တဖြည်းဖြည်းကြမ်းလာတဲ့မိုးရေတွေကြား ကျမပါးပြင်ပေါ်ကမျက်ရည်တွေကိုတော့ဘယ်သူမှသတိပြုမိလောက်တော့မည်မထင်ပါ။

ကျမရှေ့က မြင်ကွင်းတွေသည်သဲကွဲစွာပင်မမြင်ရတော့သည်အထိ မိုးတွေကကြမ်းတမ်းစွာပင်ရွာသွန်းနေ၏။ ဒီနေရာကနေ ကျမထသွားလိုစိတ်လည်းမရှိပါ။ ဒီလောကကြီးထဲမှာ ဆက်ရှင်သန်လိုစိတ်လည်းမရှိတော့ပါ။

ကျမ မျက်လုံးထဲ ရယ်မောနေတဲ့မောင့်ရုပ်သွင်ဟာပြန်၍ပေါ်လာ၏။ အခုရော ရယ်မောပြီးကျမကိုကြည့်နေမလားမောင်။

ချစ်ရတဲ့မောင်.. ကျမကချစ်ရတဲ့မောင်..ကျမကိုချစ်တဲ့မောင်...ထိုကဲ့သို့သောကျမ၏မောင် လောကကြီးမှထွက်ခွာသွားရခြင်းအကြောင်းတရားသည် ကျမကြောင့်ဖြစ်နေခြင်းက အဘယ်မျှရက်စက်သောဇာတ်ညွှန်းပါလဲ။ ဘယ်လိုအပြစ်မျိုးကို ကျမကျူးလွန်ခဲ့ဖူးလို့ အခုလိုပြစ်ဒဏ်မျိုးကျမကိုချမှတ်ခြင်းခံရလေသလဲ။

ဒီပြစ်ဒဏ်ကိုခံယူပြီး ကျန်ရှိနေတဲ့ဘဝသက်တမ်းကို ကျမတစ်ယောက်ထဲဘယ်လိုဖြတ်သန်းရမလဲ။ အဲ့နေ့က ကျမသာစိတ်မဆိုးခဲ့ရင်..။ကျမသာ စက်မပိတ်ထားခဲ့ရင်..။ကျမသာ ဖုန်းကိုချမပစ်ခဲ့ရင်...။ကျမသာ...။ သူ့ကိုသေစေခဲ့သောအရာသည် ကျမသာ..။ကျမကြောင့်သာ..။

မွန်းကျပ်လွန်းလာတဲ့စိတ်၊အသက်ရှူဖို့ရာပင်ခက်ခဲလွန်းလာတာကြောင့် ကျမရဲ့အကျီကိုဆွဲဆုပ်ကာနေရ၏။ အသက်ကိုပြင်းစွာရှူကာ ခဏလောက်ငြိမ်နေခဲ့ပြီးမှ အနည်းငယ်သက်သာသွား၏။

ကျမရှေ့ရှိကားလမ်းမပေါ်တွင် ကားများသည်တစ်စီးပြီးတစ်စီးဖြတ်သန်းကာ သွားလာ၍နေ၏။ ကျမဘာလုပ်သင့်သလဲ။

မောင့်ကိုသေစေခဲ့သူဟာ ကျမဆိုလျှင် ကျမလည်းဒီလောကထဲဆက်နေဖို့ဘယ်ထိုက်တန်ပါ့မလဲ။ သေဆုံးသွားရခြင်းကမှ ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေနဲ့ရှင်သန်နေရခြင်းထက် ပိုလို့ကောင်းနေအုံးမယ်။

အဲ့အတွေး အဲ့ဆုံးဖြတ်ချက်နဲ့ကျမ ထရပ်လိုက်မိတယ်။ အားအင်ချည့်နဲ့တာရော၊ အချိန်အတော်ကြာမိုးရေထဲထိုင်နေခဲ့မိတာရောကြောင့် ကျမရဲ့ခြေထောက်တွေက တုန်ရီနေတယ်။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now