာဖြစ်ဖြစ်၊ ဂိုက်ပြတာဖြစ်ဖြစ် အဆင်ပြေလောက်သည်။ ထိုသို့သောအတွေးတွေကြောင့် ယခုကတည်းက ကိုးတန်းစာတွေကို ကျေညက်နေအောင် မှတ်သားနေခြင်း။ တခါတလေကျရင်လည်း သူ့အပေါင်းအဖော်တွေကိုပါ စာရှင်းပြတတ်သေးသည်။

ညီမင်းတို့တစ်အုပ်စုလုံး အဆင့်တွေတက်လာတာကြောင့် ဆရာမတွေပင် အံ့ဩရသည်အထိ။ ညီမင်းကတော့ သူ စာအသင်အပြကောင်းတဲ့အပေါ် ကျေနပ်‌နေမိသည်။ ဒီလိုသာဆို သူ ဂိုက်လုပ်တဲ့အခါမှာလည်း စာရှင်းပြတဲ့အချိန် အထောက်အကူဖြစ်ပြီမဟုတ်ပါလား ...

ဒါတွေကတော့ ဘယ်တော့မှထုတ်ဖော်ပြောပြမှာမဟုတ်တဲ့ ကျောင်းလူဆိုးလေးတစ်ယောက်ရဲ့ အနာဂတ်အစီအစဉ်ပင်ဖြစ်ပါ၏။

" မျက်မှောင်ကြီးကြုတ်မထားနဲ့ ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေထင်ကုန်မယ်လေ... ရော့ ဒါလေးစားလိုက် "

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Where stories live. Discover now